ဖလော်ဒါဟန် - အပျော်နဲ့ ငွေကြေးသည် ယဉ်ကျေးမှုစံနှုန်းကို လွှမ်းမိုးလာခြင်း
ဖလော်ဒါဟန် - အပျော်နဲ့ ငွေကြေးသည် ယဉ်ကျေးမှုစံနှုန်းကို လွှမ်းမိုးလာခြင်း
မိုးမခ ၊ နိုဝင်ဘာ ၂၆ ၊ ၂၀၂၆
ထိုင်းနိုင်ငံရဲ့ တော်ဝင်ရိုးရာ အမျိုးသားဝတ်စုံကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတင်သွင်းမှုကို လက်ခံလိုက်ပါတယ်ဆိုတဲ့ သတင်းကို ဖတ်ရပါတယ်။
ထိုင်းနိုင်ငံရဲ့ မိဘုရားကြီး သီရိခေတ်၏ ထိုင်းတော်ဝင်ဝတ်စုံ (အဝတ်အထည်ပြတိုက်မှ) တော်ဝင်ရိုးရာ ကျားဝတ်စုံလေးပါ။
အကြောင်းအရာများစွာမှ ချပြစရာ ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိပါလျက် အမွေအနှစ်နဲ့ ပတ်သက်ရင် ငါတို့နိုင်ငံက ဘာလို့ နောက်ကောက်ကျ ကျန်နေခဲ့တာလဲ ဆိုသည့်အမေးသည် အဖြေရှိပါလျက် အဖြေမပေးကြသည်မှာ ရှက်စရာလို့ မြင်မိပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် နယ်မြေချင်း ထိစပ်နေသည့် နိုင်ငံများမှာ အမွေအနှစ်များနဲ့ ပတ်သက်ရင် အတိုင်းအတာတစ်ခုအထိ မှတ်တမ်းတင်ပြုစုနိုင်ကြပါတယ်။ လုပ်သလောက်လည်း အကျိုးခံစားခွင့် ရကြတယ်။ ဒီအချက်တွေကို ပြန်ကြည့်ရင် နိုင်ငံသားတိုင်း အမွေအနှစ်တန်ဖိုးကို မသိခြင်းသည်လည်း အားနည်းချက်ပါ။ အမွေအနှစ်ပတ်သက်လို့ ပညာပေးကဏ္ဍဆိုသည်မှာလည်း မရှိသလောက်ပါ။ ယနေ့အချိန်မှာဆို ပိုလို့ဆိုးပါတယ်။
အခု ကျွန်မ ပြထားတဲ့ အမျိုးသမီးဝတ် လုံချည်သည် ကျီတော်ဝန်ကတော်ရဲ့ လုံချည်လေးပါ။ လုံချည်လေးက သာမန်ကြည့်ရင်တော့ မထူးခြားပေမဲ့ သေသေချာချာ ကြည့်မယ်ဆိုရင် စပါးနှံလေးတွေ ပါပါတယ်။ အရောင်အဆင်းကစလို့ ဒီဇိုင်းလေးကလည်း တကယ်ကို လှပကျော့ရှင်းလှပါတယ်။
ဤလုံချည်လေးသည် ကျီတော်ဝန်ကတော်ရဲ့ လုံချည်ပါ။
ကျွန်မအနေနဲ့ ကျီဝန်ကတော်၏ လုံချည်သည် မည်သို့သော အနုလက်ရာဖြစ်သည်ကိုတော့ မှတ်တမ်းမတင်နိုင်သည့် အနေအထားပါ။ သို့ပေမဲ့ စပါးနှံတွေနဲ့ ကနုတ်ဒီဇိုင်းအမျိုးစုံက သိပ်ကို လှပခန့်ငြားတာတော့ အမှန်ပါ။
နောက်ဝတ်စုံလေးကတော့ ဇာတ်မင်းသားကြီးတစ်ဦးရဲ့ ချိတ်ပုဆိုးပါ။ အလွန်အင်မတန်မှ လက်ရာကောင်းမွန်သလို မြန်မာတို့၏ အမွေအနှစ်များစွာမှ ဇာတ်မင်းသားများ ဝတ်လေ့ရှိသည့် အချိုးအစားမို့ စံနမူနာပြုနိုင်သော အမွေအနှစ်ပါ။
ကျွန်မသည် ယခင်အချိန်များမှ မိမိကျင်လည်ခဲ့ရသည့် အမွေအနှစ်များနှင့် ပတ်သက်ပြီး ရေငုံနှုတ်ပိတ် နေရလောက်သည်အထိ မိမိရဲ့ အသိတရားကို ပိတ်လှောင်မထားတတ်သူပါ။ မိမိကိုယ်မိမိ လိပ်ပြာလည်း မလုံပါ။ မိမိသိသည်များကို မျိုသိပ်ထားရခြင်းကိုလည်း မနှစ်မြို့ပါ။ သို့အတွက်ကြောင့် အများသူငှာသာမက ကျောင်းသားကျောင်းသူများကိုပါ သိစေလို့ငှာ မျှဝေခြင်းပါ။
အမွေအနှစ်ဆိုသည်မှာကလည်း လူတစ်ဦးတစ်ယောက်၊ အစုအဖွဲ့တစ်ခု၊ ဌာနတစ်ခုတည်းအတွက် သိရှိထားရမည့် အနေအထားမျိုး မဟုတ်ပါ။ ပြည်သူသည် မိမိတို့ ကျင်လည်ရသည့် ဝန်းကျင်သည်သာ အကျွမ်းတဝင်ရှိကြမှာပါ။ ယဉ်ကျေးမှုအမွေအနှစ် ဆိုတဲ့ အကြောင်းအရာများမှာတော့ အများအားဖြင့် အတော်ကို အလှမ်းဝေးကြပါတယ်။
ငါတို့ရဲ့ ယဉ်ကျေးမှုတွေ ငါတို့ပဲ ပိုင်သည်ဆိုတဲ့ အသိစိတ်လောက်နဲ့တော့ အမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လို့ မရပါဘူး။
နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း မပြုခြင်းထက် မိမိတို့ကိုယ်တိုင်မှ အရင်ဆုံး အမွေအနှစ်ကို ချစ်တတ်ဖို့၊ ထိန်းသိမ်းကာကွယ်တတ်ဖို့၊ နောက်တဆင့်အနေနဲ့ လက်ဆင့်ကမ်းပေးနိုင်ဖို့အထိ ကြိုးစားကြရမှာပါ။
အမွေအနှစ် ဆိုတာကို ဝေးဝေးသွား၍ ကြည့်နေစရာ မလိုပါ။ လူတယောက်ချင်းဆီမှာ ရှိနေတဲ့ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဓလေ့၊ ဝတ်စားဆင်ယင်မှု၊ ဘာသာစကား စတာတွေကလည်း ကျွန်မတို့ရဲ့ အမွေအနှစ်တွေပါ။
ဒီအမွေအနှစ်ကို ကျွန်မတို့ ဘိုးဘွားတွေက လက်ဆင့်ကမ်းအမွေအဖြစ် ပေးခဲ့လို့ ဒီနေ့အချိန်အထိ မိမိတို့မှာ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာ ဖြစ်တည်နေတာပါ။
အထက်အချက်တွေကို ကျွန်မတို့ ပြည်သူတွေက လိုက်နာမယ်၊ ပညာပေးကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ကြမယ်ဆိုရင် မိမိတို့ပိုင်သည့် ယဉ်ကျေးမှုကို မည်သူကမှ လုယူလို့ မရပါဘူး။
မိမိတို့ ယဉ်ကျေးမှုကို မိမိတို့က တန်ဖိုးထားပါ။ အပျော်သဘောနဲ့ပဲ ဖြစ်စေ၊ ငွေကြေးနဲ့ပဲ ဖြစ်စေ အမွေအနှစ်ရဲ့ တန်ဖိုးတွေ၊ စံနှုန်းတွေ မဖျက်ဆီးကြဖို့တော့ လိုပါလိမ့်မယ်။
အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့်လည်း မိမိနိုင်ငံ အမျိုးသားရေးကို မြှင့်တင်နိုင်သလို လက်ဆင့်ကမ်းအမွေအဖြစ် အမွေအနှစ်ကို သင်ယူခြင်းကလည်း နောင်နှစ်ပေါင်းများစွာ အမွေအနှစ်များရဲ့ သက်တမ်းကို မွေးဖွားပေးလို့ ရပါတယ်ဆိုသည်ကို ကျွန်မ သိသလောက်လေး မျှဝေလိုက်ရပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
