TNLA အစောင့်အရှောက်နဲ့ မိုးကုတ်မြို့ထဲ အာဏာသိမ်းစစ်တပ် ဝင်ရောက်နေရာယူ
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၉ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၃၀ ၊ ၂၀၂၅
TNLA အစောင့်အရှောက်နဲ့ မိုးကုတ်မြို့ထဲ အာဏာသိမ်းစစ်တပ် ဝင်ရောက်နေရာယူ
မြို့ကို သိမ်းယူပြီး တနှစ်နဲ့ ၄ လအကြာ နိုဝင်ဘာ ၂၈ ရက်နေ့မှာ မိုးကုတ်မြို့ထဲကို အာဏာသိမ်းစစ်တပ်က အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ မြို့ကို တာဝန်ယူထိန်းချုပ်ထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ၄င်းနဲ့ အပစ်ရပ်သဘောတူထားတဲ့ အာဏာသိမ်းစစ်တပ်ထံကို မြို့ကို ပြန်လည်လွှဲပေးဖို့ အစီအမံတွေကို ပြီးခဲ့တဲ့ ၁ လအတွင်း လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ရှမ်းမြောက်ဒေသက နောင်ချို၊ ကျောက်မဲ၊ သီပေါ နဲ့ မိုးကုတ်မြို့တွေ သိမ်းယူဖို့ တိုက်ခိုက်ခဲ့စဥ်က အတူပါဝင်ခဲ့ကြတဲ့ PDF တပ်ဖွဲ့တွေကို မြို့ကိုနေရာဝင်ယူမယ့် စစ်တပ်ဝင်လာချိန်မှာ တိုက်ခိုက်မှုတွေ မဖြစ်ပွားအောင် မြို့ကနေ ဆုတ်ခွာပေးဖို့ မြို့လွှဲပြောင်းမှုမလုပ်ခင် ရက်အနည်းငယ်အလိုမှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။
TNLA နဲ့ စစ်တပ်အကြား အပစ်ရပ် သဘောတူ လက်မှတ်ထိုးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကနေ တွက်ရင် တလ တင်းတင်းပြည့်တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ စစ်တပ်က ဝင်ရောက်လာတာ ဖြစ်လို့ ၂ ဖက်သဘောတူညီချက်အရ မြို့ကို လွှဲပြောင်းမှု အချိန်တလယူဖို့ သဘောတူခဲ့ကြတယ်လို့ ကောက်ချက်ချရပါတယ်။ မြို့ကို ဘယ်လို လွှဲပြောင်းမလဲ ဆိုတဲ့အသေးစိတ် အစီအစဥ်တွေကို TNLA ဘက်က မဟာမိတ်ဖြစ်တဲ့ PDF တပ်ဖွဲ့တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုအသိပေးခြင်း မရှိခဲ့တဲ့အချက်က TNLA အဖွဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ မိုးကုတ်မြို့ကို တိုက်ခိုက်သိမ်းယူစဥ်က TNLA တပ်ဖွဲ့က ဦးဆောင်ခဲ့တာမှန်ပေမယ့် အတူပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ MDY PDF လို မိုးကုတ်ဒေသခံ PDF အဖွဲ့တွေလို အဖွဲ့တွေအပေါ် အပစ်ရပ်မယ့် သဘောတူညီမှု နဲ့ ပတ်သက်ပြီး တိုင်ပင်ခြင်း၊ အသိပေးခြင်း မရှိတဲ့အချက်က ဝေဖန်စရာ ဖြစ်စေတာ ဖြစ်ပါတယ်။
TNLA နဲ့ PDF တပ်ဖွဲ့တွေ အကြားဆက်ဆံရေးက ပျက်ပြားခြင်းမရှိပေမယ့် အနာဂတ်မှာ ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ကြဦးမလား၊ လုပ်ဆောင်နိုင်တဲ့ ယုံကြည်မှုမျိုးရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေဆိုဖို့ ခက်ခဲနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ရေး နိုင်ငံရေး မဟာဗျူဟာ၊ မိမိတို့အဖွဲ့ရဲ့ ရပ်တည်ရေးကို ပထမ ဦးစားပေးတယ်ဆိုတဲ့ ကောက်ချက်ချကြတာမျိုး ရှိသလို တဖက်မှာလည်း မိမိတို့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေး အတွက် ဘယ်အရာက အဓိကလဲ ဘယ်အရာက သာမညလဲ ဆိုတာ ခွဲခြားဆုံးဖြတ်နိုင်ဖို့ လိုတယ်ဆိုတဲ့ ရှုမြင်ချဥ်းကပ်မှုမျိုး၊ တနည်းအားဖြင့် ဆိုရရင် လက်တွေ့ရလဒ်အတွက် ကြည့်ပြီး ခက်ခဲတဲ့ လူကြိုက်မများတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတယ် ဆိုတာမျိုး နားလည်ပေးကြတာလည်း ရှိနေတာ ဖြစ်ပါတယ်။
အချို့သော ရှုထောင့်တွေက တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ဆိုတဲ့ရှုထောင့်ကို အသားပေး ပြောဆိုကြတာ ဖြစ်ပါတယ်။ TNLA အနေနဲ့ တရုတ်နိုင်ငံ အပေါ် ဘယ်လောက်မှီခိုနေရသလဲ ဘာကြောင့် ငြင်းဆန်ခြင်း မပြုနိုင်ရတာလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနေပေမယ့် အဖြေက ရှင်းရှင်းလင်းလင်း ရှိမနေပါဘူး။ လက်နက်ခဲယမ်း ဝယ်ယူရရှိဖို့ အရင်းအမြစ် ဖြစ်တာလား၊ သို့မဟုတ် နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့ကန့်သတ်ထားရင် တအာင်းပြည်အနေနဲ့ ရပ်တည်ဖို့ မလွယ်ကူတာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရတဲ့ အနေအထားဖြစ်ပါတယ်။
မိုးကုတ်မြို့ ကို ပြန်လည်လွှဲပြောင်းပေးရတဲ့ အဖြစ်က ဘာကြောင့် အရေးပါနေကြတာပါလဲ၊ နွေဦးတော်လှန်ရေး ၁၀၂၇ စစ်ဆင်ရေးတွေ အတွင်း မြို့တွေ သိမ်းယူပြီး ပြန်လည်လက်လွှတ်ဆုံးရှုံးရတာတွေ ရှမ်းမြောက်မှာ၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း စတဲ့ဒေသတွေမှာ တမြို့မက ရှိနှင့်ပြီး ဖြစ်ပါတယ်။ ခုခံကာကွယ်ရင်း ပြန်လည်လက်လွှတ်ဆုံးရှုံးတာက အများစု ဖြစ်ပြီး အပစ်ရပ် သဘောတူညီမှုအရ လက်လွှတ်ဆုံးရှုံးရတာက လားရှိုးနဲ့ မိုးကုတ်၊ မိုးမိတ်တို့သာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ကြောင့် လက်လွှတ်ဆုံးရှုံးသွားရတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ လိုမြို့တွေထက် အပစ်ရပ် သဘောတူညီမှု အရ ပြန်လည်လွှဲပြောင်းပေးရတဲ့ မြို့ဖြစ်တဲ့ လားရှိုး၊ မိုးကုတ်၊ မိုးမိတ်တို့ကို ပိုပြီး နှမြောကြတဲ့ သဘော၊ မခံချင်တဲ့ ခံစားချက်မျိုးလို့လည်း ဆိုနိုင်သလို လားရှိုးလို မဟာဗျူဟာအရ အရေးပါ၊ အုပ်ချုပ်ရေးအရ ရှမ်းမြောက်ရဲ့ မြို့တော်လို ဖြစ်တဲ့ မြို့ ပြန်လက်လွှတ်ရတာ၊ မိုးကုတ်လို သယံဇာတ ထွက်ရှိတဲ့မြို့၊ တော်လှန်ရေး အင်အားစုတွေကို တက်တက်ကြွကြွ ကြိုဆိုထောက်ခံခဲ့ကြတဲ့ မြို့ ကို လက်လွှတ်ရတဲ့ အဖြစ်က လက်ခံရ ခက်ခဲတဲ့ အနေအထားဖြစ်နေတဲ့ သဘောဖြစ်ပါတယ်။ လားရှိုးမြို့ လက်လွှတ်ရစဥ်က PDF တပ်ဖွဲ့တွေ အနေနဲ့ အခုလို ပြောဆိုမှုတွေ သိပ်မတွေ့ရပေမယ့် မိုးကုတ်မြို့သိမ်းရာမှာ ပူးပေါင်းပါဝင်ခဲ့သလို ဒေသခံ PDF တွေလည်း ဖြစ်တာကြောင့် အခုလို မိုးကုတ်မြို့ကို လက်လွှတ်ရတဲ့ အပေါ် အားမလို အားမရ ခံစားချက်မျိုး ဖြစ်နေတာလို့လည်း ယူဆရပါတယ်။
မြို့တွေ သိမ်းရတာလွယ်ပြီး ထိန်းရတာ ခက်ခဲတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ မြို့သိမ်းရတာထက် ထိန်းရတာ ဘာကြောင့် ခက်ခဲကြရတာပါလဲ။ ထိုးစစ်သဘော နဲ့ ခံစစ်သေ သဘောသဘာဝ ကွဲပြားခြားနားမှုကြောင့်လား၊ သို့မဟုတ် လက်နက်၊ စစ်သည် အင်အား စုစည်းနိုင်မှု၊ လေကြောင်း တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်တဲ့အနေအထား မရှိတာကြောင့်လား စတဲ့ စစ်ရေးရှုထောင့်က စဥ်းစား သုံးသပ်စရာ အချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။
ဒါတွေက လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စဥ်းစားဆုံးဖြတ်ရတဲ့ အခြေအနေ၊ ပေးထားချက်တွေ နဲ့ ဆုံးဖြတ်ရတဲ့ အနေအထားဖြစ်ပြီး ဒေသခံ လူထုဘက်ကို ကြည့်ရင် မြို့သိမ်းတိုက်ပွဲ ဖြစ်ပြီးတော်လှန်ရေး အင်အားစုတွေ သိမ်းယူနိုင်ခဲ့ပြီးကာမှ ပြန်လည်လက်လွှတ်ရတဲ့ အခြေအနေမျိုး နောက်တကြိမ် မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်မှု၊ တဖန် အာဏာသိမ်းစစ်တပ် ပြန်လည်ဝင်လာရင် ကြုံတွေ့ရမယ့် လက်စားချေ အပြစ်ပေးခံရမယ့် အရေးတွေကိုလည်း မကြုံချင်ကြတဲ့ အနေအထားဖြစ်ပါတယ်။
မြို့ပြန်လည်လွှဲပြောင်းပေးမယ့် အနေအထားနဲ့ ပတ်သက်လို့ TNLA ဘက်က မြို့ခံလူထုကို ရှင်းလင်းပြောဆိုတာမျိုး မရှိသလို မြို့ခံတွေအနေနဲ့ မြို့ပြန်လည်လွှဲပြောင်းတဲ့ ကာလမှာ တိုက်ပွဲဖြစ်ပွားနိုင်ချေကို စိုးရိမ်ပြီး မြို့ခံ ၆၀/၇၀ ရာနှုန်းလောက် မိုးကုတ်-ကျောက်မဲ လမ်းကြောင်း မိုးကုတ်- မန္တလေးလမ်းကြောင်းတွေကနေ တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။ မိုးကုတ်-မန္တလေး ကားခက လူတယောက်အတွက် ၆ သိန်းကနေ ၈ သိန်းလောက် ထိရှိနေပြီး ငွေကြေး ရှာဖွေရ လွယ်ကူတယ်လို့ ဆိုနိုင်တဲ့ မိုးကုတ်မြို့ အဖို့တောင် များပြားတဲ့ ပမာဏဖြစ်နေတာပါ။
နေ့ခင်းအချိန်မှာတောင် လူသူမရှိ ချောက်ကပ်နေတဲ့ မိုးကုတ်မြို့ လမ်းတွေရဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ အချို့ကျောက်လုပ်ကွက်တွေမှာတော့ တူးဖေါ်နေကြသူတွေ ရှိနေသေးတယ်လို့လည်း သတင်းတချို့မှာတွေ့ရပါတယ်။
အနာဂတ်မှာ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲရာမှာ ရေရှည်ထိန်းချုပ်နိုင်ဖို့ကိုပါ လေးလေးနက်နက် ထည့်သွင်းစဥ်းစားဖို့ ယခင်ကထက်ပိုပြီးလိုအပ်လာမှာ ဖြစ်ပြီး ဒေသခံတွေအနေရဲ့ ထောက်ခံကြိုဆိုမှုတွေလည်း ချင့်ချင့်ချိန်ချိန် ကြိုဆိုမှုမျိုးတွေ ရှိလာမယ့် အနေအထားလို့ဆိုရမယ့် သဘောဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar