Breaking News

ကန်ဖျားကုန်စိမ်းဈေး အဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းအား ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်ခဲ့ကြ



ကန်ဖျားကုန်စိမ်းဈေး အဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းအား ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်ခဲ့ကြ
ရန်နောင်(ဗိုလ်တထောင်)။ မြိတ် ဇူလိုင် ၁၀ (မိုးမခ)

မြိတ်မြို့ ကန်ဖျားကုန်စိမ်းဈေး အား အဓမ္မပြောင်းရွှေ့ခိုင်းခြင်း အပေါ် ဈေးသူဈေးသားများက ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက မြိတ်မြို့ပေါ်တွင်း စီတန်းလှည့်လည်ရင်း ပြုလုပ်ခဲ့ကြသည်။

မြိတ်စည်ပင်၏ ပွင့်လင်းမြင်သာမှု မရှိပဲ ဈေးသစ်များ တည်ဆောက်နေခြင်းများကို အဂတိတိုက်ဖျက်ရေးကော်မတီမှ စိစစ်အရေးယူဆောင်ရွက်ပေးရန် ၊ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် ကန်ဖျား ကုန်စိမ်းဈေးအား အာဏာသုံးရွှေ့ပြောင်းခိုင်းခြင်းအား အမြန်ဆုံး ဖြေရှင်းပေးရန်၊ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲအား ဦးဆောင်စီစဉ်သူ တဦးက ပြောပြခဲ့သည်။

အဆိုပါ ကုန်စိမ်းဈေးသည် ၂၀ဝ၄ ခုနှစ်ကတည်းက တည်ရှိပြီး ၂၀၁၆ ခုနှစ်မှစတင်၍ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ မြိတ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို က ဆန္ဒပြသခြင်း နှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။

"ကျနော်တို့ စည်ပင်ဘက်က ကြေညာချက်ထုတ်ပြီးသားပါ။ ဇူလိုင် ၁၄ ရက်မှ မဖယ်ရှားခဲ့ရင် စည်ပင်သာယာရဲ့တည်ဆဲဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမှာပါ။"

မြိတ်စည်ပင် အနေဖြင့် ဇူလိုင်လ ၁၄ ရက်နေ့တွင် ကန်ဖျားကုန်စိမ်းဈေးအား ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း စာကပ်ကြော်ငြာထားသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။