Breaking News

ခင်မျိုးချစ် - ဧရိပ်သာ (၂)


ခင်မျိုးချစ် - ဧရိပ်သာ (၂)

(အတွေးအမြင်၊ ဇူူူူူူူူလိုင်၊ ၂၀၁၉)
(မိုးမခ) ဇူူူူူူလိုင်၊ ၂၀၁၉

1960 Guardian Magazine တွင် ပါဝင်ခဲ့သော ဒေါ်ခင်မျိုးချစ်၏ Aye Yeik Tha ဆောင်းပါးများကို ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)က ဘာသာပြန်သည်။ အင်္ဂလိပ်ဘာသာ ဆောင်းပါးများ၏ အချို့အပိုင်းများမှာ ထင်လင်း၏ မြန်မာဘာသာဖြင့် ရေးသော ဆောင်းပါးများကို ဒေါ်ခင်မျိုးချစ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။

ဆရာကြီး ဦးခင်မောင်လတ်က ကျွန်တော် (မောင်ထင်လင်း)ကို ဧရိပ်သာသို့ ကျွန်တော့်မိသားစုနှင့်အတူ အရင် ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်သည့်အခါ ထိုအမိန့်အတိုင်း ဆောင်ရွက်ရပါတော့သည်။ ကျွန်ုပ်၏ ပစ္စည်းများကို လက်ဖက်ရည်ဆိုင်မှာ ငှားသော တွန်းလှည်းပေါ်တင်၍ ရွှေ့ရပါသည်/ ထိုတွန်းလှည်း၏ အမည်ကို မေဖလားဝါး (Mayflower) ဟု အမည်ပေးလိုက်ပါသည်။ မေဖလားဝါးသည် နယ်မြေသစ် ရှာဖွေသူ ဘုရားဖူးများကို အင်္ဂလန်ကမ်းခြေမှ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်၍ ကမ္ဘာသစ် (New World) ဟု အမည်တွင်သော အမေရိကန်တိုက် ကမ်းခြေသို့ သယ်သော သင်္ဘော၏အမည် ဖြစ်သည်။ ကျွန်တော် ဧရိပ်သာသို့ သယ်ယူခဲ့သော အရာများမှာ- အိပ်ရာလိပ် တလိပ်၊ သေတ္တာတလုံး၊ အထုပ် တထုပ်၊ ဇနီးတယောက်၊ သား သုံးယောက်၊ သမီးတယောက်နှင့် စာအုပ်များ ဖြစ်သည်။

ထိုနေရာသည် သန့်ရှင်းနေပြီး ဒီဒီတီ ပိုးသတ်ဆေးနံ့နှင့် ကတ္တရာများ လွှမ်းနေသည်။ ညအိပ်ချိန် မရောက်မီ အထိတော့ အတော်အဆင်ပြေနေသည်ဟု ထင်ရသည်။ ညအိပ်ချိန်ရောက်သော် ဟော… လာပါပြီ။ ဘာတွေပါလိမ့်။ ပုရွက်ဆိတ်တွေ၊ ပိုးဟပ်တွေ၊ ပုရွက်ဆိတ် အကြီးကြီးတွေ။ သူတို့က သူတို့ရဲ့နေရာကို လူတွေ လာတာ မကြိုက်ကြောင်း ပြတာ ဖြစ်မည်။ မီးဖွင့်လိုက်သည်နှင့် တပြိုင်တည်း ပိုးဟပ်တွေ တပ်လိုက် ချီတက်လာပါတော့သည်။ ကျွန်တော်သည် ကျွန်တော့်ဇနီးကို လှမ်းပြောလိုက်သည်။

“ဟေ့… မခင်၊ ကလေးတွေကို ပြောလိုက်၊ အိပ်ရာပေါ်က ဘယ်ကိုမှ မသွားနဲ့လို့” ကျွန်တော်သည် မီးပိတ်ပြီး အိပ်လိုက်ရုံမှအပ ဘာမျှ မတတ်နိုင်ပါ။ ကျွန်တော် အိပ်ပျော်သလို မပျော်သလို ဖြစ်နေသော ခဏတွင် မီးဖိုချောင်မှ အသံတွေ ကြားရသည်။ ဘာဖြစ်နေတာလဲ သိရအောင် သွားကြည့်တော့ ဘာဖြစ်နေတယ် ဆိုတာကို တွေ့ရပါသည်။ မြင်ရသော မြင်ကွင်းမှာ ကြွက်တွေ ဖြစ်ပါသည်။ အကောင် နှစ်ဆယ်၊ သုံးဆယ်လောက် ရှိသည်။ အရွယ်မှာ ခွေးကလေးများ အရွယ်လောက် ဖြစ်ပါသည်။ သူတို့သည် ဆန်အိုးထဲတွင် မြိန်ရေရှက်ရေ စားသောက်နေကြပါသည်။ ကျွန်တော် အံ့ဩစွာဖြင့် ကြည့်နေပါသည်။ အဲဒီလောက်အရွယ် ကြွက်ကြီးများ အဲဒီလောက် များများ တခါမျှ မတွေ့ဖူးပါ။ ကျွန်တော်က “ရှူး… ရှူး…”နှင့် အော်သည်။ သို့သော် ကြွက်များသည် နားလည်ပုံ မရပါ။ ထို့ကြောင့် “ဟေ့… ဟေ့” ဟု ပြောင်းအော်သည်။ ကြွက်များသည် နေရာမှ မရွေ့ပါ။ ဘာလုပ်ရမည်နည်း။ “ကိုင်း… မင်းတို့တွေ သွားကြစမ်း” ဟု ပါးစပ်က ပြောရင်း ဖိနပ်နှင့် လှမ်းပစ်လိုက်သည်။ ဒီတော့မှ ပိုဆိုးတော့တာပါပဲ။ သူတို့သည် ဆန်အိုးထဲ ဝင်ပြေးကြသည်။ သူတို့သည် ဆန်အိုးထဲမှ ပြန်ထွက်မလာကြပါ။ ထို့ကြောင့် ကျွန်တော်တို့ ဆန်ရာရှင်အတွက် စိတ်ပူနေရပြန်သည်။ နောက်ဆုံး ကျွန်တော့်ဇနီးကို ခေါ်၍ အခြေအနေကို ပြလိုက်သည်။ ကျွန်တော်တို့သည် တုတ်များ ကိုင်ဆောင်ပြီး ကြွက်ကြီးများကို မောင်းထုတ်သည်။ သို့သော် သူတို့က သူတို့နှင့်အတူ တူတူပုန်းတမ်း ကစားသည်ဟု ထင်နေကြသည်။ သူတို့၏ နှုတ်ခမ်းမွေးများကြားမှ ရိုင်းစိုင်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အချို့က ပြေးလွှားရင်း ကျွန်တော်တို့ကိုပင် ဝင်တိုက်သွားကြသည်။

ကျွန်တော်တို့သည် ကျွန်တော်တို့ စားရမည့် ဆန်များကို ကြွက်များ၏ဘေးမှ ကင်းစေရန် လေးလံသော ပစ္စည်းများတခုကို အဖုံးပေါ်တွင် တင်ထားရသည်။ အစစအရာရာ အဆင်ပြေပါစေ ဟူသော မျှော်လင့်ချက်ဖြင့် အိပ်ရာဝင်ကြသည်။ သို့သော် မျှော်လင့်သလိုတော့ ဖြစ်မလာပါ။ မိနစ်အနည်းငယ်ကြာသော် မီးဖိုထဲမှ ကျသံတခုကို ကြားရ၍ မီးဖိုထဲသို့ နောက်တခေါက် ဝင်၍ ကြည့်ရပြန်ပါသည်။ မီးဖိုး၏ မီးကို ဖွင့်ကြ်ည့လိုက်သော် ဆန်အိုးသည် ပြန်ပွင့်နေသည်။ ဆန်တွေမှာလည်း ကြမ်းပေါ်တွင် ပြန့်နေသည်။ ဒါတင်မကသေးပါ။ ကျွန်တော်၏ စာအုပ်များကို ပိုးဟပ်များက စားနေကြသည်။ ကြမ်းပြင်မှာလည်း ပုရွက်ဆိတ်များဖြင့် မည်းနေသည်။

ဆရာမင်းသုဝဏ်၏ ‘ဧရိပ်သာ’ကဗျာလေးကို စိတ်ထဲက ပြန်ရွတ်ရင်း မျက်ရည်များပင် ကျမိပါသည်။ တကယ့် ‘ဧရိပ်သာ’နှင့် ကဗျာထဲက ဧရိပ်သာ တော်တော်ကွာပါလား။ သို့သော် နံနက်စောစော မျက်ရည်ကျလျှင် လာဘ်မကောင်းဘူး ဟူ၍ မြန်မာအယူ ရှိသည်။ ထို့ကြောင့် မျက်ရည်မကျမိအောင် ကြိုးစားရပါသည်။

အိမ်၏မြောက်ဘက်တွင် မရန်းပင်ကြီး ရှိပါသည်။ အပင်ကြီး၏ အရိပ်သည်လည်း အလွန်အေးပါသည်။ ငှက်များသည် သစ်တိုပင်ကြီးများအပေါ် နားခိုရင်း အသီးများကိုလည်း စားကြပါသည်။ အိမ်၏ ဘေးနားတွင်လည်း နေပြောက်မထိုးအောင် သစ်ပင်ကြီးများဖြင့် အုပ်ဆိုင်းနေပါသည်။ ပူအိုက်သော နွေရာသီတွင် အရိပ်အောက်၌ ပက်လက်ကုလားထိုင်ဖြင့် ထိုင်၍ နားနေပါသည်။ နားနေရသော အရသာကြောင့် စာရေးချင်စိတ်လည်း မရှိပါ။ ပြန်စဉ်းစားကြည့်လိုက်သော် စာရေးချင်စိတ် တခုတည်း မဟုတ်ပါ။ ဘာမျှ လုပ်ချင်စိတ် မရှိပါ။ ဒီလိုသာ ထိုင်နေရလျှင် ကျော်စောခြင်းကိုလည်း မလိုချင်တော့ပါ။ ပိုက်ဆံလည်း မမက်တော့ပါ။ ကျွန်တော်ကဲ့သို့ ခဏခဏ အိပ်တတ်သောသူပင်လျှင် အိပ်ချင်စိတ် လုံးဝ မရှိတော့ပါ။

အိမ်၏ ‌တောင်ဘက်တွင် ပန်းခြံ ရှိပါသည်။ ထိုပန်းခြံကို အစ်မကြီး၏ ဧဒင်ပန်းခြံ (Garden of Eden) ဟု ခေါ်ပါသည်။ (ဘာသာပြန်သူ၏ ဖြည့်စွက်ချက်- ဧဒင်ပန်းခြံကြီးသည် ဘုရားသခင် ကမ္ဘာကြီးကို စတင် ဖန်ဆင်းစဉ်က ရှိခဲ့သော ပန်းခြံ ဖြစ်ပါသည်။ ၎င်းသည် ဘုရားသခင် ပထမဦးဆုံး ဖန်ဆင်းခဲ့သော ယောက်ျားနှင့် မိန်းမ ဧဒင်နှင့် ဧဝ (Adan and Eve) တို့ ပျော်စံခဲ့သော ပန်းခြံကြီး ဖြစ်ပါသည်။)

အစ်မကြီးကိုယ်တိုင်း ယုယစွာ စိုက်ပျိုးထားသော ပန်းအိုးပေါင်း လေးဆယ်လောက် ရှိပါသည်။ ကျွန်တော်သည် ဘာပင်တွေ ဟူသည်ကိုတော့ မသိပါ။ သို့သော် သူတို့တွင် အစ်မကြီး ပေးထားသော အမည်များ ရှိပါသည်။ ထိုပန်းပင်များသည် အတော်အဖိုးတန်သည်ဟု သိရပါသည်။ အထူးသဖြင့် နှင်းဆီများသည် အလွန်အဖိုးတန်သည်ဟု ဆိုပါသည်။ နှင်းဆီပန်း၏ အရွယ်များမှာ လက်သည်းခွံလောက်မှ ပန်းကန်ပြားအရွယ်လောက် ရှိပါသည်။ အရောင်တွေကလည်း စုံပါသည်။ အဖျော့ဆုံး ပန်းရောင်မှ အနီရဲရဲအထိ ရှိပါသည်။ အစ်မကြီးက ထိုပန်းများကို အမည်ပေးထားပါသည်။ အစ်မကြီးသည် ထိုအမည်များကို သုံး၍ သူ၏ပန်းများကို မိတ်ဆက်ပေးပါသည်။ သူက ပြောပါသည်။

“ဒီဟာက လာဖရမ့် (La France) လို့ ခေါ်တယ်”

ကျွန်တော့်အနေနှင့် ပြောရလျှင် လာဖရမ်နဲ့ ဒတ်ချလင် (Deutsh land) ဘယ်လိုပဲ ခေါ်ခေါ် အတူတူပါပဲ။

တခါတလေ ကျွန်တော်သည် အဲဒီအမည်တွေကို မီးဖိုချောင်ထဲက အသီးအနှံ နာမည်တွေနှင့် မှားခေါ်မိလို့ အစ်မကြီးက တော်တော်စိတ်ဆိုးပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။

အစ်မကြီးသည် သူ၏ ပန်းပင်များကို အလွန်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်၍ ပြောလိုက်သည်။

“ဟောဒီ နှင်းဆီပန်းကို ကြည့်စမ်း၊ အကယ်၍ ပန်းပြပွဲတွေမှာဆိုရင် တပွင့်ကို နှစ်ဆယ့်ငါးကျပ်လောက် တန်တယ်ကွ၊ ဒီလို အပွင့်မျိုးတွေ လေးဆယ်လောက် ရှိတယ် ဆိုတော့ အင်း… နှစ်ဆယ့်ငါးနဲ့ လေးဆယ်နဲ့ မြှောက်…”

ထိုအချိန်တွင် သော်တာဆွေက ရောက်လာပြီး ဤသို့ ပြောလိုက်သည်။

“အစ်မကြီးရယ်… တပွင့်ကို နှစ်ဆယ့်ငါးကျပ် ဆိုတော့ နည်းတာပေါ့ဗျ။ ငါးဆယ်လောက် ထားရမှာ”

ထိုအခါ အစ်မကြီးက သိပ်ကို ပျော်သွားသည်။ သို့သော် သော်တာဆွေက ဆက်ပြောသော စကားများကို ကြားလိုက်သောအခါ သူ၏ ပျော်ရွှင်သောစိတ်များ ပျောက်သွားသည်။ သော်တာဆွေက ဆက်ပြောသည်မှာ-

“ဟုတ်တယ် အစ်မကြီး၊ ဒီနှင်းဆီပွင့်တပွင့်ကို ဘယ်လောက်ပဲ ထားထား၊ ဘယ်သူမှ ဝယ်မှာ မဟုတ်တဲ့အတူတူ…”

အစ်မကြီးသည် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားပါတော့သည်။

ဒီကနေ ဧရိပ်သာထဲကို ဝင်ကြည့်ရအောင်။ အကယ်၍ စာရေးဆရာမကြီး တယောက်ရဲ့ အိမ်ပီပီ အလွန်ခမ်းနားတဲ့ ဧည့်ခန်းကြီးကို တွေ့ရမည်လို့ မထင်လိုက်ပါနဲ့။ တွေ့ရမည့် မြင်ကွင်းမှာ စားပွဲရှည်ကြီး တလုံး၊ ဘေးနှစ်ဖက်မှာ ကြမ်းတမ်းလှသော ခုံတန်းရှည် နှစ်လုံး ချထားသည်။ နောက်ပြီး ဘေးက စင်တွေပေါ်မှာ စာအုပ်တွေ ရှုပ်ပွလျက်ရှိသည်။ ၎င်းပြင် ခွေးခြေ၊ ကုလားထိုင်တွေကို ချထားတာကို တွေ့ရမည်။ ဒါတွေကို ကြည့်လိုက်လျှင် သိနိုင်သည်မှာ ဤအိမ်သားများသည် ခွေးခြေနှင့် ကုလားထိုင်များကို တွန်းခြင်း၊ ဆွဲခြင်းတို့ကို ပြုလုပ်လေ့ရှိပြီး ဘယ်နေရာမှာမဆို ဒီအတိုင်း ထားခဲ့သောအကျင့် ရှိသည်။ ၎င်းအပြင် အပ်ချုပ်စက် အဟောင်းကြီးတလုံးနှင့် စက်ဘီးနှစ်စီး ရှိသေးသည်။ ကိုလတ်နှင့် မမမြတို့၏ အိပ်ခန်းသည် စာအုပ်စင်တွေ၊ ခနော်ခနဲ့ စားပွဲတွေ၊ မဂ္ဂဇင်းနှင့် ဂျာနယ်များနှင့် ပြည့်နေသည်။ ဒါ့အပြင် ဘာတွေရှိသေးသလဲ ဆိုတော့ ဘုရားပဲ သိပါလိမ့်မည်။

စာအုပ်တွေက များလှချေလား၊ ဘာလို့လဲဟု မေးလျှင် အကြောင်းကို အတိုဆုံး၊ အရှင်းဆုံး၊ အမှန်ဆုံး ပြောရလျှင် ဒီအိမ်သားတွေက စိတ်မနှံ့လို့ပဲဟု ဖြေရပါမည်။ အခြားအကြောင်းတွေကတော့ တထောင့်တည ပုံပြင်များကဲ့သို့ စာဖွဲ့၍ မကုန်နိုင်ပါ။ ဒီအိမ်သားများသည် စာအုပ် ဆိုလျှင် မဝယ်ဘဲ မနေနိုင်ပါ။ ဘာအကြောင်းပဲ ရှိသည် ဖြစ်စေ စာအုပ် ဝယ်ပါသည်။ ဘာအကောင်းမှ မရှိလည်း စာအုပ် ဝယ်ကြပါသည်။ ဒါဆိုလျှင် သူတို့သည် စာဖတ်သူတွေ၊ တကယ် ပညာတတ်တွေပဲလို့တော့ မထင်လိုက်ကြပါနှင့်။ သူတို့ ဝယ်သော စာအုပ်များကို သူတို့ ဖတ်လေ့မရှိကြပါ။ ဒါဆိုရင် ဘာကြောင့် စာအုပ် ဝယ်သလဲ။ စိတ်မနှံ့တာအပြင် အခြားအကြောင်းတွေကို ပြောရလျှင် မျက်နှာဖုံး လှသောကြောင့် အထဲက ရုပ်ပုံတွေကို သဘောကျသောကြောင့်၊ ဈေးသက်သာသောကြောင့်၊ ပြီးတော့… အစုံပါပဲ။ နောက်ဆုံးတော့ အတိုဆုံး၊ အရှင်းဆုံး၊ အမှန်ဆုံး အကြောင်းကိုပဲ ပြန်ရောက်တာပါပဲ။


ခင်မျိုးချစ်
အတွေးအမြင်၊ အမှတ်-၃၂၂၊ ဇူလိုင်လ၊ ၂၀၁၉ ခုနှစ်။