အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေနဲ့ မြန်မာ-ထိုင်းနယ်စပ် နိုင်ငံရေး
အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေနဲ့ မြန်မာ-ထိုင်းနယ်စပ် နိုင်ငံရေး
မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၂၇ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၈ ၊ ၂၀၂၆
နိုဝင်ဘာ ၂၇ ရက်နေ့က မြဝတီမြို့ရဲ့ အမှတ် (၅) ရပ်ကွက် သောင်ရင်းမြစ်ကမ်း တလျှောက်က ကာစီနိုရုံတွေကို စစ်အစိုးရ စစ်တပ်၊ ရဲနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) တွေပါတဲ့ အင်အားနဲ့ ရုတ်တရက်စီးနင်းဖမ်းဆီးခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အခု ဖြစ်ရပ်မတိုင်ခင် နိုဝင်ဘာ ၉ ရက်နေ့က စစ်အစိုးရရဲ့ ပြန်ကြားရေးဌာနက ကရင်ပြည်နယ် မြဝတီမြို့ အနီးက KK Park အဆောက်အအုံတွေကို ဆက်လက်ဖျက်ဆီးမယ်လို့ ကြေညာပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က စက်ယန္တရားတွေနဲ့ ဖျက်ဆီးနေတဲ့ သတင်းဓါတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
ယမန်နှစ်နှောင်းပိုင်းက မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ် အနီးက အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်း အဆောက်အဦတွေကို စီးနင်းတာနဲ့ ဖျက်ဆီးတာတွေ စစ်အစိုးရတပ်က တောက်လျှောက်လုပ်ဆောင်ခဲ့ပြီး အချို့ အဆောက်အဦတွေကို မိုင်းတပ်ဆင်ပြီး ဖောက်ခွဲသလို အချို့သော အဆောက်အဦတွေကိုတော့ ဘက်ဟိုးလို စက်ယန္တရားသုံးပြီးဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ယမ်းတွေတပ်ဆင်ပြီး ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်တဲ့အခါ အသံနဲ့ တုန်ခါမှု၊ အပျက်အစီးတွေရဲ့ အမှုန်တွေ ထိုင်းနိုင်ငံဘက်ခြမ်းထိ ရောက်ရှိတာကြောင့် ထိုင်းနိုင်ငံဘက်က ပြောဆိုမှုတွေ ရှိခဲ့ရာက နောက်ပိုင်းမှာ ယန္တရားနဲ့ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာပါ။ ယမန်နှစ်နှောင်းပိုင်း စီးနင်းဖမ်းဆီးတာအချို့နဲ့ အဆောက်အဦတွေ ဖျက်ဆီးတာတွေ အတန်ကြာပြုလုပ်ပြီးနောက် ဆက်လက်လုပ်ဆောင်တာ မတွေ့ရဘဲ အခုရက်ပိုင်းအတွင်းမှာ မြဝတီမြို့နယ်က အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေကို နိမ်နှင်းတဲ့ လုပ်ဆောင်မှုတွေ ပြန်လည်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရ အနေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေကို တကယ်ပဲ နှိမ်နှင်းတော့မလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။ နောက်တချက်က ဘာကြောင့် အခုလို နှိမ်နှင်းဖို့ ဖြစ်လာစေတာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ လဝန်းကျင်က သမ္မတထရန့် အစိုးရထံက လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို လာရောက်ခဲ့ပြီးနောက် အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ ကြေညာချက်ကို လူသိရှင်ကြားထုတ်ပြန်ခဲ့ရာမှာ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ နှိမ်နှင်းရေးကို မြန်မာစစ်အစိုးရနဲ့ အမေရိကန်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက်တချက် ပါဝင်ခဲ့ပါတယ်။
ဒီကြားထဲ အမေရိကန် အစိုးရရဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု နှိမ်နှင်းရေး အထူးအဖွဲ့ ဆိုတာကို ဖွဲ့စည်းခဲ့ပြီး FBI, ရှေ့နေချုပ်ရုံးတို့လို ဌာနတွေက တာဝန်ရှိသူအချို့ ထိုင်းနိုင်ငံကိုလာရောက်ပြီး ထိုင်းနိုင်ငံက ရဲတပ်ဖွဲ့အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိတာ သတင်းတွေထဲ တွေ့ရပါတယ်။
မြန်မာစစ်အစိုးရ အနေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ ၂၀၂၃ ခုနှစ်နှောင်းပိုင်း တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးမှာ ကျားဖြန့်နှိမ်နှင်းရေးကို စစ်ဆင်ရေးရဲ့ အဓိကကျတဲ့ ရည်ရွယ်ချက် အဖြစ်ထည့်သွင်းကာ အာဏာသိမ်းစစ်အစိုးရတပ် ထိန်းချုပ်နယ်မြေ အများအပြားကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက အွန်လိုင်းငွေကြေး လိမ်လည်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်အစိုးရကို အသိပေးတာ၊ နှိမ်နှင်းဖို့ တိုက်တွန်းတောင်းဆိုတာတွေ ရှိခဲ့ပေမယ့် အာဏာသိမ်းစစ်အစိုးရက မြန်မြန်ဆန်ဆန် တုံ့ပြန်မှုတွေ မရှိခဲ့တဲ့ အနေအထားမှာ တရုတ်နိုင်ငံရဲ့ လိုလားချက်ကို တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့က တုံ့ပြန်လုပ်ဆောင်ပြခဲ့တာကြောင့် စစ်အစိုးရ နောက်ကောက်ကျခဲ့ရတဲ့ သင်ခန်းစာ တရပ်လည်း ရှိနေခဲ့တာဖြစ်ပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်တခုအတွင်း ကာစီနိုလောင်းကစားလုပ်ငန်းတွေကနေ ငွေကြေးလိမ်လည်မှုတွေဆီ အသွင်ပြောင်းလဲလာကြတဲ့ အနေအထားမှာ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ငွေကြေးလိမ်လည်ဂိုဏ်းတွေကို အကာအကွယ်ပေးတဲ့ တာဝန်ကိုယူရင်း ငွေကြေးအကျိုးအမြတ်များစွာ ရလာကြရာက တဖြည်းဖြည်း နယ်စပ်တလျှောက်မှာ အခြေစိုက်ကြပြီး ရွှေ့ပြောင်းနိုင်တဲ့အနေအထား၊ အမြစ်ပြတ်အောင် နှိမ်နှင်းရခက်တဲ့ အနေအထားမျိုးတွေရောက်ရှိလာပြီး အစိုးရတွေ အနေနဲ့ ဒီငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေနဲ့ တိုက်ရိုက်ဆက်ဆံခြင်း မပြုတဲ့တိုင် ၄င်းတို့လက်အောက်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေ အဖို့ လာဘ်ငွေ အများအပြားရရှိစေတဲ့ အရင်းအမြစ်၊ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ရပ်တည်ရှင်သန်ရေး လက်နက်ခဲယမ်း ဖြည့်ဆည်းဖို့၊ လူသစ်စုဆောင်းဖို့ အတွက် လိုအပ်တဲ့ ငွေကြေးအရင်းအမြစ် ရရှိပြီး လက်နက်ကိုင် တပ်ဖွဲ့တွေ ကြီးထွား တောင့်တင်းလာကြတာတွေ့ရပါတယ်။
ထိုင်းနိုင်ငံဘက်မှာတော့ မြန်မာနိုင်ငံဘက်လို အစိုးရမဟုတ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ မရှိပေမယ့် အုပ်ချုပ်ရေးဌာနအချို့နဲ့ ရဲတပ်ဖွဲ့တို့လို အဖွဲ့အစည်းတွေက အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်းတွေထံက လာဘ်ငွေယူပြီး မျက်နှာလွှဲတာ၊ အတိုင်းအတာတခုထိ အကာအကွယ်ပေးတာ၊ သတင်းအချက်အလက် ပေါက်ကြားစေတာ အစရှိတဲ့ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာပါ။
ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး၊ ရဲဌာန၊ အုပ်ချုပ်ရေးဌာနဆိုင်ရာတို့က အချို့သောဝန်ထမ်းတွေက ဒီ တရားမဝင်လုပ်ငန်းတွေထံက ငွေရယူပြီး တရားဥပဒေအရေးယူမခံရအောင် သို့မဟုတ် သက်သာအောင် ကူညီပေးနေကြတဲ့ သဘောဖြစ်ပါတယ်။
မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေထဲက စစ်တိုင်းမှူးနဲ့ ဒုဝန်ကြီးလို အဆင့်တွေအထိ အွန်လိုင်းငွေကြေးလိမ်လည်မှု ဂိုဏ်းတွေ နဲ့ ပတ်သက်လို့ လာဘ်စားမှုတွေ ပေါ်ပေါက်ပြီး တိတ်တိတ်ဆိတ်ဆိတ် ဖြုတ်ပယ်တာ၊ အရေးယူတာတွေ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှိနေခဲ့တာပါ။
အွန်လိုင်းငွေကြေးလိမ်လည်မှုဟာ ၄င်းတို့ရဲ့ နိုင်ငံရေးအာဏာကို မကိုင်လှုပ်သမျှ အချို့အခြေအနေတွေကို လျစ်လျူရှု၊ မသိချင်ယောင်ဆောင်ထားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးရဲ့ သင်ခန်းစာကိုလည်း မြန်မာစစ်ခေါင်းဆောင်တွေ ကောင်းကောင်းမှတ်သားထားမယ့် လက္ခဏာရှိပါတယ်။
မြန်မာစစ်အစိုးရ အဖို့ ၁၀၂၇ စစ်ဆင်ရေးလိုမျိုး ပုံစံတူ နောက်တကြိမ်ထပ်ဖြစ်မှာ မဟုတ်ပေမယ်လို့ အမေရိကန်ရဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု အပေါ် စစ်ဆင်ရေးကိုလည်း သတိနဲ့ ချဥ်းကပ်ပြီး ဘယ်လို လုပ်ဆောင်မှုမျိုး၊ အတိုင်းအတာမျိုး မှာ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေ ရှိကောင်းရှိနေမယ်လို့ ယူဆရပါတယ်။
တရုတ်ဘာသာနဲ့ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းတွေဟာ အရှေ့တောင်အာရှမှာ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာသာ ကြီးထွားနေကြတာ ဖြစ်ပြီး မြန်မာနိုင်ငံအနေအထားကတော့ ပြည်တွင်းစစ်၊ လက်နက်ကိုင် အဖွဲ့အစည်းအများအပြားရှိကြတဲ့ အခြေအနေမှာ နှိမ်နှင်းဖို့ ခက်ခဲနေတဲ့ အနေအထားလို့ ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
