ကမ်လူဝေး ● သုခမဲ့နိုင်ငံသား
ကမ်လူဝေး ● သုခမဲ့နိုင်ငံသား
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၉
ညာဘက်ပါးကို ခုနှစ်ချက်
ဘယ်ဘက်ပါးကို နှစ်ချက် ရိုက်တယ်
ကြေနပ်ပြီလား မေးမိ
ပါးစပ်ထဲက ဂုဏ်သိက္ခာနှစ်ချောင်း ကျွတ်ထွက်သွားတယ်။
အသက်ရှင်ဖို့ ယူမိတဲ့ အရှုပ်ထုပ်တွေက
သေဖို့ ယူလိုက်ရတဲ့ အရှုပ်ထုပ်တွေ။
ပျော်ရွှင်ခြင်းတံခါး တခုက ပိတ်သွားရင်
နောက်တံခါးတခုက ပွင့်လာမှာတဲ့
ငါတို့က ပိတ်သွားတဲ့ တံခါးရှေ့မှာပဲ
ပိတ်မိနေတော့ ခက်တယ်။
နောက်အနှစ်နှစ်ဆယ်ကြာခဲ့ရင်
အခုထက် ပိုစိတ်ပျက်ရဦးမယ်
အခု ငါလုပ်မိနေတာတွေနဲ့
အခု ငါမလုပ်ရဲတာတွေအတွက်။
ဘာတတ်နိုင်မှာလဲ
သူများရိုက်သမျှ
ပါးကြီးကိုပဲ ထိုး ထိုးပေးနေရ။
လူတွေကို ပြုံးပြပါ
အပြုံးက ချစ်ခြင်းမေတ္တာရဲ့ အစပဲဆိုလို့
အရှက်မရှိ ပြုံးပြမိနေပါတယ်။
မပျော်မရွင် ပြုံးနေတဲ့ အပြုံးက
ဘဝတခုစာ အသက်ရှင်ဖို့
လုံလောက်ခဲ့ပြီ ထင်ပါတယ်။
ကမ်လူဝေး