Breaking News

မင်းကိုနိုင် ● နွားကြီး...သေသွားပြီ

မင်းကိုနိုင် ● နွားကြီး...သေသွားပြီ
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၉

မြက်ပင်တွေတောင်၊ ခေါင်းမထောင်ခင် 
နေဝင်လေအေး၊ မိုးလေးညိုရုံ
ချည်တိုင်ကို လွမ်းတတ်တဲ့
နွားကြီး... သေသွားပြီ

သခင်မ မျက်နှာ
မမြင်ရ ရက်ကြာလို့
နာတာရှည် လွမ်းနေကြောင်း
ဖိနပ်ဟောင်း တရံလို
ဇာတ်ကြောင်း ပြန်ချင်တဲ့
နွားကြီး... သေသွားပြီ

“ချို (ဂျို) နဲ့သားရေ မကျန်စေနဲ့
ခုတ်ဟဲ့ထစ်ဟဲ့ အရက်ငှဲ့လေ”
ကေတီဗီ မာဆတ်တွေကြား
သက်သတ်လွတ်စားပြီး
စားမြုံ့ပြန်တတ်တဲ့
နွားကြီး... သေသွားပြီ

“အားနာပါတယ်..ရှင် ”
ဒီသံစဉ်ကြားဖို့အရေး
ထောင်ဂဏန်းတန် ကဒ်ပြေးဝယ်
ဆက်သွယ်မှုဧရိယာပြင်ပ
မကြာခဏရောက်ခဲ့တဲ့
နွားကြီး... သေသွားပြီ

အော်စကာဆုရ.. ဟာသသရုပ်ဆောင်
မင်းသားကြီး ရော်ဘင်ဝီလျံတောင်
သတ်သေတဲ့ လက္ခဏာနဲ့ သေသွားပြီဆိုတော့
ငါဘယ်လို ရှင်သန်ရပါ့
တွေးမရတော့တဲ့
နွားကြီး... သေသွားပြီ

ရှင်ရင် ခိုင်းစားကြမယ်
သေရင် အသားပေါ်စားဦးမှာ
ဒီအကြောင်းတွေကြောင့်
ငါနေမကောင်းဖြစ်ချင်တာဆိုတဲ့
နွားကြီး... သေသွားပြီ

နှစ်စဉ်နှစ်ဆန်းတရက်နေ့ဆို
သူတကာလို
ဘေးမဲလွှတ်ပေးနိုးနိုး
ငေးခဲ့ရတဲ့
နွားကြီး... သေသွားပြီ

အသပြာပုံလောင်းဆဲ
အညာ ကုန်ရောင်းပွဲနဲ့
အာရုံအပြောင်းအလဲတွေကြား
နောက်ဆုံးချိန်ထိ ထမ်းပိုးဖြုတ်မခံ
အဓိဌာန်ကျင့်ကြံခဲ့တဲ့
နွားကြီး...သေသွားပြီ။

ရှိလျက်နဲ့ မရှိသလို အနေဝေးရ
သိလျက်နဲ့ မသိသလို နေပေးသမျှ
“နွားကြီးပါကွာ”.. လို့ အထင်ခံခဲ့ရတဲ့
နွားကြီး...သေသွားပြီ

အနှီထို ကိစ္စတွေမှာ
သူ့ကိုယ်သူ ကျားကြီးထင်ခဲ့တဲ့
နွားကြီး...သေသွားပြီ

သြော်
ကောက်ရိုးပန်းချီကားကို
လူတွေ ခံစားပုံနဲ့
(ရိုးရိုးသားသား)
မတူခြားနားခဲ့တဲ့
နွားကြီ သေသွားပြီ...။....။

မင်းကိုနိုင်