ကိုင်တွယ်ရ ခက်ခဲလာတဲ့ ကျားဖြန့်ပြဿနာ
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၈ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၂၅
ကိုင်တွယ်ရခက်ခဲလာတဲ့ ကျားဖြန့်ပြဿနာ
ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လည်သည့် ရာဇဝတ်ဂိုဏ်းတွေရဲ့ ပြဿနာရဲ့ အကြောင်းခံအချက်တွေက တချက်မက ရှိသလို ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေက တဖွဲ့မကသည့် အချက်က ကျားဖြန့်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုမိုရှုပ်ထွေး ခက်ခဲစေသည့် အဓိက အချက်လည်း ဖြစ်နေတာကို တွေ့မြင်နေကြရပါတယ်။
ကျားဖြန့်ဂိုဏ်းတွေက တရားဥပဒေစိုးမိုးမှုမရှိတဲ့ နေရာဒေသတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေလိုမျိုးမှာ အဲဒီနယ်မြေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို ငွေကြေးအကျိုးအမြတ်ပေးပြီး တရားမဝင်တဲ့ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းလုပ်ရင်း ဒီလုပ်ငန်းမှာ ခိုင်းစေခံရသူတွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ၄င်းတို့ပိုင်တဲ့ ကျေးကျွန်တွေသဖွယ် အခြား ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားတဲ့အထိ ရာဇဝတ်မှုတွေကို ကျူးလွန်ကြတာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်း ထုတ်ယူပြီး ရောင်းစားတဲ့ ရာဇဝတ်မှုတွေအထိ ကျူးလွန်ကြတယ်ဆိုတဲ့ ပြောဆိုမှုအချို့ရှိပေမယ့် အဲဒီလို ကိုယ်ခန္ဓာအစိတ်အပိုင်း ထုတ်ယူရောင်းစားတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နိုင်လောက်တဲ့ ဆေးရုံ၊ နောက်ခံပစ္စည်း၊ ကျွမ်းကျင်သူတွေတော့ သက်သေအထောက်အထား သိပ်မတွေ့ရပါဘူး။
အခုလို ငွေလိမ်တဲ့ ပင်မရာဇဝတ်မှုနဲ့ အခြားဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေကို လုပ်ဆောင်နိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကာအကွယ် လိုအပ်တာ ဖြစ်ပါတယ်။ အကာအကွယ်ပေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ၄င်းတို့ အကာအကွယ်ပေးထားတဲ့ ကျားဖြန့်ဂိုဏ်းတွေ အနေနဲ့ ငွေလိမ်လည်တဲ့ ရာဇဝတ်မှု ကျူးလွန်နေတာကို လုံးဝ မသိရှိကြတာတော့ မဟုတ်ပါဘူး။ ကာစီနို လောင်းကစားလုပ်ငန်းကို အကာအကွယ်ပေးတဲ့ နာမည်အောက်မှာ အကာအကွယ်ပေးထားကြတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တရုတ်နိုင်ငံနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်ဒေသ၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်တွေက ကျားဖြန့်ဂိုဏ်းတွေအတွက် လိုအပ်ချက်တွေနဲ့ ပြည့်စုံတဲ့ နေရာဒေသတွေ ဖြစ်လာခဲ့ပြီး နှစ်အနည်းငယ်အတွင်း ကြီးထွားကျယ်ပြန့်လာကြတာ ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသရဲ့ ကျားဖြန့်ဂိုဏ်းတွေကို၂၀၂၃ ခုနှစ်နှောင်းပိုင်း ၁၀၂၇ စစ်ဆင်ရေး နယ်မြေသိမ်းစစ်ပွဲတွေအတွင်း နှိမ်နှင်းခဲ့ပြီးနောက် ရှမ်းမြောက်ဒေသမှာ ကျားဖြန့်ဂိုဏ်းတွေ သိသာစွာ ပျောက်ကွယ်ခဲ့တဲ့နောက် ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေရဲ့ ဗဟိုချက် အဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ ဒီဒေသတွေမှာ ပြည်တွင်းစစ် ဖြစ်ပွားနေပေမယ့်လည်း စစ်ပွဲတွေရဲ့ သက်ရောက်မှုကို ကွက်ပြီး မခံရတာက ကျားဖြန့်ဂိုဏ်းတွေ လည်ပတ်လုပ်ကိုင်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နောက်ပိုင်း ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့်လည်း ရွှေကုက္ကို၊ ကျောက်ခတ်၊ KK Park ၊ ဘုရားသုံးဆူ တို့က ကျားဖြန့်ဂိုဏ်းတွေ ဆက်လက်လုပ်ကိုင်ကာ ကြီးထွားလာနေကြတာ ဖြစ်ပါတယ်။ ဒီဒေသတွေကို လက်နက်ကိုင် အဖွဲ့တဖွဲ့ထည်းက တာဝန်ခံရတာမျိုး မဟုတ်ဘဲ တဖွဲ့မက ထိန်းချုပ်ထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာတွေ အပေါ် သက်ရောက်မှုမရှိအောင် ကာကွယ်ပေးထားကြတာ လက်ရှောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ကျားဖြန့်ဂိုဏ်းတွေကနေ ရတဲ့ငွေကြေးက ပြည်တွင်းစစ်အတွက် လိုအပ်တဲ့ ငွေကြေးကို အတိုင်းအတာတခုထိ အထောက်အပံ့ဖြစ်စေခဲ့တာကြောင့်လို့ ကောက်ချက်ချရင် မှားမယ်မထင်ပါဘူး။
အခုတော့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နှင်းမှ ဖြစ်မယ်ဆိုတဲ့အနေအထားကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အာဏာရှင်စစ်တပ်၊ အိမ်နီးချင်းထိုင်းနိုင်ငံက အချို့သော ရဲနဲ့ လူဝင်မှုကြီးကြပ်ရေး အစိုးရတာဝန်ရှိသူတွေအထိ ပတ်သက်မှုတွေပါ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ် အနေနဲ့လည်း ၄င်းရဲ့ အမိန့်ပေးမှုအောက်မှာ ယမန်နှစ် နှစ်ဆန်းကာလအထိ ရှိခဲ့တဲ့ စောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့ရဲ့ အဓိကပါဝင်ပတ်သက်နေတာတွေ အတွက် တာဝန်ခံရမယ့် အနေအထားဖြစ်ပါတယ်။
ဒီကျားဖြန့်ပြဿနာကို ဖြေထုတ်ကြရာမှာ မြန်မာစစ်တပ်၊ ထိုင်းအာဏာပိုင်နဲ့ ထိုင်းနယ်စပ်ဒေသမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းလုပ်ဆောင်တဲ့ ဗျူဟာမရှိသလို လက်တွေ့လုပ်ဆောင်မှုအပိုင်းမှာလည်း သိသာထင်ရှားတဲ့ ပူးပေါင်းမှု ရှိမနေကြပါဘူး။ ပူးပေါင်းမှုအစား တဖွဲ့နဲ့ တဖွဲ့ အပြစ်တင်ကြတဲ့ အနေအထားမျိုး Blame Game တွေကိုသာ ပိုမိုတွေ့ရှိနေရတာပါ။
မကြာသေးတဲ့ သီတင်းပတ်တွေမှာ အာဏာသိမ်းစစ်တပ်က KNUနဲ့ မြေငှားစာချုပ်ချုပ်ခဲ့တဲ့ KK Park ကို ပထမဆုံး ဝင်ရောက်စီးနင်းခဲ့ပြီး မြဝတီနယ်ထဲက ကျားဖြန့်နှိမ်နှင်းရေးကို စတင်လိုက်တာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ ဖျက်ဆီးတာ၊ ကျားဖြန့်လုပ်ငန်းက သိမ်းဆည်းရမိတဲ့ ကွန်ပျူတာ၊ ဖုန်းတွေ ဖျက်ဆီးပြတာတွေ လုပ်ခဲ့တာတွေ့ရပြီး ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်သူတွေကို မြဝတီ နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းတွေကို ထွက်ခွာဖို့ နှင်ထုတ်ခဲ့တာတွေ့ရပါတယ်။
ယမန်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက သတင်းမီဒီယာကို ပြောဆိုရာမှာ KNU နဲ့ KKO/DKBA လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ရဲ့ ပါဝင်ပတ်သက်မှု အသားပေး ဖော်ပြသွားတာ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ ကျားဖြန့်ဂိုဏ်းတွေ နှိမ်နှင်းရေးကို ကမ္ဘာက အာရုံစိုက်နေချိန်မှာ အခွင့်အရေးကို အသုံးချပြီး KK Park ငှားရမ်းမှုအပေါ် အခြေခံပြီး KNU ကို နိုင်ငံရေးအရ ထိုးနှက်ဖို့ လုပ်ဆောင်လာတာ ထင်ရှားပါတယ်။ ဒီဝါဒဖြန့် ပြောဆိုချက်မှာ BGF အဖွဲ့နဲ့ ပတ်သက်လို့ မသိမသာ မှေးမှိန်ထားတာလည်းတွေ့ရမှာ ဖြစ်ပါတယ်။ မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေမှာ အစောဆုံး ပါဝင်ပတ်သက်တာ BGF လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ အကျိုးအမြတ်အများဆုံး ခံစားနေတာလည်း BGF ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ခေါင်းဆောင် စောချစ်သူ အနေနဲ့ ကျားဖြန့်လုပ်ငန်းကရရှိတဲ့ အကျိုးအမြတ်တွေကို မြန်မာစစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းကို ဘယ်လို ခွဲဝေပေးသလဲ၊ သို့မဟုတ် လာဘ်ထိုးခဲ့သလဲ ဆိုတဲ့ အထောက်အထားတွေ မဖော်ထုတ်နိုင်ကြသေးတဲ့ အနေအထားကြောင့်သာ စစ်တပ်ဟာ ကျားဖြန့်ရာဇဝတ်မှုတွေကနေ ငွေကြေးအရ တိုက်ရိုက်ခံစားခွင့် ရှိခဲ့တယ်ဆိုတာကို သက်သက်မပြနိုင်သေးတဲ့ သဘောဖြစ်ပါတယ်။ နိုင်ငံရေးအရ အကျိုးအမြတ် ရှိနေတာကိုတော့ အငြင်းပွားစရာ မရှိပါဘူး။
တဖက်မှာလည်း KNU အနေနဲ့ အခြားသော ကရင်လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခမဖြစ်ရေးမူကို အခြေခံပြီး နယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသတွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုတာ မလုပ်ခဲ့ပါဘူး။ မကြာသေးတဲ့ ရက်ပိုင်းကတော့ မင်းလက်ပံ ကျေးရွာက DKBA အကာအကွယ်ပေးထားတဲ့ ကျားဖြန့်ဝင်းကို ဝင်စီးခဲ့ရာက ကျားဖြန့်နှိမ်နှင်းရေးမှာ ပါဝင်လာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
ဒီလို ပါဝင်လာခဲ့ရာမှာ ကျားဖြန့်လုပ်ငန်းကနေ ထွက်ခွာ လူစုခွဲကြတဲ့ သူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ စစ်ဆေးမေးမြန်းပြီး ပြန်လည်လွှဲပြောင်းရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်တဲ့ လူအင်အား၊ ငွေကြေး၊ လုပ်ပိုင်ခွင့် စတဲ့အခက်အခဲ စိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့လာနေရပြီလည်း ဖြစ်ပါတယ်။
ခုရက်အတွင်း မင်းလက်ပံ ကျေးရွာက ကျားဖြန့်ဂိုဏ်းတွေကို ရှင်းလင်းရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းဖို့ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာအစိုးရတွေကို KNU က မေတ္တာရပ်ခံထားပါတယ်။ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာ သံရုံးတွေက ဘယ်လိုတုံ့ပြန်မလဲ၊ KNU အနေနဲ့ ကျားဖြန့်နှိမ်နှင်းရေးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာက အရေးတကြီး စောင့်ကြည့်ရမယ့် အရာတခု ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar