Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တိုက်လေယာဉ်တွေ ပိုင်တဲ့ ရာဇဝတ်ဂိုဏ်း

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တိုက်လေယာဉ်တွေ ပိုင်တဲ့ ရာဇဝတ်ဂိုဏ်း

မိုးမခ ၊ ဒီဇင်ဘာ ၇ ၊ ၂၀၂၅


အာရှကျားတွေ ကြောင်ဖြစ်တော့မယ့် ကာလတခုကို ပြန်ရောက်လာပြန်ပြီ။ အရင်တခါကတော့ ဂျော့ဆိုးရော့ ငွေကစားလို့ ကျားကနေ ကြောင်အဆင့်မက ကြွက်ပါ ဖြစ်သွားတာတွေ ရှိတယ်။ ဒီတခါတော့ တရုတ်တွေရဲ့ ကျားဖြန့်ငွေလိမ်လို့ ကြောင်ဖြစ်သွားမှာ။ မြန်မာစစ်အုပ်စုအဖို့တော့ ကြောင်ပျောက်မှာပေါ့။ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ လာအိုတော့ အစိုးရဌာနအကြီးပိုင်းတွေ ပျာနေပြီ။ ထိုင်းလည်း အခန့်မသင့်ရင် ဒိုင်းသွားနိုင်။ ဟွန်ဆန် သားအဖလည်း ကျားသမတာ ခံရတော့မယ်။ လာအိုလည်း လာနာ လာသေထိ ဖြစ်နိုင်။ ဗီယက်နမ် ဘယ်လောက်ပါတယ် မသိ။ အင်ဒိုလည်း မကင်း။ ဖိလစ်ပင်းလည်း နိုင်ငံသားအတု ကျားဖြန့်မကို မြို့တော်ဝန် ခန့်ထားမိတဲ့အထိ။ အာရှသားနဲ့ ကမ္ဘာသား တော်တော်များများ ကျားဖြန့်လူကုန်ကူးခံရပြီး ထပ်ဆင့်လိမ်စား လှည့်စား  ညာစားရတဲ့ဘဝ လူ့ဂုဏ်ရည် တစမကျန်တဲ့အထိရောက် စံနှုန်းတွေ တန်ဖိုးတွေ ကျွမ်းထိုးမှောက်ခုံဖြစ်ကြ။ အင်္ဂလန်မှာလဲ ကျားဖြန့်ကွင်းတယောက်မိ၊ ကမ္ဘာကြီးလဲ တရုတ်ရှိရင် ကျားဖြန့်ရှိဖြစ်နေ။ တရုတ်မြင်ရင် လူကုန်ကူးမယ့်ကောင်လို့ထင် ဘဝဖျက်ငွေလိမ်ကောင်လို့ မြင်ကြတော့မယ့်ဟာကတော့ ရှီကျင့်ဖျင်ရဲ့အနုပညာတွေပေါ့လေ။ ရှီကျင့်ဖျင်လက်ထက်မှာ တရုတ်ပုံရိပ်ကတော့ ဖုံသိပ်ခံလိုက်ရပြီ။ ကိုဗစ်၊ ကျားဖြန့်။ BRI။

ခု ရွှေကုက္ကိုမှာ ဒေးဗစ်ကိုဗာဖီးလ်တို့ ရောက်နေကြတယ်။ ရထားကြီးတွေ၊ ကားကြီးတွေ ဖျောက်ပြတာက ရိုးသွားတော့ ပြကွက်သစ်တွေ တင်ဆက်မယ်ပေါ့။

ဖုန်းတွေ ဆင်းကဒ်တွေ ဝါးစားဖျောက်ပြတယ်။ ကွန်ပျူတာတွေ၊ စမတ်တီဗီကြီးတွေ အစီအရီ စီးပြီး ကောင်း‌ကင်‌‌ပေါ်  ပျံတက်သွားကြတာများ ဟယ်ရီပေါ်တာ ကြော်ညာအတိုင်းပဲ။ တရုတ်ကျားဖြန့်ကြီးတွေကို မည်သို့မည်ပုံ ဖျောက်လိုက်သည်မသိ တကွက်နဲ့ နိုင်ငံခြားသားအများကြီး မြေထဲ ဖောက်ဝင်သွားတဲ့ ပြကွက်လည်း မိုက်။ ကျားဖြန့်သိန်းချီကို ဂျုံနယ်သလိုနယ်ပြီး နှစ်ထောင်ထဲထွက်အောင်လုပ်လိုက်တာကတော့ အလွန်မဟာ မဏိဇောတဓရ စွန်းမိုက်။ နောက်ဆုံး စောချစ်သူနဲ့ သူ့မိသားစုပါ ဝုန်းခနဲ မီးစုန်းတောက်ပြီး ပျောက်သွား။ ဖျောက်ချက်တွေကတော့ ကမ်းကုန်၊ အဆောက်အအုံကြီးတွေလိုက်လဲ အံ့မခန်းပျောက်။ အဆောက်အအုံတွေ တလုံးဖျောက်ရင် နှစ်လုံးပေါ်အကွက်ကတော့ ရှယ်ဂွဒ်။

မြန်မာပြည်မှာ စစ်အုပ်စုဟာ ဘိန်းအကြီးအကျယ် စိုက်တယ်။ မူးယစ်ဆေးပြား တကမ္ဘာလုံးစာထုတ်တယ်။ တကမ္ဘာလုံးက လူတွေကို လိမ်ခေါ်ပြီး လူကုန်ကူး ဘဝဖျက် ငွေလိမ်ဂိုဏ်းမြို့တော်ကြီးတွေ တည်တယ်။ ပြည်သူကို နေ့စဉ် ဗုံးကြဲသတ်တယ်။ ရွာတွေကို အလကားနေရင်း မီးလိုက်တိုက်တယ်။ နေစရာ စားစရာမရှိအောင် လုပ်တယ်။ ဘာမဆို ဈေးအဆမတန်တက်အောင် လုပ်တယ်။ ပညာမသင်ရအောင် လုပ်တယ်။ ဆေးကုစရာမရှိအောင် လုပ်တယ်။ အိပ်မက်မရှိအောင် လုပ်တယ်။ အမြဲတမ်း အန္တရာယ်ရှိနေအောင် လုပ်ထားတယ်။ လျှပ်စစ်မီးဖြတ်တယ်။ အလုပ်အကိုင်တွေ ဖျက်တယ်။ ပြည်တွင်းမှာ အလုပ်က မရှိ အန္တရာယ်ပဲ ရှိတော့ နိုင်ငံခြားအလုပ်ထွက် လုပ်ရတယ်။ အဲဒါက တော်လှန်ရဲဘော် နည်းစေတဲ့အပြင် လုပ်အားခတွေကို ပြန်ပို့ခိုင်းပြီး မြန်မာကျပ်ငွေမတန်မရာနဲ့လဲ နိုင်ငံခြားငွေရအောင်ဖြဲတာ။ နိုင်ငံခြားထွက်အလုပ်လုပ်တာကို ပြည်တွင်းပြန်အခွန်ဆောင်ခိုင်းတယ်။ နိုင်ငံခြားမထွက်သာသူတွေကို စစ်ထဲသွင်းတယ်။ သူတို့မိုက်ရိုင်းထွားကျိုင်းဖို့ အသေခံခိုင်းတယ်။ နောက် နိုင်ငံခြားမထွက်နိုင်သူကို ကျားဖြန့်ခြံထဲ မောင်းသွင်းတယ်။ အမေရိကန်ကို အဓိကတားဂက်ထားပြီး ငွေလိမ်ခိုင်းတယ်။ ရိုးရိုးငွေလိမ်မှုမဟုတ်၊ ဘဝဖျက်ငွေလိမ်မှု၊ ကျားဖြန့်။ ရိုးရိုးငွေလိမ်တာက ဖြန့်၊ ခုဟာက ဘဝပျက်အသက်ထွက်အောင် ငွေလိမ်တာမို့ ကျားဖြန့်။ အဲဒါတွေအကုန်လုံးကို တရုတ်အကူအညီနဲ့လုပ်တယ်။ ရှရှားက ပံ့ပိုးတယ်။ အာဏာရှိနေအောင် တော်လှန်ရေးလုပ်တဲ့နေရာတွေ ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ထုတယ်။ စစ်ကြောင်းထိုးတယ်။ အဲဒီအတွက် တရုတ်နဲ့ ရုရှားက တိုက်လေယာဉ်၊ လက်နက်နဲ့ နည်းပညာကူပေးတယ်။

အဲဒီတိုက်လေယဉ်တွေ လက်နက်ကြီးတွေဖိအားနဲ့ တရုတ်ရဲ့ အစီအမံအတိုင်း တအာန်းနဲ့ ကိုးကန့်ဟာ သိမ်းထားတဲ့မြို့တွေ ပြန်လက်လွှတ်ရတယ်။ လက်လွှတ်လိုက်တဲ့နေရာတွေက စစ်ရေး စီးပွားရေး အချက်အချာကျတဲ့နေရာတွေချည်း ဖြစ်တယ်။ ကျန်နေရာတွေ အဖွဲ့တွေကို စပယ်ရှယ်ဖဲ့ဖို့အခွင့်အရေးရသွားတယ်။ ရွာတွေကို မီးတိုက်ရှိန်ပိုမြှင့်တယ်။ 

ဆေးရုံ၊ ဆေးခန်းတွေကို ဗုံးလိုက်ကြဲတယ်။ ကျားဖြန့်နှိမ်နင်းရေးပါ အတုလုပ်ခွင့်ရသွားတယ်။ ကျန်တဲ့သူတွေက တိုက်ဖျက်ခွင့်မသာတော့ဘူး။ မူးယစ်ဆေးပြားလဲ ပိုထုတ်လာတယ်။ ဒါတွေက နိုင်ငံခြားငွေလိုလေ ပိုထုတ်လေပဲ။ ရှိသမျှ စစ်သားအားလုံးအတွက်လည်း ထုတ်ရတယ်။ အဲဒီရာဇဝတ်ကောင်တွေ ရာဇဝတ်နွံက ရုန်းမထွက်နိုင်ဖို့ ဆေးကျွေး လူစိတ်ဖျောက်ပြီး ရာဇဝတ်သားဘဝ တဆင့်ထက်တဆင့်မြှင့်ပေးတယ်။ အလွယ်တကူ လူသတ်ရတယ်။ လူသတ်တာမှ ဒဏ်ရာရနေရင် အချင်းချင်းသတ်ပစ်ထားတဲ့အထိ သွက်သွက်လက်လက် ရက်ရက်စက်စက်လုပ်နိုင်အောင်အထိ ဆေးကျွေးရတာလေ။ ပြီးရင် ရွာသားတွေကိုလဲ လမ်းပြဖြစ်ဖြစ်၊ လူသားတံတိုင်းဖြစ်ဖြစ် ဆွဲလာခေါ်လာပြီး လိုသလောက်သုံးပြီးရင် ချက်ချင်း သတ်ပစ်ရတယ်။ စစ်မှုထမ်းလက်သစ်တွေကို လေ့ကျင့်သတ်ခိုင်းတယ်။ အသက်ရှစ်ဆယ် အဖွားအိုကိုတောင် အုပ်စုလိုက် မုဒိမ်းကျင့် သတ်ဖြတ်တဲ့အထိ ကျွေးရတာကိုး။ စာသင်ကျောင်းတွေအပေါ်ဗုံးကြဲနိုင်ဖို့ဆိုတာလည်း တော်ရုံနဲ့လုပ်လို့မရဘူးလေ။ ဒါတွေအကုန်လုံးကို နိစ္စဓူဝ အလုပ်လို အသားကျအောင်ထိ လုပ်နိုင်ဖို့ ဆေးအလုံအလောက် လိုတယ်လေ။ နိုင်ငံခြားငွေရဖို့ကလဲ ကျားဖြန့်ကလွဲရင် ဒါပဲ ရှိတာလေ။ အဖမ်းပြထားတဲ့ အရေအတွက်ကို ကြည့်ရင် ဘယ်လောက် ထုတ်နေရမလဲဆိုတာ တွက်သာကြည့်ပေတော့။ ထုတ်ရတာလည်း ခက်တာမှ မဟုတ်တာ။ 

မူးယစ်ဆေးပြားရယ်၊ ကျားဖြန့်လိမ်လည်တာရယ် ပေါင်းရင် ခရိုနီတွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့အိတ် နှိုက်စရာမလိုဘူးပေါ့။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar