Breaking News

သီအိုဇော် - ငြင်းပယ်ခြင်းကို ငြင်းဆန်ကြသူများ


သီအိုဇော် - ငြင်းပယ်ခြင်းကို ငြင်းဆန်ကြသူများ

မိုးမခ ၊ ဒီဇင်ဘာ ၈ ၊ ၂၀၂၅


ဓာတ်ပုံတိုင်းမှာ သူ့နောက်ခံဇာတ်ကြောင်းတွေနဲ့သူ ရှိတတ်ကြပါတယ်။ ဓာတ်ပုံမှာ ပါတဲ့သူတွေ၊ ရိုက်ကူးတဲ့ တည်နေရာ၊ အချိန်ကာလ၊ ရိုက်ကူးဖြစ်စေတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး စီကာပတ်ကုံး ပြောဆိုရေးဖွဲ့ချင်စရာတွေလည်း ပေါ်လာစေတတ်ပါတယ်။ ရိုက်ကူးခံရတဲ့သူက ထင်ရှားကျော်ကြားသူ တဦးဆိုရင်တော့ အဲဒီရုပ်ပုံလွှာကို လူတွေက ပိုစိတ်ဝင်စားတတ်ကြပါတယ်။

ဓာတ်ပုံကို  သက်မဲ့သမိုင်းသုတေသီလို့ တင်စားခေါ် ဝေါ် ရနိုင်လောက်အောင် ဓာတ်ပုံတွေက ပြောပြတဲ့သမိုင်းတွေ ရှိကြပါတယ်။ အချက်အလက် အကြောင်းအရာများကို အသက်ဝင်လာအောင် ပုံဖော်ပေးနိုင်တဲ့ ဓာတ်ပုံတို့ရဲ့ အခန်းကဏ္ဍက မသေးလှပါဘူး။

The Lady လို့လည်း နိုင်ငံတကာမှ သိသူ၊ မြန်မာပြည်သူ ပြည်သားများက ‘အမေစု’လို့ မြတ်မြတ်နိုးနိုး ခေါ်ဆိုသူ လူထုခေါင်းဆောင်ရဲ့ ဓာတ်ပုံများစွာကို တွေ့မြင်ဖူးကြမှာပါ။ ထိုများစွာသော ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတဲ့ပုံရိပ်တွေထဲကနေ၊ အခုဒီဆောင်းပါးမှာ မြင်တွေ့ရတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ရွေးနုတ်ပြောပြလိုတာလေးတွေ ရှိပါတယ်။

နိုင်ငံတကာက ချီးမြှင့်ခဲ့တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေက အမြောက်အမြားမို့လို့ အခုလို ဘွဲ့လက်ခံယူတဲ့ ဓာတ်ပုံလေးတပုံက ဘာများထူးခြားမှာလဲလို့ ထင်စရာ အကြောင်းရှိပါတယ်။ ကိုယ်တိုင်လည်းမြင်စက အဲဒီလိုပဲ တွေးမိခဲ့ပါတယ်၊ ဒါပေမဲ့ ဒီဓာတ်ပုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေကြည့်မိတော့မှ၊ အတွေးများစွာကို သယ်ဆောင်ပေးလာတဲ့ ဓာတ်ပုံလေးတပုံအဖြစ် ခံစားမိသွားပါတယ်။

ဒီဓာတ်ပုံဟာ အီဒင်ဘာရာ တော်ဝင်ခွဲစိတ် ဆရာဝန်များကောလိပ် (The Royal College of Surgeons of Edinburgh- RCSEd)က ပေးအပ်တဲ့ ‘Honorary Fellow’ ဂုဏ်ထူးဆောင်ဘွဲ့ ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့တဲ့ အချိန်တုန်းက ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။

ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံသူ အကြောင်းကတော့ အထွေအထူး ထပ်ပြောဖို့ လိုမှာ မဟုတ်ပါဘူး။ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တဲ့ RCSEd အကြောင်းကိုတော့ ဒီနေရာမှာ ထည့်ပြောချင်ပါတယ်။ 

၁၅ ရာစုအတွင်းအထိ သမိုင်းကြောင်းပြန်ပြီးလိုက်လို့ ရတဲ့ RCSEd ဟာ ၁၅၀၅ ခုနှစ်တွင် တည်ထောင်ခဲ့တယ်လို့  ဆိုထားတဲ့ မှတ်တမ်းမှတ်ရာတွေရှိတဲ့၊ ကမ္ဘာ့ရှေးအကျဆုံး ခွဲစိတ်ပညာသင်ကောလိပ်များအနက်က တခုအပါ အဝင် ဖြစ်ပါတယ်။

ဒီလို ခေတ်အဆက်ဆက် ဂုဏ်သိက္ခာ၊ သီလသမာဓိ အပြည့်ရှိတဲ့ ဆေးပညာရှင်တွေ ပါဝင်တဲ့ သမိုင်းဝင်ကောလိပ်အဖွဲ့အစည်း တခုဆီက ‘Honorary Fellow’  ဂုဏ်ထူးဆောင်ဘွဲ့ ရဖို့ဆိုတာက မလွယ်ကူပါဘူး၊ အထူးသဖြင့် ခွဲစိတ်ဆရာဝန် ဒါမှမဟုတ် ဆေးပညာနဲ့ စပ်ဆိုင်တဲ့ ပရော်ဖက်ရှင်နယ်က မဟုတ်ခဲ့ရင် ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဒီအဝန်းအဝိုင်း အပြင်ဘက်ကလူလို့ ပြောလို့ရနိုင်တဲ့အထဲက ချီးမြှင့်ခံရသူဆိုတာမျိုးက အင်မတန်ရှားပါတယ်။ အဲဒီလိုရှားပါးစာရင်းထဲမှာ ၁၉၅၅ ခုနှစ်တုန်းက ဒီဘွဲ့ ချီးမြှင့်ခံရတဲ့၊ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဲလိဇဘက်ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီး ပါဝင်ပါတယ်။ 

“The award of our highest honour is only very exceptionally given to non-surgeons ဆိုတဲ့ RCSEdရဲ့ ဖော်ပြသုံးနှုန်းထားတဲ့ စကားရပ်အရ ဆိုရင် ခွဲစိတ်ပညာနဲ့  ဆက်စပ် ကျန်းမာရေးနယ်ပယ်က မဟုတ်ရင်တော့ ထိတ်ထိတ်ကြဲပုဂ္ဂိုလ် ဖြစ်မှသာ ချီးမြှင့်ခံရမှာဖြစ်တယ်လို့ နားလည်ရပါလိမ့်မယ်။ မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးလိုစိတ် ပြင်းပြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အားထုတ်မှုအပေါ်၊  မြန်မာနိုင်ငံမှာ ခွဲစိတ်ပညာဘာသာရပ်ကို မြှင့်တင်ပေးဖို့ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးနေတဲ့ RCSEdရဲ့ အသိအမှတ်ပြု ချီးမြှင့်မှုလို့လည်း ဆိုနိုင်ပါတယ်။

ဆေးပညာနဲ့ ကျန်မာရေးနယ်ပယ်က မဟုတ်ပေမဲ့ ဗြိတိန်နိုင်ငံက ထိပ်သီးနိုင်ငံရေးသမားတွေ ဆိုရင်လည်း ခွဲစိတ်ဆေးပညာ နယ်ပယ်က ယူကေတော်ဝင်ကောလိပ်တွေက ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်တတ်ပါတယ်။ ဝင်စတန်ချာချီဟာ The Royal College of Surgeons of England ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကိုတော့ ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လို RCSEd ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကိုတော့ မရရှိခဲ့ပါဘူး။

နှစ်ပေါင်း ၅၀၀ ကျော်အတွင်းမှာ RCSEdက ဂုဏ်ထူးဆောင်ဘွဲ့ ရရှိတဲ့ သူမတူအောင် ထူးချွန်တဲ့ ကျန်းမာရေးနဲ့ ဆေးပညာနယ်ပယ် ပြင်ပက ပုဂ္ဂိုလ်တွေ ရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အင်မတန် နည်းပါးနိုင်ပါတယ်။  အာဆီယံဒေသတွင်းနိုင်ငံတွေက ဆေးပညာရှင် မဟုတ်တဲ့ နိုင်ငံရေးသမားတွေထဲကဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်လို RCSEd ရဲ့ ဂုဏ်ထူးဆောင် ဘွဲ့ ချီးမြှင့်ခံရဖို့ကတော့ မရှိသလောက်လို့ပဲတောင် ယူဆရမလိုပါ။

ဒီဓာတ်ပုံမှာ ထည့်ပြောလိုတဲ့ နောက်ထပ် ထူးခြားချက် တခု ရှိပါသေးတယ်။ ဒါကတော့ အီဒင်ဘာရာ တော်ဝင်ခွဲစိတ် ဆရာဝန်များကောလိပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အထိ လာရောက်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပေးခဲ့တယ် ဆိုတာကိုပါ။ အခုဓာတ်ပုံက နေပြည်တော်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာနဲ့ချီပြီး  လေးစားမှု ခံရတဲ့ ဂုဏ်သရေရှိ အင်စတီကျူးရှင်းတခုရဲ့ အခုလို ရှားရှားပါးပါး တလေးတစား အသိအမှတ်ပြု ချီးမြှင့်ခြင်း ခံခဲ့ရတာကတော့ အလွန်ဂုဏ်ယူဝမ်း မြောက်စရာ ဖြစ်ပါတယ်။

ဆောင်းပါးခေါင်းစဉ်နဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာက အခုမှစမှာပါ။ သိပြီးကြတဲ့အတိုင်း ချီးမြှင့်ခံထားခဲ့ရတဲ့ ဆုတွေ ပြန်ရုပ်သိမ်းတဲ့ ဖြစ်ရပ်တွေ၊ ၂၀၁၇ ခုနှစ်တဝိုက်လောက်ကစပြီး ကြုံတွေ့ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ငြင်းပယ်ခဲ့ကြတယ်လို့ ပြောရပါလိမ့်မယ်။

နိုင်ငံရေး အရောင်အသွေးမရှိတဲ့၊ လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးကိုသာ ရှေးရှုတဲ့၊ ခွဲစိတ်ပညာရှင်တွေဘက်ကရော သူတို့ချီးမြှင့်ခဲ့တဲ့ ဆုနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ဆောင်ရွက်ခဲ့သလဲ ဆိုပြီး စိတ်ဝင်စားမိပါတယ်။ RCSEd တော်ဝင်ကောလိပ်ထဲမှာ လူမျိုးစုံ၊ ဘာသာစုံ ရှိကြပါတယ်။ အခြားအခြားသော အဖွဲ့အစည်းများ တွေ့ကြုံ သလို သူတို့ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ပတ်သက်ပြီး၊ ဘယ်လိုဆန်းစစ်တုန့်ပြန်ကြမလဲ ဆိုတာကို စိတ်ဝင်စားမိပါတယ်။

RCSEd အနေနဲ့လည်း ဖိအားတွေ ကြုံခဲ့ပုံရပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းက RCSEdရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ အပေါ်  ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်နေတယ် ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ လူသိရှင်ကြား ထုတ်ပြန်မှုကို အခုအချိန်အထိ မတွေ့ရတာကြောင့် ဆက်လက်အပ်နှင်းထားတယ်လို့ပဲ ယူဆမိပါတယ်။ 

ခွဲစိတ် ပညာရှင်တွေကတော့ သူတို့ဟာ လက်တွေ့ကျကျ ရှုမြင်ဆုံးဖြတ်တတ်တဲ့ သဘောရှိတယ်လို့ ယေဘုယျအားဖြင့် ပြောဆိုလေ့ရှိပါတယ်။ ခွဲစိတ်ဓားသွားပိုင်ရှင်တွေဟာ မှန်တယ်ထင်ရင် သူတို့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်ဆောင်ရွက်ဖို့ ဝန်မလေးကြသူတွေလို့လည်း နားလည်မိပါတယ်။ ဒါဟာလည်း သူတို့ ကျင်လည်နေရတဲ့ နယ်ပယ်ရဲ့ တောင်းဆိုချက်၊လိုအပ်ချက် ဖြစ်ပါလိမ့်မယ်။

ဒီလို ပညာရှင်တွေဘက်က ဒေါ် အောင်ဆန်းစုကြည်အပေါ် သဘောထားမပြောင်းခဲ့တာက အလွန်တန်ဖိုးရှိပါတယ်။ ဒီလို သိက္ခာသမာဓိ ရှိကြသူများဘက်က ငြင်းပယ်ခြင်းကို ငြင်းဆန်ပေးခဲ့ကြတာကို အလေးအနက်ထားကြရပါလိမ့်မယ်။

အခုလာမယ့် ဒီဇင်ဘာလ ၁၀ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)မှာ ပြုလုပ်မယ့် အသံတိတ်သပိတ် လူထုလှုပ်ရှားမှုမှာရော၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ မှာ စီစဉ်ထားတဲ့ All In One Piece Movementမှာပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရားဖမ်း ဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်း သားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်စေရေး ဆိုတဲ့ ရည်ရွယ်ချက် ပါဝင်ပါတယ်။

ဒီပုဂ္ဂိုလ်တွေ အားလုံးအပေါ် မတရား လုပ်ကြံ အမှုဆင်ထားတဲ့အတွက်  ထိုသူတွေရဲ့ အပြစ်ကင်းစင်မှုဟာ အဓမ္မသမားများရဲ့ ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်ခံနေကြရတာပါ။ လူသားတယောက် ပိုင်ဆိုင်တဲ့ လူ့အခွင့်အရေးတွေလည်း ငြင်းပယ်ခံနေရပါတယ်။

ဒီလိုအခါတိုင်းမှာ အထက်က ဖော်ပြခဲ့သလို ငြင်းပယ်မှုတွေကို သတ္တိရှိရှိ ပြန်လည်ငြင်းဆန်နိုင်ကြဖို့ အရေးကြီးပါတယ်။ ဒါမှသာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်ခြမ်းမှာ ရပ်တည်ကြောင်း ပြသနိုင်ပါလိမ့်မယ်။ အသံတိတ်သပိတ် လူထုလှုပ်ရှားမှု၊ All In One Piece Movement တို့လို ငြင်းပယ်ခြင်းကို ငြင်းဆန်တဲ့ လှုပ်ရှားမှုများမှာ ဆက်လက်ပါဝင်ကြခြင်းဟာ၊ တော်လှန်ရေး အရှိန်အဟုန်ကိုလည်း မြှင့်တင်ပေးရာ ရောက်မှာ သေချာပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar