Breaking News

မောင်လူရေး - ကလေးသူငယ်များအပေါ် လိင်မဖွယ်မရာမှုမှသည် အမြုံလူ့အဖွဲ့အစည်းတခုဆီသို့


မောင်လူရေး - ကလေးသူငယ်များအပေါ် လိင်မဖွယ်မရာမှုမှသည် အမြုံလူ့အဖွဲ့အစည်းတခုဆီသို့

(မိုုုုုးမခ) ဇူူူူူူူလိုင်၅၊ ၂၀၁၉

သက်ငယ်မုဒိမ်းသည် သင့်အိမ်ထဲကပင် အစပြုနိုင်သည်ဟုဆိုရင် သင်ဘယ်လို သဘောထားမည်နည်း။

ကလေးတွေနှင့် ထိတွေ့ဖန်များလာပြီး သာမန်ဖက်ပွေ့ကိုင်တွယ်မှုကနေ လိင်စိတ်ပေါ်လာ၊ အဲဒီစိတ်နှင့် ဖက်ပွေ့ကိုင်တွယ်ပွတ်သပ်မှုဘက်ပြောင်းလာသည့် စိတ်အခြေအနေတရပ်ရှိသည်။ ယင်းစိတ်အခြေအနေသည် သာမန်အားဖြင့် လူတိုင်းတွင် ရှိနိုင်၊ အချိန်မရွေး ဖြစ်ပေါ်နိုင်သည့်အတွက် သက်ငယ်မုဒိမ်းသည် သင့်အိမ်ထဲ သို့မဟုတ် သင့်အိမ်နားကပင် အစပြုနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

ကလေးကို ကလေးလို့ မမြင်ဘဲ လိင်သတ္တဝါအဖြစ်မြင်လာသည့် ယင်းစိတ်အခြေအနေဆိုးသည် ကလေးတွေမှာလဲ လိင်သာယာမှု ရှိကောင်းရှိလိမ့်မည်ဟု အထင်ရောက်ပြီး ကလေးငယ် များကို လိင်စိတ်စမ်းသပ်တာမျိုးအနေနှင့် လိင်မဖွယ်မရာမှု ပြုကြတာတွေလဲ ရှိသည်။

ဒါမျိုးတွေကို များသောအားဖြင့် ကလေးချစ်တတ်သူတွေ၊ ကလေးကို မြူဆွယ်တတ်သူတွေ၊ ကလေးချစ် တတ်သူလို့ အများအမြင်မှာ အထင်ရောက်နေပြီးသားလူတွေက လုပ်ကြခြင်းဖြစ်သည်။ ယင်းတို့က ကလေး တွေကို အနွံတာခံနိုင်ပြီး ကလေးအကြိုက်သိကြသည်။

ကလေးများသည် ကောင်းမွန်မှန်ကန်သည့် အထိအတွေ့မဟုတ်မှန်း၊ လိင်စိတ်၊ မူမမှန်စိတ်နှင့် ထိတွေ့ကိုင် တွယ်မှန်း လေးနှစ် ငါးနှစ်အရွယ်ကလေးများပင် သိကြသည်တဲ့။ သိသော်လည်း ဘာမှ မတုန့်ပြန်နိုင်ကြသည်က များပါသည်။ ယင်းအခါတွင် ကလေး၏ စိတ် သည် မိုးမှောင်ထဲမှာ တယောက်ထဲရှိနေသလိုမျိုး အလွန် အားငယ်တုန်လှုပ် ကြောက်ရွံ့မှုကို အလွန်ထိခိုက်နာကျင်စွာ ခံစားရသည်။

အဲဒီလို သမားရိုးကျမဟုတ်သည့် ကလေး ချစ်ကြောင်းပြတာမျိုးတွေ၊ လိင်စိတ်နွယ်သည့် ထိတွေ့ကိုင်တွယ်မှုမျိုးတွေကို တခြားသူတွေမရှိမှ အပြုလုပ်ခံရသည့်အတွက် ဒါဟာ မူမမှန်ဘူးဆိုတာကို ကလေးတွေက ပိုပြီး သိနားလည်ကြပြီး အဲဒီလို ကူကယ်ရာမဲ့သည့်အချိန်မှာမှ ကြုံရသည့် အခြေအနေဆိုးဖြစ်သည့်အတွက်လည်း ကလေးဟာ ပိုပြီး ချောက်ခြားတုန်လှုပ်ရပြန်သည်။ ထို့ပြင် အဲလိုပြုမူ သည့် လူများသည် အိမ်ကို အချိန်မရွေး ဝင်ထွက်လို့ ရသူတွေ၊ ကလေးကို စိတ်ချ လက်ချ ကိုင်တွယ်ချီပိုး ခွင့် ဟိုဟို ဒီဒီ ခေါ်သွားခွင့်ရသူတွေ၊ ကလေးအုပ်ထိန်းသူတွေ၊ ကလေး၏ဆရာတွေချည်းဖြစ်နေသည့် အတွက် ချောက်ချားရုံမက ဘာမှ ကိုးကွယ်အားထားရာမရှိဆိုသည့် စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုပါ ဖြစ်ရသည်။

 ပြီးတော့ ကလေးသည် ယင်းအဖြစ်အပျက်ဆိုးများကို ထုတ်ပြောဖို့ တုန့်ပြန်ဖို့ အသိဉာဏ်အရရော အခြေအနေအရပါ အလွန်ခက်ခဲနေပြန်သေးရာ ရှုပ်ထွေးနောက်ကျိပြီး အရှူံးပေးစိတ်၊ မျှော်လင့်ချက်မဲ့စိတ်ပါ တဆက်တည်း ခံစားရနိုင်သည်။

ကလေးသဘာဝက တယောက်ထဲ မနေတတ်၊ တယောက်ထဲ နေတတ်တဲ့အရွယ်လည်း မဟုတ်တော့ လူအများနှင့် ထိတွေ့ပြောဆို ဆက်ဆံနေရတာကို ပျော်ပိုက်သည်။ ကိုယ့်ထက်ကြီးသူတွေကို အားပြုရ သည်။ ဤသည်ပင်လျှင် ကလေးငယ်များ၏ ရှင်သန်ခြင်းနှင့် သင်ယူခြင်းဖြစ်သည်။ ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခံရတာတွေ ကြုံပါများလာတော့ လူတွေကို ရှောင်ရတော့သည်။ တဖြည်းဖြည်းနှင့် ကလေးဟာ စကားလုံးတွေပါ မြုုံ သွားတော့သည်။ ကလေးတွေဟာ ဆော့ရင်း ကစားရင်း စကားလုံးတွေကြွယ်ဝ အပြော အဆိုတွေ ရတာမဟုတ်လား။ တယောက်ထဲ နေပါများတော့ သင်ယူခွင့်ပျောက်ဆုံးသည့်အပြင် ကြောက်ရွံ့အားငယ်စိတ်လဲ ပိုမိုဖြစ်လာသည်။

မိန်းခလေးတယောက်အနေနှင့် ငယ်ငယ်လေးကထဲက ယောက်ျားသားကြီးများ၏ လိင်ပိုင်းဆိုင်ရာ မဟုတ် တယုတ် ပြုမှုမှုတွေကြောင့် ယောက်ျားတွေနှင့် ရင်ဘောင်တန်းခွင့် စတင်ပျောက်ဆုံးရသလို တပြိုင်နက် တည်းမှာ ယောက်ျားတွေကို ယှဉ်ပြိုင်ပြောဆိုနိုင်စွမ်းလဲ မဲ့လာရသည်။ ယောက်ျားတွေကို ကြောက်ရွံ့လာရ သည်။

 လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများသည် အမျိုးသားတွေကို အလိုလို ရှေ့တန်းတင်ရတာ၊ နေရာ ပေးရတာ၊ ယောက်ျားတွေ၏နောက်မှာ နေရတာတွေဟာ အဲဒီ ငယ်ရွယ်စဉ်တွေ့ကြုံခံစားခဲ့ရသည့် အဖြစ်အပျက်ဆိုးများက ပုံစံချလိုက်သည်ဟု ဆိုရနိုင် သည်။

ငယ်ငယ်ကထဲက ယောက်ျားများ၏ လိင်အပြုခံဖြစ်ခဲ့ရသည့်အလျောက် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုခံရခြင်းကနေ မြစ်ဖျားခံလာသည့် သိမ်ငယ်စိတ်ဖြစ်သည့် အတွက် ကျားမ ခွဲခြားမှုကို ကိုယ့်ဘာသာ အလိုက်သင့် အလိုလို လုပ်လိုက်မိသလိုမျိုးလည်း ဖြစ်သွားရပြန်သည်။

 နောက်တခုက ရှက်စရာမဟုတ်တာကို အရှက်ဆိုပြီး လွဲမှား လက်ခံထားရသည့်အတွက် မဖွယ်မရာပြုခံရတာကို ကျားနှင့် မ ပေါ်ပေါ် တင်တင် တုံ့ပြန်ပြောရမှာ မျိုးဖြစ်ပါလျက် မအချင်းချင်းမှာပင် တိုးတိုးပြောရသည့် အကြောင်းအရာအဖြစ် နိမ့်ပါးသွားရသည်။

ယင်းတို့၏ရလာဒ်က တခုခုရဖို့ ဖြစ်မြောက်ဖို့ ကိုယ့်ဘာသာ ကြံဆောင်ပြောဆို လုပ်ကိုင်ရယူရမှာထက် အသံတိတ် ဆုတောင်းယူရသည့် အခြေအနေဘက်ရောက်သွားသည်ကိုလည်း တွေ့ရပြန်သည်။ လွဲမှားသည့်အားကိုး မှု ယုံကြည်မှုဘက်မှာ စိတ်ဖြေရာရပြီး အဲဒီလိုဘဝမှာဘဲ ကျေနပ်ပျော်ပိုက်သွားရတာမျိုးထိ ရောက်သွားကြ ရသည်။ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုသည် အမြုံလူ့အဖွဲ့အစည်းတရပ်ကို ပုံသွန်း နေသည်ဟုပင် ဆိုနိုင်ပါသည်။

ကလေးဘဝမှာ ကိုယ့်အိမ်ထဲမှာတင် လိင်စိတ်နှင့် ဖက်ခံရ၊ နမ်းခံရ၊ အင်္ဂါကို အစမ်းခံရ၊ ပွေ့ချီပြီး အင်္ဂါကို ထိတို့ခံရ၊ သူငယ်ချင်းအိမ်လိုက်သွားလို့ သူငယ်ချင်း၏ အကို အဖေတွေက မဖွယ်မရာပြုခံရ၊ အကြီးတွေ အိမ်နီးနားချင်းတွေ ဆွေမျိုးတွေနှင့် ပွဲလမ်းသဘင်လိုက်သွားသည့်အခါ အပြင်လိုက်သွားသည့်အခါ မတော် တရော်ပြုခံရတာတွေသည် တကယ်တော့ ကလေးများ၏ စိတ်နှင့် မဆန့်သည့် ကြောက်ရွံ့တုန်လှုပ်မှုကြီး ပင်။ ဒီလူ့ငရဲကို ငယ်ရွယ်စဉ်က ကြုံတွေ့ရသည့်အတွက် သူတို့စိတ်သည် ငယ်ရွယ်စဉ်ကထဲကပင် ကစဥ့် ကလျား ပြိုကွဲပြီး စိတ်အမာရွတ်များနှင့် ဘယ်သူ့ကိုမှ ဘာကိုမှ မယုံကြည်စိတ်တွေ ခိုင်မာသွားနိုင်သည်။ သံသယသည် လူ့အစွမ်းအစနှင့် ပေါင်းသင်းဆက်ဆံမှုကို ဖျက်ဆီးတတ်သည့်စိတ်ဖြစ်ရာ သံသယနှင့် ကြီးပြင်းလာရသည့် ကလေးငယ်တယောက်အဖို့ ဘယ်ပန်းတိုင်ကိုမှ ရောက်အောင် လှမ်းနိုင်မည်မဟုတ် သလို ပန်းတိုင်တောင် ရှိမှန်းမသိဖြစ်သွားနိုင်သည်။ ထို့ပြင် သံသယသည် စိတ်ကူးဆိုးများ၊ အပြုအမူဆိုး များနှင့်လည်း နေသားကျစေသည်။

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်မှုသည် မိန်းခလေးငယ်လေးတွေသာမက ယောက်ျားလေးငယ်တွေမှာလဲ ကြုံရပါသည်။ ကျောင်းအိပ်ကျောင်းစားနေသည့်ကလေးများ ပိုကြုံရသည်။ ဘာသာရေးကျောင်း၊ ဘော်ဒါ ဆောင်၊ ကိုယ်ပိုင်ကျောင်း၊ အထူးသဖြင့်တော့ လမ်းပေါ်နေ ကလေးတွေ၊ သူတို့ကတော့ အချင်းချင်း အကြီး က အငယ်ကို ပြုကျင့်ကြသည်။

နောက် မိန်းခလေးဆန်ချင်သည့်ကလေးတွေ၊ သူတို့တွေကတော့ သာမန် ကိုင်တွယ်ခံရတာမျိုးတင်မဟုတ်ဘဲ ငယ်စဉ်ကထဲက စအိုတွင် ထိုးသွင်းဆက်ဆံခံရတာမျိုးထိ ကြံုကြရ သည်။ မိန်းခလေးဆန်ချင်သည့်ကလေးတွေဆိုလျင် ငယ်ရွယ်စဉ်မှာကထဲက ဆွေမျိုးတွေ အိမ်နီးချင်းတွေ သူငယ်ချင်းတွေ၏ လိင်ပိုင်းဆိုင်ရာမဖွယ်မရာ အပြုခံရဆုံးသူများ ဖြစ်ကြသည်။ သူတို့ကျ အဲလို ပြုရင် သူတို့ကြိုက်မည်လို့ ထင်တာရော၊ ယောက်ျားလေးသာဖြစ်သည့်အတွက် စသလို နောက်သလိုနှင့် တရား ဝင်ပြုခွင့်ရနေသလိုဖြစ်နေတာရော ပါပါသည်။ သူတို့ကတော့ လူရှေ့သူ့ရှေ့မှာကို အပြုခံရခြင်းဖြစ်သည်။ ယောက်ျားလေးကျောင်းတွေမှာ ရုပ်ချောချော နွဲ့နွဲ့လေးတွေဆိုလျင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အပြုခံရ ဆုံးတွေ ဖြစ်ကြပါသည်။ မိန်းခလေးမဆန်ပေမဲ့လည်း ရုပ်ရည်ချောမောသည့်အတွက် ကျန်သူများက မိန်းခ လေးလို့ သဘောထားပြီး ပိုးပန်းကြ၊ ထိတွေ့ကိုယ်တွယ်ကြ၊ နမ်းရှုံ့ကြ၊ တဖြည်းဖြည်းနှင့် လိင်ဆက်ဆံကြ တာတွေထိ ရှိကြသည်။ ယင်းယောက်ျားကလေးများသည် တဖြည်းဖြည်းနှင့် လိင်စိတ်နိုးဆွခံ၊ လိင်ပုံသွင်းခံရင်း လိင်သတ္တဝါသက်သက်၊ ကိုယ်တိုင်လိင်မုဆိုး ဖြစ်သွားရတာတွေပင်ရှိသည်။

ဒီလိုမျိုး လိင်မဖွယ်မရာမှုတွေကြုံသည့်အခါ ကလေးများအနေနှင့် ထုတ်ပြောမည်ဆိုလျှင် နှုတ်ဖျားတင်ဘဲ ပျောက်ကွယ်သွားကြတာများသည်။ တခွန်းနှစ်ခွန်းပြောထွက်လာရင်ဘဲ ကျူးလွန်သူ၏အဆင့်အတန်းနှင့် အပြင်ပန်းအသွင်အရ ကလေးစကားကို လက်ခံပေး ကူညီပေးသည့် အဆင့်မရောက်၊ ပယ်ချခံရသည်က များပါသည်။ ကလေးကို အရာမသွင်းတာရော တဖက်လူကြီးကို ယုံကြည်လေးစားတာရောက ကလေးတွေ ၏အသံကို လွင့်ပျောက်သွားစေခြင်းဖြစ်သည်။ အဲလို ကလေးတွေအသံကို နားမထောင်လို့၊ အသံထွက်ခွင့် မပေးလို့ လိင်မဖွယ်မရာမှုတွေ ပြုခွင့်သာနေတာကိုလည်း လူအများစုက သတိမထားမိကြပါ။ အဲဒီမသိမှုကို မှောင်ရိပ်ခိုပြီး ကလေးတွေကို မုဒိမ်းကျင့်တဲ့အထိ တဆင့်တက်လာခြင်းဖြစ်သည်။ မုဒိမ်းမှုများကို လေ့လာ ကြည့်လျှင် အကိုတွေ ဖခင်တွေက ပြုကျင့်သည့်အထိတောင် ဖြစ်လာရာ အဲဒီအခြေအနေတွေက တခါ တလေ အမေတွေ အမတွေ အိမ်နီးချင်းတွေကိုတောင် ပြောပြလို့ မရသည်အထိ အခွင့်သာသွားပါသည်။
အဲလိုမျိုးတွေ ကြုံခဲ့ရသည့်ကလေးငယ်များအဖို့ စိတ်ထားကောင်းသည့် ရဲတင်းသည့် ပွင့်လင်းသည့် ကြည် လင်သည့် ရွှင်ပျသည့် စိတ်ကူးဉာဏ်ကြီးသည့် သန်စွမ်းသည့် တက်ကြွသည့်ကလေးများဖြစ်ဖို့ သိပ်ခဲယဉ်း သွားပါသည်။

တကယ်တော့ ကလေးများက သူတို့ကို ချစ်သည့်သူနှင့် မတော်တရော်လုပ်မည့်သူ ကွဲပါသည်။ ထုတ်ပြောဖို့ သာ လိုပါသည်။ ထုတ်ပြောခွင့်ရဖို့သာ လိုပါသည်။ ထုတ်ပြောခွင့်သာအောင် ဖန်တည်းပေးဖို့ လိုပါသည်။ နှုတ်ဆိတ်မှု ကြောက်ရွံ့မှုဒဏ်ကို ကလေးတွေ ဆက်မခံရစေသင့်တော့။ ကလေးတွေ သိတာကို ပြောခွင့် ပေးပါ။ နားထောင်ပါ။ ပြောခွင့်သာမှသာ လိင်မဖွယ်မရာမှုတွေက လျော့ပါးပျောက်ကွယ်ပါမည်။

လိင်ပိုင်း ဆိုင်ရာအကြောင်းဆိုရင် ညစ်ညမ်းသည်၊ တခြားသူတွေကို ထုတ်မပြောသင့်ဘူးဆိုတာတွေကလည်း နှုတ် ဆိတ်မှုကို ပိုဖြစ်စေပါသည်။ ရန်ဖြစ်သည့်အခါ စကားများသည့်အခါ မကျေနပ်သည့်အခါတွေမှာ ဒေါသနှင့် အယုတ္တအနတ္တအကုန်ထုတ် ရပ်ကျော်ရွာကျော် အော်ဟစ် ဆဲခွင့် ပြောခွင့် တိုင်းခွင့်ရှိပြီး အသိဉာဏ်နှင့် အကးသင့် အကြောင်းသင့် တိုးတိုးသာသာ ပြောမည်ဆိုမှသာ မပြောကောင်းသလို ဖြစ်နေတာကလဲ လူ့အဖွဲ့အစည်း၏ လွဲမှားသည့် စရိုက်လက္ခဏာ ဖြစ်နေပြန်သေးသည်။

 ဒါ့ပြင် ဒီလိုအဖြစ်ပျက်တွေ ပြုမှုခံရတာတွေကို ပြောပြလို့ အများသိသွားရင် နာမည်ပျက်မယ်၊ အရှက်ရမယ်လို့ ထင်တာဟာလဲ အတော်ဆိုးပါသည်။ အမှန်က ပြုမူသည့်သူက နာမည်ပျက် အရှက်ရရမယ့်ဟာ။ လူ့အဖွဲ့အစည်းက ဝိုင်းကြဉ်ဒဏ်ခတ်ရမှာက ကျူးလွန်သူသာလျှင် ဖြစ်သည်။

သက်ငယ်မုဒိမ်းဖြစ်လာရခြင်းသည် ဒီလိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုကနေ မြစ်ဖျားခံလာသည်။ ကလေး သူငယ်များအပေါ်လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပင်လယ်ပြင်က လှိုင်းတွေလို ဖွေးဖွေးလှုပ် မြင်မနေရပေမဲ့ မြစ်အောက်က ရေစီးလို အားကောင်းကောင်းနှင့် စီးဆင်းနေပါ သည်။
ကလေးငယ်တထောင်မှာ တယောက်မုဒိမ်းကျင့် မခံရနိုင်ပေမဲ့ ကလေးတရာလောက်ကတော့ လိမ်ပိုင်း ဆိုင်ရာ မဖွယ်မရာပြုခံနေရသည်။

တကယ်တော့ သက်ငယ်မုဒိမ်းသည် ရေပေါ်မှာ မြင်နေရသည့် ရေခဲတုံး၏ အပိုင်းသာဖြစ်သည်။ လိင်ပိုင်း ဆိုင်ရာမဖွယ်မရာပြုကျင့်မှုကတော့ ရေအောက်မှာ ရှိနေသည့် ရေခဲတုံး၏ အပိုင်းဖြစ်လေသည်တကား။

မောင်လူရေး