Breaking News

သစ်ကောင်းအိမ် ● ဆည်းဆာ

သစ်ကောင်းအိမ် ● ဆည်းဆာ
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၉

ပြစ်မှုက
မွေးဖွားခြင်းနဲ့ ကလေးငယ်ဟာ
ဘယ်တော့မှ
ပြန်မဆုံနိုင်ကြတော့သလို

ပြစ်ဒဏ်က
ကမ္ဘာပတ်လမ်းကြောင်းထဲ
နေ့နဲ့ ညလို 
မီးအိမ်ကိုယ်စီဆွဲလို့
တယောက်ကိုယ်တယောက်
လိုက်ရှာနေခဲ့ရ

ညနေခင်းအစပ်မှာရပ်ရင်း
တယောက်နဲ့တယောက်
ငေးမောမင်သက်ရုံမျှ
လူနဲ့
လူ့ဘဝရဲ့အဓိပ္ပါယ်လို

တိုတောင်းလှတဲ့ဆောင်းညနေထဲ 
တိမ်တောက်သလိုရယ်မောရင်း
ငါ့မြစ်တဖက်ကမ်းဆီ
မိန်းမောဝေရီစွာ 
အိမ်ပြန်ငှက်တွေရဲ့နှုတ်ခမ်းနဲ့ 
မင်းခေါင်းမော့ရှိုက်နမ်းတုန်း

မင်းကျောပြင်မှာ
အနက်ရောင်ရေတံခွန်တစင်း
အဆုံးမဲ့စီးဆင်းနေတာ
ငါမြင်ခဲ့တယ်


၂၂ ဇူလိုင်၊ ၂၀၁၇။