Breaking News

တရုတ်ကွန်မြူနစ်ပါတီ သမိုင်း - ပထမပိုင်း



တရုတ်ကွန်မြူနစ်ပါတီ သမိုင်း - ပထမပိုင်း

မြန်မာပြန် - မန်းဖိုးအေး(ဝါးခယ်မ)

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၉

တရုတ်ကွန်မြူနစ်ပါတီ စတင်တည်ထောင်ခြင်း

၁၉၂၁ ခုနှစ် ဇူလိုင်လ - ၁၉၂၃ ခုနှစ် ဇွန်လ
အခန်း (၁)
ဘိန်းစစ်ပွဲပြီးနောက် တရုတ်ပြည် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတကာ အဝန်းအဝိုင်း

တရုတ်ကွန်မြူနစ်ပါတီဟာ ကိုလိုနီသမိုင်း၊ ပဒေသရာဇ် တပိုင်း ခေတ်ဦးပိုင်း သမိုင်းရဲ့ တရုတ်ပြညမှာ ပေါ်ထွန်းခဲ့ပါတယ်။ လူ့အဖွဲ့အစည်းကြီးရဲ့ ဝိရောဓိကြီးတွေ ပွားများခြင်းနှင့် ပြည်သူတိုက်ပွဲ နက်နက်ရှိုင်းရှိုင်းဆီ ထိုးဖောက် ဝင်ရောက်လာတဲ့ အကျိုးအကြောင်းတို့ကနေ ပေါ်ထွန်းလာတာ ဖြစ်တယ်။ ဘိန်းစစ်ပွဲကြီး ပြီးဆုံးပြီးနောက် တရုတ်ပြည် လူ့အဖွဲ့အစည်းဟာ ဆင့်ကဲပြောင်းလဲမှုတွေ တခဲနက် ဖြစ်ထွန်းလာပါတယ်။ အထူးရည်ညွှန်း ပြောရမှာက နှစ်ဆယ်ရာစုခေတ် အစဦးပိုင်း၊ တရုတ်ပြည် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုရေးရာ ဖွံ့ဖြိုးတိုးတက် ပြောင်းလဲခြင်းနှင့် အပြည်ပြည်ဆိုင်ရာ အဝန်းအဝိုင်းတို့ရဲ့ ရိုက်ခတ်မှု အကျိုးဆက်တို့က တရုတ်ပြည် ကွန်မြူနစ်ပါတီကို တည်ထောင် ပေါ်ပေါက်လာစေတဲ့ အလိုအပ်ဆုံးသော အချက်အလက် ဖြစ်ပါတယ်။


၁။ ဘိန်းစစ်ပွဲနှင့် အနီးကပ်ဆုံးခေတ် တရုတ်လူ့အဖွဲ့အစည်းတို့ရဲ့ ဆင့်ကဲပြောင်းလဲမှုများ
ဘိန်းစစ်ပွဲနှင့် အရင်းရှင်စနစ် ပြင်ပနိုင်ငံများရဲ့ နယ်ချဲ့ကျူးကျော်မှု
တရုတ်ပြည်ဟာ သမိုင်းကြောင်း ရှည်လျားတဲ့ အရှေ့တိုင်းနိုင်ငံကြီး တနိုင်ငံ ဖြစ်တယ်။ တရုတ်အမျိုးသားရေးဖြင့် မိမိတို့ရဲ့ လုံ့လစွမ်းအားနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ဖြင့် ကမ္ဘာမှာ ဦးဆောင်ဦးရွက်ပြုတဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေ တီထွင်ခဲ့ပါတယ်။ လူသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကို အလေးပေး ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သမိုင်းဟာ အနီးကပ်ခေတ်ဆီ ချဉ်းနင်းဝင်ရောက်လာချိန်မှာ တရုတ်ပြည်ဟာ ခေတ်နောက်ကျကျန်ခဲ့ရပြီ ဖြစ်တယ်။

၁၇ ရာစုအလယ်ဆီ ရောက်ပြီးနောက် အနောက်တိုင်း အချို့နိုင်ငံများဟာ ရှေ့ဆင့်နောက်ဆင့်ပဲ အရင်းရှင် လူတန်းစား တော်လှန်ရေးတွေ ပေါက်ကွဲပေါ်ထွက်လာကြတယ်။ အရင်းရှင် လူတန်းစားတို့က သွေးရည်စက်နှင့် မီးတောက်မီးလျှံတို့ရဲ့ ရှေးဦးခေတ် စုဆောင်းမှုတို့နှင့် ကိုလိုနီလုပ်မှုတွေကို ဖြတ်သန်းခဲ့ကြပါတယ်။

“၎င်းပြုကျင့်မှုတို့က နှစ်ကာလ ၁၀၀ ပင် မပြည့်မြောက်ခင်မှာပဲ လူတန်းစား အုပ်ချုပ်မှုတွင်းကနေ တည်ဆောက်တဲ့ ကုန်ထုတ်စွမ်းအားတို့ဟာ ရှေးယခင် ခေတ်အဆက်ဆက်က တည်ဆောက်ခဲ့တဲ့ ကုန်ထုတ်စွမ်းအားထက် ကြီးမားများပြားပါသေးတယ်။”

သာဓကအားဖြင့် သဘာဝအားအင်တို့ကို စိုးမိုးလိုက်တယ်။ စက်ယန္တရားတို့ကို အသုံးချကြတယ်။ ဓာတုဗေဒ ပညာရပ်တို့ကို စက်မှုလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတို့မှာ အသုံးချကြတယ်။ သင်္ဘောတို့ဖြင့် ရေကြောင်း သွားလာကြတယ်။ သံလမ်းတို့က ခရီးလမ်းပန်း ပေါက်ရောက်ကြတယ်။ လျှပ်စစ်ကို အသုံးချပြီး ကြေးနန်းဖြင့် မြန်ဆန်သွက်လက် ဆက်သွယ်နိုင်တယ်။ ကြီးမားကျယ်ပြန့်တဲ့ ကုန်းမြေပြင်ကြီးကို ပြုပြင်ပြောင်းလဲ မြေလွတ်မြေရိုင်းတွေ ဖော်ထုတ်ကြတယ်။ မြစ် ချောင်းတွေ၊ အင်းအိုင်တို့ကို ပေါက်ပေါက်ရောက်ရောက် တွင်တွင်ကျယ်ကျယ် အသုံးချနိုင်ကြပါတယ်။ အစရှိသည်တို့ကို သာဓကအဖြစ် ရည်ညွှန်းဖော်ပြလိုက်ပါတယ်။*

(*မာ့က်စ်၊ အိန်ဂျယ် ရေး ‘ကွန်မြူနစ် ကြေညာစာတမ်း’ (၁၈၄၇ ခုနှစ် ဒီဇင်ဘာလ — ၁၈၄၈ ခုနှစ် ဇန်နဝါရီလ) ‘မာ့က်စ်-အိန်ဂျယ် လက်ရွေးစင်ကျောင်း’ပထမတွဲ- ပြည်သူ့စာပေတိုက်မှ ၁၉၉၅ ခုနှစ်မှာ ရိုက်နှိပ်ထုတ်ဝေသည်။ စာမျက်နှာ-၂၇၇)

ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးမှု ကြီးမားလွန်းခြင်းက လူသားတို့ရဲ့ လူ့အဖွဲ့အစည်းတို့ရဲ့ ရုပ်ဝတ္ထု အရည်အသွေး၊ ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ရေးရာ ယဉ်ကျေးမှုတို့ဟာ သမိုင်းအသွင်သဏ္ဌာန်ဖြင့် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းပေါ်ပေါက်လာပါတယ်။ အရင်းရှင် လူတန်းစားတို့က ပိုမိုများပြားတဲ့ အကျိုးအမြတ် ရရှိရေးအတွက် ကမ္ဘာတဝန်းလုံးကို နယ်မြေချဲ့ထွင် ကျူးကျော်ရေးနှင့် ကိုလိုနီနယ်မြေ လုယူရေးတို့ကို အားစိုက်ခွန်စိုက် လုပ်ဆောင်ကြပါတယ်။ ဒါတွေဟာ လီနင် လှစ်ဟ ဖော်ထုတ်လိုက်တဲ့– “အရင်းရှင်ဝါဒက အကယ်၍သာ နယ်မြေချဲ့ထွင်မှုတွေ၊ စိုးမိုးချုပ်ကိုင်တဲ့ အဝန်းအဝိုင်းကို မကြာခဏ မဆောင်ရွက်ဘူးဆိုရင်၊ အကယ်၍ နယ်မြေဒေသအသစ်ကို ဖော်ထုတ်ခြင်းမပြုတဲ့အပြင် အရင်းရှင်ဝါဒ မဟုတ်တဲ့ ရှေးကျလွန်းတဲ့ တိုင်းနိုင်ငံတွေကို ကမ္ဘာ့စီးပွားရေး ဝဲဂယက်ထဲ ဆွဲသွင်းလိုက်တယ် ဆိုရင် အရင်းရှင် လူတန်းစားတို့က တည်ရှိနိုင်မှာ၊ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ရာ မဖြစ်ပါ။”*

(*လီနင် ရေးတဲ့– ‘ရုရှား အရင်းရှင်ဝါဒ ဖွံ့ဖြိုးမှု’ ၁၈၉၅ ခုနှစ် နှစ်ကုန်ပိုင်း – ၁၈၉၉ ခုနှစ် ဇန်နဝါရီလ၊ ‘လီနင် လက်ရွေးစင်ကျမ်းပေါင်းချုပ်’ အတွဲ-၃၊ ပြည်သူ့စာပေတိုက်မှ ထုတ်ဝေသည်။ စာမျက်နှာ-၅၄၇)

ရေ မြေ ဧရိယာ ကြီးမားကျယ်ဝန်းတယ်။ ရင်းမြစ်တွေ ပေါကြွယ်များပြားတယ်။ လူဦးရေကပါ များပြားလှတဲ့ တရုတ်ပြည်ဟာ အနောက်ဘက်က အင်အားခိုင်မာတောင့်တင်းတဲ့ မက်မောဖွယ် သွားရည်ကျစရာ၊ လုယူစရာ ဈေးကွက် ဖြစ်နေပါတယ်။

မန်ချူးဘုရင် စိုးမိုးအုပ်ချုပ်သူတို့က ဒီလို အချိန်အခါမှာတောင် ကမ္ဘာတခွင်က ကြီးကျယ်ထူးခြားတဲ့ ဖြစ်ရပ်များကို ဘာဆိုဘာမျှ မသိကြပါ။ ရှေးယခင်တွေကအတိုင်း ကိုယ့်ဟာကိုယ် ‘ကောင်းကင်ဘုံက နိုင်ငံတော်’ ရယ်လို့ ထင်တလုံး ကြဲကြပါတယ်။ တရုတ်ပြည်ကလွဲပြီး ပြင်ပက အခြားအခြားသော တိုင်းနိုင်ငံတွေကို ‘အစွန်အဖျားက အရိုင်းအစိုင်း’တွေလို့ တပြေးတည်း ရှုမြင်ပါတယ်။ အနောက်နိုင်ငံတွေဆီက ခေတ်မီတိုးတက်တဲ့ သိပ္ပံပညာရပ်က ရရှိလာတဲ့ ရလဒ်အကျိုးတို့ကို ပြစ်တင်ကဲ့ရဲ့ကြတယ်။ ‘မဖြစ်စလောက် အံ့ဖွယ်’အဖြစ်သာ ရှုမြင်ကြတယ်။ အရေးတယူ ဂရုပြုမှု တချက်လေးတောင် မရှိကြပါ။ ကိုယ့်ကိုယ်ကိုယ်သာ ထင်တလုံး ရှိကြတာကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ ယဉ်ကျေးမှုရေးရာပိုင်း အားလုံးဟာ နောက်ကျ ကျန်ပါလေရော။ ဒီအခြေအနေဆီ ရောက်နေတာတောင် ပလွှားပြီး မာန်မာနထောင်လွှားတုန်း၊ ဘဝင်မြင့်ကောင်းတုန်း၊ မပြောင်းမလဲ ခေါင်းမာတုန်းပါ။ ၁၉ ရာစုခေတ်၊ နှစ် ၃၀ ခေတ်တွေဆီ ရောက်လာပါပြီ။ မန်ချူးဧကရာဇ်မင်းဆက်ဟာ ခိုင်မာတောင့်တင်းရာနေ ဆုတ်ယုတ်ကျဆင်းသွားပါပြီ။ အင်အားယုတ်လျော့ ကျဆင်းမှုက နက်ရှိုင်းသထက် နက်ရှိုင်းလာတယ်။ နိုင်ငံရေးမှာ အကျင့်ပျက် ခြစားမှုတို့ ကြီးထွားလာတ,်။ စစ်ဘက်မှာ စစ်လက်နက် တပ်ဆင်မှု ကျဆင်းလာသလို စစ်စည်းကမ်းပိုင်း လျော့ရဲလာတယ်။ အမိန့်နာခံမှု ကင်းမဲ့လာတယ်။ ဘဏ္ဍာငွေကြေး ကျပ်တည်းလာတယ်။ လူ့အဖွဲ့အစည်းကြီး မငြိမ်မသက် ဖြစ်လာတယ်။ အကျပ်အတည်းပေါင်းစုံ ဝိုင်းရံနေတဲ့ အခြေအနေဆိုးမှာ ဆိုက်ရောက်နေပါတယ်။

ခေတ်နောက်ကို ကျန်ရင် ထိုးနှက် တိုက်ခိုက်ခံရမှာ မလွဲပါ။

၁၈၄၀ ခုနှစ်။
 ပြင်ပနယ်မြေတွေဆီ အသည်းအသန် နယ်မြေချဲ့ထွင်နေတဲ့ ဥရောပအရင်းရှင်အင်အား တောင့်တင်းတဲ့ ဗြိတိသျှနိုင်ငံက တရုတ်ပြည်ကို ကျူးကျော်နယ်ချဲ့တဲ့ ဘိန်းစစ်ပွဲကို ဖန်တီးလိုက်တယ်။ ခေတ်မီစက်ယန္တရားကြီးတို့ဖြင့် ခုတ်မောင်းတဲ့ အမြောက်တင်သင်္ဘောကြီးတွေနဲ့ တရုတ်ပြည် တံခါးမကြီးကို ဝုန်းဒိုင်းကြဲ ထိုးဖောက်ဝင်ရောက်လိုက်တယ်။ ရင့်ရော်ပုပ်သိုးပြီး ခေတ်နောက်ကျကျန်တဲ့ မန်ချူးတပ်ဖွဲ့ဟာ အရေအတွက်ပိုင်းမှာ အထက်စီးက သာလွန်များပြားခြင်း၊ မိမိတို့ရဲ့ ရေမြေမှာ စစ်ခင်းခြင်း ဖြစ်ပေမယ့်လည်း ဗြိတိသျှတို့ရဲ့ ခိုင်ခံ့တဲ့ စစ်သင်္ဘောတွေ၊ ခေတ်မီအမြောက်လက်နက်ကြီးတွေ ပစ်ဖောက်ပြီး ထိုးဝင်လာတာကို ဘယ်လိုမှ မဟန့်တားနိုင်ပါ။ ကွမ်ကျိုး၊ အမွိုင်၊ ဖုကျိုး၊ နိန်ပိုး၊ ရှန်ဟဲဆိပ်ကမ်းမြို့တွေကို ကုန်သွယ်မှုဆိပ်ကမ်းအဖြစ် စစ်လျော်ကြေး ပေးဆပ်လိုက်ရပါတယ်။ လျော်ကြေးငွေကြေးအဖြစ် နိုင်ငံခြားငွေသား ၂၁ သန်း ပေးလျော်ရပါတယ်။

ဘိန်းစစ်ပွဲက တရုတ်ပြည် သမိုင်း အပြောင်းအလဲရဲ့ အချိုးအကွေ့ အချက်တချက် ဖြစ်လာပါတယ်။ ထိုစဉ် ထိုကာလက အစပြုပြီး အနောက်တိုင်းသား နယ်ချဲ့သမားတို့ရဲ့ ကျူးကျော်မှုတို့က တရုတ်ပြည်ဆီ တဖွဲဖွဲ တသဲသဲ ဝင်ရောက်လာကြပါတယ်။ အင်မတန် ညစ်ပတ်စုတ်ပဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ လှုံ့ဆော်မှုတို့ဖြင့် တရုတ်ပြည်ကို တကြိမ်ပြီးတကြိမ် ကျူးကျော်စစ် အကြိမ်ကြိမ် ခင်းကျင်းကြပါတယ်။ မန်ချူးအစိုးရကို အတင်းအကျပ် အညံ့ခံခိုင်းပြီး စံတရပ်အဖြစ် ကျင့်သုံးကြပါတယ်။ တရုတ်ပြည်ကို နက်ရှိုင်းတဲ့ ကိုလိုနီတပိုင်းအဖြစ် နစ်မွန်းသွားအောင် ကျင့်ကြံကြပါတယ်။

၁၈၅၆ ခုနှစ်မှ ၁၈၆၉ ခုနှစ် ဒုတိယအကြိမ် ဘိန်းစစ်ပွဲ ဖြစ်ပါတယ်။ ဗြိတိသျှ၊ ပြင်သစ်တို့ ပူးတွဲစစ်ဆင် တိုက်ခိုက်ပါတယ်။ မန်ချူးမင်း ဧကရာဇ်ရဲ့ ပီကင်းမင်းနေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်။ တရုတ်ပြည် ဧကရာဇ်မင်းတို့ရဲ့ ခမ်းနားတင့်တယ်တဲ့ ‘ယွမ်မိန်ယွမ်’ဥယျာဉ်တော်ကြီးဟာ မီးဟုန်းဟုန်းတောက်လောင်ခဲ့ရပြီး ပြာပုံအတိ ကျရောက်သွားပါတယ်။ ဥယျာဉ်တော်ကြီးမှာရှိတဲ့ သာယာလှပတဲ့ သစ်ပင်ပန်းမန်တွေ၊ ဗိသုကာ လက်ရာမြောက် အဆောင်အယောင် အဆောက်အဦတွေ၊ ပန်းချီ ပန်းပု လက်ရာတွေ ပျက်စီးဆုံးရှုံးချက်က တန်ဖိုးမဖြတ်နိုင်ပါ။ ဥယျာဉ်တော်ကြီးအတွင်းက အနုပညာယဉ်ကျေးမှုလက်ရာတွေ၊ ပုလဲကျောက်သံပတ္တမြားတွေဖြင့် စီခြယ်ထားမှုတွေ အားလုံး လုယူ ဖျက်ဆီးခံလိုက်ရပါတယ်။ ကျူးကျော်နယ်ချဲ့သူတို့က ‘နန်ကျင်းစာချုပ်’နှင့် ‘ပီကင်းသဘောတူစာချုပ်’ အစရှိတဲ့ တန်းတူညီမျှခြင်းမရှိတဲ့ စာချုပ်စာတမ်းကို အတင်းအကျပ် ချုပ်ဆိုလက်မှတ်ထိုးစေပါတယ်။ အင်အားကြီးမား တောင့်တင်းတဲ့ ကျူးကျော်သူတို့က တရုတ်ပြည်မှာ အထူးအခွင့်အာဏာကို ချဲ့ထွင်ရယူလိုက်ကြတယ်။ ရုရှားနိုင်ငံကပါ ဒီအကြိမ် စစ်ပွဲကနေ ကြားဝင်လက်လျှို အခွင့်အလမ်းယူ အမြတ်ထုတ်ပြန်ပါသေးတယ်။ စစ်အင်အား၊ လက်နက်အင်အားဖြင့် ဦးစွာ ခြိမ်းခြောက်အနိုင်ကျင့်ပါတယ်။

၁၈၅၈ ခုနှစ်မှာ ‘အိုက်ဟွေးစာချုပ်’ကို ချုပ်ဆိုလိုက်တယ်။ ဟေးလုံကျန်းနယ်မြေ မြောက်ဘက် ပြင်ပက ရှင်းအန်းလိန်တောင်ဘက် ကီလိုမီတာ ၆ သိန်း ကျယ်ဝန်းတဲ့ တရုတ်ပြည်ပိုင်နက်နယ်မြေကို ရုရှားရဲ့ မူလရှိရင်းစွဲ ပိုင်နက်နယ်မြေအဖြစ် အသိအမှတ်ပြုရပါမယ်။ နောက်ပိုင်းကျပြန်တော့လည်း ၁၈၆၀ ပြည့်နှစ်မှာ တရုတ်-ရုရှားတို့ရဲ့ ‘ပီကင်းသဘောတူစာချုပ်’ကို အတည်ပြုပေးလိုက်ရပြန်တယ်။ စာချုပ်အရ ဝူစူးလီမြစ် အရှေ့ဘက် ကီလိုမီတာ ၄ သိန်း ကျယ်ဝန်းတဲ့ တရုတ်ပိုင်နက်နယ်မြေကို ရုရှားပိုင်နယ်မြေအဖြစ် အတင်းအကျပ် အသိအမှတ်ပြု လက်မှတ်ထိုးခိုင်းပါတယ်။

၁၈၆၄ ခုနှစ်၊ ဇာဘုရင် လက်ထက်မှာ ရုရှားတို့က မန်ချူးအစိုးရကို အကျပ်ကိုင် လက်မှတ်ထိုးခိုင်းပြန်တယ်။ တရုတ်-ရုရှားတို့ရဲ့ ‘အနောက်မြောက်ပိုင်း နယ်ခြားမျဉ်းကို တိုင်းတာပိုင်းခြား သတ်မှတ်ချက်’ ဆိုပြီး လက်မှတ်ရေးထိုးခိုင်းပါတယ်။ တရုတ်ပြည် အနောက်ပိုင်း နယ်မြေထဲက စတုရန်းကီလိုမီတာ ၄ သိန်း ၄ သောင်း ပိုင်းခြားပေးအပ်လိုက်ရပါတယ်။

၁၈၈၄ ခုနှစ်မှ ၁၈၈၅ ခုနှစ် ဖြစ်ပွားခဲ့တဲ့ တရုတ်-ပြင်သစ်စစ်ပွဲကနေ ကျူးကျော်နယ်ချဲ့တဲ့ ပြင်သစ်စစ်တပ်က တရုတ်-ဗီယက်နမ် နယ်ခြားဒေသနှင့် အရှေ့တောင်ပင်လယ်ကမ်းရိုးတန်းမှာ အဆက်မပြတ် ရန်စ ကျူးကျော်ပါတယ်။ တရုတ်ပြည်- ဖုကျဲန့်ရေတပ် တပ်မကြီး စစ်ရေးရှုံးနိမ့်ပြီး အကုန်အစင် သေကျေ ပျက်ပြုန်းပေမယ့်လည်း ဖိန်ကျူချိုင် ဦးဆောင်တဲ့ မန်ချူးစစ်သည်တော်တို့က ကွမ်းစီးမြို့တောင်ဘက်ဂိတ် (ယနေ့ ချစ်ကြည်ရေးဂိတ်)မှာ ပြင်သစ်တပ်ဖွဲ့ အကြီးအကျယ် ရှုံးနိမ့်ပါတယ်။ စစ်မျက်နှာ အနေအထား ပြောင်းလဲသွားတယ်။ ဒီစစ်ပွဲဖြစ်ရပ်ကနေ ပြင်သစ်အစိုးရအဖွဲ့ကို တိုက်ရိုက် ရိုက်ခတ်သွားပါတယ်။ လူဖေးလီ ဝန်ကြီးအဖွဲ့ ပြုတ်ကျသွားပါတယ်။ ဒါကို အခွင့်ကောင်းမယူတတ်တဲ့ မန်ချူးအစိုးရက ဒူးထောက် အညံ့ခံပြီး ပြင်သစ်တို့နဲ့ ငြိမ်းချမ်းရေးရယူဖို့ ကမ်းလှမ်းပါတယ်။ တန်းတူညီမျှခြင်း ကင်းမဲ့တဲ့ စာချုပ်အသစ်ကို ချုပ်ဆိုလိုက်ပါတယ်။

၁၈၉၄ မှ ၁၈၉၅ ခုနှစ် တရုတ်-ဂျပန် ‘ကျဝူစစ်ပွဲ’ကနေ နိုင်ငံခြားသားများအတွက် တပင်တပန်း ချမှတ်ခဲ့တဲ့ တရုတ်တို့ရဲ့ ပုံစံသစ် ကြည်းတပ်-ရေတပ် ရေးရာတို့ဟာ လုံးဝဥဿုံ ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားပါတယ်။ စစ်ပွဲပြီးနောက် ရေးထိုးတဲ့ ‘မာကွမ်းစာချုပ်’ပါ အချက်အလက်အရ တရုတ်တို့ အကျပ်ကိုင်ခံရပြီး ထိုင်ဝမ်ကျွန်းကို ဂျပန်လက်ထဲ ထိုးအပ်လိုက်ရပါတယ်။ ငွေသား သန်း သုံးဆယ်ကို ပေးဆပ်ပြီး လျောင်တုန်းကျွန်းဆွယ် ပြန်လည်ရွေးလိုက်တဲ့ ငွေသားအဖြစ် ထိုးအပ်လိုက်ရပါတယ်။ ဒါ့အပြင် ဂျပန်တို့က အနောက်တိုင်း အင်အားကြီးနိုင်ငံတွေ တရုတ်မြေပေါ်မှာ ရရှိတဲ့ အထူးအခွင့်အရေးမျိုးကိုပါ ရရှိပါတယ်။ ဂျပန်တို့နဲ့ ဖြစ်ခဲ့တဲ့ ‘ကျဝူစစ်ပွဲ’က စစ်ရေး ရှုံးနိမ့်တဲ့ တရုတ်တို့ ကြီးမားတဲ့ ရိုက်ခတ်ချက်အဖြစ် ခံစားကြရပါတယ်။ ‘သန်းပေါင်း လေးရာ လူသူတွေ၊ ရေမြေဆုံးစေ လှမ်းလို့နေပေ၊ ကိုယ့်တိုင်းရပ်ဌာနေ ဘယ်ဆီနေ’၁* စာဆိုရှင် ထန်စုထုန်ရဲ့ ကဗျာစာသားတို့က အမြော်အမြင်ရှိသူတို့ ထိုစဉ်အခါတုန်းက တရုတ်ပြည်ရဲ့ နာကြည်းပူဆွေးဖွယ်တို့ရဲ့ ပေါက်ကွဲသံတွေ ဖြစ်ပါတယ်။ (*ထန်စုထုန် ‘ခံစားရ ကဗျာတပုဒ်’ အပါအဝင် ‘ထန်စုထုန် ကဗျာပေါင်းချုပ်’က ကျန်းဟွာစာပေတိုက်၊ ၁၉၈၁ ခုနှစ်မှာ ထုတ်ဝေပါတယ်။ စာမျက်နှာ ၅၄၀ မှာ ပါရှိတဲ့အပိုဒ် ဖြစ်ပါတယ်။)

အလားတူ ကိုယ်တိုင်ကိုယ်ကျ ဒီသမိုင်းကြောင်းကို ဖြတ်သန်းခဲ့တဲ့ ဝူယွိကျွန်း*က အောက်မေ့ဖွယ် စကားပြောပါတယ်– “ကျွန်တော် ကောင်းကောင်းကြီး မှတ်မိပါတယ်။ ကျဝူစစ်ပွဲ ရှုံးနိမ့်သတင်း ကျွန်တော့်ရွာဆီ ပြန့်လွင့်လာတော့ ကျွန်တော်ရယ်၊ ကျွန်တော့်ဒုတိယအစ်ကို ဝူယုန်ခွန်းတို့ ချုံးပွဲချငိုချလိုက်တယ်ဗျာ။ ဒါဟာ ကျော်မကောင်း ကြားမကောင်း ဘယ်တုန်းကမှ မရှိခဲ့တဲ့ ထီးကျိုးစည်ပေါက် ကျွန်သပေါက် ဆိုက်ရောက်မယ့် ကတိစာချုပ်ပါဗျာ။ ဒီဖြစ်ရပ်ဆိုးသတင်းက နိုင်ငံတဝန်းလုံးကို တုန်လှုပ်ချောက်ချားစေပါတယ်ဗျာ။ အရင်တုန်းကတော့ ကျွန်တော်တို့နိုင်ငံတော်ကြီးဟာ လေးဖက်လေးတန်မှာ တိုင်းနိုင်ငံကြီးတို့ ဝိုင်းရံတိုက်ခိုက် ရှုံးနိမ့်တာဟာ ဖြေသာပါသေးတယ်ဗျာ။ ခုဟာက အရှေ့တိုင်းက နိုင်ငံသေးသေးလေးနဲ့ တိုက်ပြီး ရှုံးနိမ့်ရတာဗျ။ သာမန် အရှုံးမျိုး မဟုတ်ပြန်ဘူး။ ခွက်ခွက်လန် ရှုံးတာဗျ။ ချုပ်ဆိုတဲ့ စာချုပ်စာတမ်းကပါ အညှာအတာကင်းမဲ့၊ ရက်စက်ကြမ်းကြုတ်လွန်းပါတယ်ဗျာ။ ဒါဟာ ဘယ်လောက်များ ရှက်စရာကောင်းပါသလဲဗျာ။” (*၂ ဝူယွိကျွန်း-ကျဝူစစ်ပွဲ ရှေ့နောက်ဖြစ်ရပ်မှ စင်ဟို တော်လှန်ရေး ရှေ့နောက် ဖြစ်ရပ်များကို ပြန်ပြောင်းအောက်မေ့ခြင်း စာအုပ်။ ၁၉၆၁ ခုနှစ် စက်တင်ဘာလထုတ် ‘ဝူယွိကျွန်းပေါင်းချုပ်’ ဒုတိယတွဲ၊ ချုန်ကင်းစာပေတိုက်ဟာ ၁၉၈၇ ခုနှစ်မှာ ထုတ်ဝေပါတယ်။ စာမျက်နှာ ၉၅၃ ထဲမှ စာပိုဒ် ဖြစ်တယ်။)

ကျဝူစစ်ပွဲက မန်ချူးအစိုးရရဲ့ အကျင့်ပျက် ခြစားခြင်း၊ အရည်အသွေး ညံ့ဖျင်းခြင်းတို့ဟာ ဘွားခနဲ ပေါ်လာတယ် ဆိုတာရယ်၊ တရုတ်ပြည်ရဲ့ ဆင်းရဲမွဲတေမှုတွေ၊ အင်အားချည့်နဲ့ ညံ့ဖျင်းမှုတို့က နောက်ထပ်တဆင့် ပေါ်ပေါက်လာပါတယ်။ ဒါ ရုပ်လုံးပေါ်မှုတို့ကနေ အရင်းရှင်နယ်ချဲ့ဝါဒသမားတို့ တရုတ်ပြည်ကို တိုက်ခိုက်လုယူဖို့ကို ပိုပြီး အားပေးအားမြှောက်ပေးသလို ဖြစ်သွားပါတယ်။ တရုတ်ပြည်ကြီးကို အစိတ်စိတ်အမြွှာမြွှာ စုတ်ပြတ်သတ်အောင် ပြုလုပ်ဖို့ အရှိန်အဟုန် တိုးမြှင့်ပေးသလိုမျိုး ဆိုက်ရောက်သွားပါတယ်။

၁၉၀၀ ပြည့်နှစ်။
ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမန်၊ ရုရှား၊ ဂျပန်၊ အီတလီ၊ ဩစတြီးယား ရှစ်ပြည်ထောင် မဟာမိတ်စစ်တပ်ကြီး ဖွဲ့စည်းလိုက်ကြတယ်။ စစ်ပွဲကြီး လှုံ့ဆော်ဖန်တီးပြီး တရုတ်ပြည်ကို နယ်ချဲ့ကျူးကျော်ကြတယ္။ ထန်းကျင်းနဲ့ ပီကင်းမြို့ကြီးများကို ရှေ့ဆင့်နောက်ဆင့် သိမ်းပိုက်လိုက်ကြတယ်။ မန်ချူးနန်းတော် ဇူဇီမိဖုရားကြီးက ကွမ်းရှိဘုရင်လေးကို ရင်ခွင်ပိုက်ပြီး စီးအန်းဆီ ကသောကမျော ဆုတ်ပြေးပါတယ်။ နယ်ချဲ့ကျူးကျော်ရေးတပ်ဖွဲ့ကြီး ရောက်ရှိတဲ့ နေရာတိုင်း လုယက်သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့ ဖျက်ဆီးခြင်း၊ ရိုင်းပျမှုတို့ကို ထောင်းထောင်းထလျက်ပါ။ ပီကင်းမြို့တခွင်လုံး လူသေအလောင်းတို့ ထပ်လျက်၊ ပုံလျက် ပြန့်ကြဲနေပါတယ်။ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ရက်ရက်စက်စက် အကြမ်းဖက် သွေးချောင်းစီးခဲ့ပါတယ်။

စစ်ပွဲကြီး ပြီးစီးပြီးနောက် ‘စင်နျူစာချုပ်’ လက်မှတ်ရေးထိုး ချုပ်ဆိုကြတယ်။ တန်းတူညီမျှခြင်း ကင်းမဲ့တဲ့ ပြီးပြည့်စုံတဲ့ စနစ်အဖြစ် ပြောင်းလဲဖြစ်စေပါတယ်။ ဇာဘုရင် ကြီးစိုးတဲ့ ရုရှားနိုင်ငံက ရှစ်နိုင်ငံ မဟာမိတ်အဖွဲ့အစည်းထဲ ပါဝင်ရုံမျှမကသေးပါ။ စစ်သည်တော် အလုံးအရင်း စေလွှတ်ပြီး တရုတ်ပြည် အရှေ့မြောက်ပိုင်းက သုံးပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက်ပြန်ပါသေးတယ်။ တရုတ်ပြည် အရှေ့မြောက်ပိုင်း နယ်မြေတွေကို ရုရှားကိုလိုနီအဖြစ် သိမ်းသွင်းဖို့ ကြံရွယ်ပါတယ်။ ရုရှားတပ်ဖွဲ့တို့က ဟိုင်လန်ဖောင်းနှင့် မြစ်ရှေ့ဘက်ခြမ်း ကျေးရွာပေါင်း ၆၄ ရွာမှာ မှီတင်းနေထိုင်ကြတဲ့ တရုတ်ပြည်သူတွေကို လူမဆန်တဲ့ ရင်နင့်ဖွယ်ရာ သတ်ဖြတ်ပွဲကြီး ကျင်းပလိုက်တယ်။ လူသူတို့ မကြားဝံ့ မနာသာ တဲ့ လူသတ်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပပါတယ်။

အထက်ဖော်ပြပါ ကြီးမားတဲ့ စစ်ပွဲကြီးတွေအပြင် အင်အားကြီးနိုင်ငံတို့ ထပ်မံဆင်နွဲတဲ့ စစ်ပွဲကြီးတွေ ရှိပါသေးတယ်။ ၁၈၇၄ ခုနှစ် နယ်ချဲ့ ဂျပန်တို့ ကျူးကျော်တိုက်ခိုက်တဲ့ ထိုင်ဝမ်ကျွန်းစစ်ပွဲ။ ၁၈၈၈ ခုနှစ်၊ ဗြတိန်တပ် ဒုတိယအကြိမ် တိဗက်ထဲ ဝင်ရောက်ကျူးကျော် နယ်ချဲ့တဲ့ စစ်ပွဲ။ ဒါ့အပြင် ၁၉၀၄ ခုနှစ်မှ ၁၉၀၅ ခုနှစ်၊ တရုတ်ပိုင်နက်နယ်မြေမှာ ၎င်းတို့ရဲ့ တန်ခိုးအာဏာ ပေါက်ရောက်ဖို့အတွက် ၎င်းတို့နှစ်နိုင်ငံ တရုတ်နိုင်ငံမှာ တိုက်ခိုက်ကြပါတယ်။

၁၈၄၀ မှ ၁၉၀၅ နှစ်ကာလ ၆၆ နှစ်ကြာ ကာလအတွင်း တရုတ်ပြည်သူတို့ဟာ အင်အားကြီးနိုင်ငံတို့ရဲ့ နယ်ချဲ့ ကျူးကျော်မှုစစ်ပွဲ မီးခိုးယမ်းငွေ့တွေထဲမှာ နစ်မွန်းကြရရှာတယ်။ ကမ္ဘာတခွင်က ရှိရှိသမျှသော အရင်းရှင်ဝါဒတွေ၊ နယ်ချဲ့ဝါဒ အင်အားကြီးနိုင်ငံကြီးတွေ တရုတ်ပြည်ရဲ့ တောတောင်ရေမြေတို့ဟာ သူတို့ လုယူသိမ်းပိုက်ကြမယ့် နယ်မြေဒေသရယ်လို့ ထင်မှတ်နေကြပါတယ်။ ဆယ်စုနှစ်တွေ ပိုင်းခြားထားတဲ့ အချိန်ကာလတွေအတွင်း အဲဒီနိုင်ငံတွေက တရုတ်ပြည်ကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု အစရှိတဲ့ အပိုင်းတွေမှာ ကျူးကျော်နယ်ချဲ့ကြတယ်။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့၊ တန်းတူညီမျှခြင်း မရှိတဲ့ ကတိစာချုပ်တွေ တခုပြီးတခု ချုပ်ဆိုကြတယ်။ ဒါ့အပြင် တခုထက်တခု ပိုပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ အချက်အလက်တွေ ချမှတ်ကြတယ်။ တရုတ်ပိုင်မြေယာတွေကို အပိုင်းပိုင်းအပြတ်ပြတ်၊ ပိုင်းဖြတ်လုယူကြတယ်။ မတန်မရာ စစ်လျော်ကြေးတွေ သတ်မှတ်ကြတယ်။ အတောမသတ်နိုင်တဲ့ လောဘတို့ဖြင့် အကြိမ်ကြိမ် အဖန်ဖန် လုယက်ယူငင်ကြပြီး မတန်မရာ အထူးအခွင့်အာဏာကိုပါ လုယူကြတယ်။ ဗြိတိသျှတို့က ဟောင်ကောင်ကျွန်း၊ ဂျပန်းတို့က ထိုင်ဝမ်ကျွန်း၊ ဇာဘုရင် ရုရှားတို့က တရုတ်ပြည်မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း စတုရန်း ကီလိုမီတာ၊ ၁၅ သန်း ကျယ်ဝန်းတဲ့ မြေယာတို့ကို သိမ်းပိုက်သွားကြပါတယ်။ ပြင်ပနိုင်ငံတို့ရဲ့ ကျူးကျော်စစ်ပြုမှုက ကြီးမားတဲ့ ပျက်စီးမှုတို့ဖြင့် ဖျက်ဆီးခံလိုက်ရတယ်။ လျော်ကြေးငွေ အမြောက်အြမား ပေးအပ်ရတယ်။ တရုတ်ပြည်ဟာ ငွေ(ဖြူ)သား သန်းပေါင်းရာချီ ဆုံးရှုံးသွားပါတယ်။ (အတိုးနှုန်းထား ပါဝင်မှု ရှိတယ်။) ဒါ့အပြင် ထိုစဉ် အချိန်ကာလမှာတုန်းက မန်ချူးအစိုးရဟာ သူ့ရဲ့ နှစ်စဉ် ရရှိတဲ့ ဝင်ငွေပမာဏက သန်း(ရှစ်ဆယ်) ငွေဖြူသာ ရှိပါတယ်။

အနောက်တိုင်းက အင်အားခိုင်မာတောင့်တင်းတဲ့ နိုင်ငံတွေရဲ့ တရုတ်ပြည်မှာ လှုပ်ရှားမှုတွေက သူတို့အတွက် စည်းစိမ်ခံစားရတဲ့ ကတိစာချုပ်တွေက အခြေခံအထူးအခွင့်အရေးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အဲဒီ သာတူညီမျှခြင်း ကင်းမဲ့တဲ့ ကတိစာချုပ်တွေကို အကြောင်းပြုပြီး အရေးပါတဲ့ အထူးအခွင့်အာဏာ အမြောက်အမြား ရယူသွားကြတယ်။ သာဓကအားဖြင့် ဆိပ်ကမ်းတွေ တည်ဆောက်တယ်။ ‘ငှားရမ်းမြေ’ ဆိုပြီး အပိုင်သိမ်းထားတယ်။ ဓာတ်သတ္တုတူးဖော်စက်ရုံ တည်ဆောက်တယ်။ ရထားသံလမ်း ဖောက်တယ်။ ဘဏ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း တိုက်တာကြီးတွေ တည်ဆောက်တယ်။ ဘုရားဝတ်ပြုကျောင်းတွေ ဆောက်လုပ်တယ်။ ပိုင်ဆိုင်စိုးမိုးမှု နယ်မြေတွေ ပိုင်းခြားလိုက်တယ်။ အဲဒီနယ်မြေတွေမှာ အင်အားပေါင်းစုံ တည်ထောင်တယ်။ သံတမန်ရေးရာ ကောင်စစ်ဝန် အခွင့်အာဏာကို အထူးအခွင့်အာဏာ ရယူပြီး တိုင်းနိုင်ငံတရပ်လို ဇိမ်ခံခြင်း အစရှိသည်တွေကို ပိုင်စိုးကြပါတယ်။ အရေအတွက် ရာဂဏန်းချီတဲ့ အဆင့်အတန်း တန်းတူညီတူ မရှိတဲ့ ကတိကဝတ် စာချုပ်တွေ၊ စာတမ်း အချက်အလက်တွေ၊ အထူးချမှတ်ထားတဲ့ အချက်အလက်တို့က အနမတဂ္ဂ ကျယ်ပြန့်တဲ့ ကွန်ရက်ကြီး ဖြန့်ကြက်ထားသလို ဖြစ်နေပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု အစရှိတဲ့ဘက်မှာ အချက်အလက်တိုင်းက တရုတ်ပြည်ကို တုပ်နှောင်ထားပါတယ်။ တရုတ်နိုင်ငံတော်ကြီးက တရုတ်ပြည်ကို တုပ်နှောင်ထားပါတယ်။ တရုတ် နိုင်ငံတော်ကြီးဟာ အင်အားတောင့်တင်းတဲ့ နိုင်ငံတို့ရဲ့ အနှိုင်းအဆ တိုင်းတာမရတဲ့ ချည်တုပ်မှုအောက်မှာ တလက်မလေးတောင် လှုပ်ရှားမရအောင် ပြားပြားဝပ်နေရပါတယ်။ အင်အားကြီးနိုင်ငံတို့ရဲ့ ပြုသမျှ နုနေရတဲ့ တရုတ်ပြည် ဖြစ်နေပါတယ်။ အရေအတွက် များပြားလှတဲ့ ထုတ်ကုန်တွေ ဖြုန်းရာ ကုန်သွယ်ရေးဈေးကွက် နိုင်ငံတော်ကြီး ဖြစ်ရသလို၊ ရင်းမြစ်ကုန်ကြမ်း ယိုစီးရာ ထွက်ပေါက်နိုင်ငံတော်ကြီးလည်း ဖြစ်နေပြန်ပါသေးတယ်။

၁၉ ရာစု ခေတ်နှောင်းပိုင်း ကမ္ဘာ့အရင်းရှင်ဝါဒက နယ်ချဲ့အရင်းရှင် လူတန်းစားအဆင့်ဆီ စတင်ဝင်ရောက်လာပြီ ဖြစ်တယ်။ လက်ဝါးကြီးအုပ်မှုက လွတ်လပ်စွာ အပြိုင်အဆိုင် ရောင်းဝယ် ဖောက်ကားခြင်းကို ဝင်ရောက် အစားထိုးလာပါပြီ။ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတို့က နိုင်ငံကြီးအသီးသီးတို့ရဲ့ ပြည်တွင်းပည်ပ မူဝါဒတို့ရဲ့ စီမံခန့်ခွဲမှု အင်အား ဖြစ်မြောက်သွားပါပြီ။ ထိုထိုသော အကြောင်းအရာ အချက်အလက်တို့ချင်း ဆက်သွယ်ပေါင်းစည်းကြပါတယ်။ တရုတ်-ဂျပန် စစ်ခင်းကြတဲ့ ကျဝူစစ်ပွဲ ပြီးဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုက အရင်းရှင်နယ်ချဲ့တို့ရဲ့ တရုတ်ကို ကျူးကျော်ဝင်ရောက်နိုင်တယ် ဆိုတဲ့ အင်မတန် အရေးပါ အရာရောက်တဲ့ အချက်အလက် ဖြစ်လာပါတယ်။ တရုတ်ပြည်မှာ လုပ်ငန်းခွင် ချမှတ် ရင်းနှီးမြှုပ်နှံမှုအပြင် တရုတ်အစိုးရရဲ့ ထုတ်ချေးငွေကြေးတို့ဟာ အရင်းရှင်နယ်ချဲ့တို တရုတ်ပြည် လည်မျိုကို ညှစ်ထားတဲ့ ဘဏ္ဍာငွေကြေး အလိုအလျောက် ဖြစ်သွားပါတယ်။ ‘အင်အားအဝန်းအဝိုင်း၏ကို အရ လုယူရပါမယ်။ တရုတ်ပြည် နိုင်ငံရေးအဝန်းအဝိုင်းကို အရယူထားရပါမယ်။ အင်အားကြီးနိုင်ငံတို့က တရုတ်နိုင်ငံဆီ ရင်းနှီးမြှုပ်နှံမှု တင်ပို့မှုတို့က ကြာလေ ကြာလေ အရေးပါ အရာရောက်တဲ့ဆီ ရောက်လာပါတယ်။


၎င်းတို့က တရုတ်ဘဏ်လုပ်ငန်းဖြင့် လမ်းဖောက် ဆက်သွယ်ကြပါတယ်။ သူ့ထက်ငါဦး တရုတ်တို့ကို ငွေထုတ်ချေးကြပါတယ်။ မန်ချူးအစိုးရက ဂျပန်ကို စစ်လျော်ကြေး ပေးဆပ်ရန်အတွက် ငွေကြေး ရရှိရန် နည်းလမ်းရှာကြံပါတယ်။ ပမာဏ များပြားတဲ့ ပြည်ပချေးငွေ သုံးကြိမ်ရယူခဲ့တယ်။ အင်အားကြီးနိုင်ငံတို့က မန်ချူးအစိုးရရဲ့ လုပ်နည်းလုပ်ဟန်ကို အာရုံစိုက်လာကြပြီး အခွင့်အရေးကို လက်လွတ်မခံလိုကြပါ။ ငွေလုံးငွေရင်း လှိုက်လှိုက်လှဲလှဲ ထုတ်ချေးလိုကြောင်း မန်ချူးအစိုးရထံ ကမ်းလှမ်းကြတယ်။ သတ်မှတ်ထားတဲ့ အကောက်အခွန်ကြေးနဲ့ အချို့ ဆားခွန်တော်၊ ကုန်ပစ္စည်းအတိုးနှုန်းတို့ သတ်မှတ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအခွင့်အလမ်း အများအပြားပါ ပေးအပ်ပါတယ်။ နယ်ချဲ့အရင်းရှင်ဝါဒီတို့က တရုတ်တို့ကို ချေးငွေ ထတု်ပေးခြင်းဖြင့် ထုတ်ကုန် ယှဉ်ပြိုင်မှုတွေမှာ တရုတ်ပြည်ရဲ့ အမျိုးသားအရင်းရှင်များကို အလဲထိုးကြပါတယ်။ ဒါ့အပြင် ငွေကြေးကဏ္ဍပိုင်း၊ ဘဏ္ဍာရေးပိုင်းတွေမှာ တရုတ်ပြည် လည်မျိုကို ဆုပ်ကိုင်ပြီး ညှစ်ထားပြန်ပါသေးတယ်။ 

(ဆက်လက်ဖော်ပြပါမည်)