Breaking News

အေးငြိမ်း - ဘင်္ဂလားလူငယ်တစ်ယောက်အကြောင်း





အေးငြိမ်း - ဘင်္ဂလားလူငယ်တစ်ယောက်အကြောင်း

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၉
(သူ့ဖေစ့်ဘွတ်ကနေ ယူပါတယ်)


အောက်ပါဆောင်းပါးမှာ CNA ၏ "Inspired by Singapore's education system, Bangladeshi migrant worker starts Polytechnic" ဆောင်းပါးကို တိုက်ရိုက်ပြန်ဆိုထားခြင်းဖြစ်ပါသည်။
Ref:
https://www.channelnewsasia.com/…/inspired-by-singapore-edu…


မိသားစုက မတတ်နိုင်တော့ အထက်တန်းပြီးအောင်တောင် ကျောင်းမတက်နိုင်ရှာ။ သို့သော် စင်ကာပူ၌ အလုပ်လုပ်ပြီး မျက်စိနားပွင့်လာတော့ Joy Sudip Bhadro သည် သူ့မွေးရပ်ဌာနေ၌ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်၏။ စင်ကာပူတွင် ၁၈ နှစ် အလုပ်လုပ်ခဲ့ပြီး ယခုအခါတွင်မူ သူယခင်က မျှော်မှန်းထားသည်ထက်ပိုမို အောင်မြင်ခဲ့လေပြီ။ သူ့ကြောင့်ပင် သူ့မွေးရပ် Habiganj မှ ရာဂဏန်းမျှသောလူငယ်များသည် အင်ဂျင်နီယာဖြစ်ဘို့ အခွင့်အလမ်းများ ရရှိခဲ့ပြီ။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်များကို တစ်နေ့လုံး ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ပြီးသည့်နောက်တွင်မတော့ ဂျွိုင်းအား ပိုလီတက်ကနစ်ကျောင်းပြင်ပ၌ ကျောင်းသားများ ပျားပန်းခပ်မျှ ဝင်ထွက်သွားလာနေကြသည်ကို ငေးမောကြည့်နေသည်ကို တွေ့နိုင်သည်။

ပိုလီကျောင်း၌ ကျောင်းတက်ခြင်းမှာ စင်ကာပူနိုင်ငံသားများအဖို့ရာမတော့ ဘာမှ မထူးဆန်းပါ။ သို့သော် ဂျွိုင်းအဖို့ရာမတော့ တကယ့်ကို ကမ္ဘာသစ်ဖြစ်လေသည်။ သူ့အဖို့ သည်လိုကျောင်းတက်ဖို့ အခွင့်အလမ်းမရှိတော့။ ပြင်ပမှ ငေးကြည့်နေရုံသာ တတ်နိုင်လေသည်။

သူက ကျောင်းသားများကို လေ့လာကြည့်၏။ ပိုက်ဆံမတတ်နိုင်တဲ့အတွက် ငါကျောင်းပြီးအောင် မတက်နိုင်ခဲ့ရတာပါလား ဟု လည်း အခါခါ တွေးနေမိလေသည်။

မိသားစုဝင် ၁၁ ယောက်ရှိသော သူ့မိသားစုကို ထောက်ပံ့ရန်အတွက် ၂၀ဝ၁ ခုနှစ်မှာ သူ စင်ကာပူကိုစလာတော့ အသက် ၂၄ နှစ်။ လခ စင်ကာပူဒေါ်လာ ၆၀ဝ ပဲ ရသည်။ "အဲဒီတုံးက ငါဟာ အင်မတန်ဆင်းရဲခဲ့တယ်။ ဘာဆိုဘာမှ ငါ့မှာမရှိခဲ့ဘူး။" ဟု ယခု အသက် ၄၂ နှစ်ရှိနေပြီဖြစ်သော ဂျွိုင်း က ပြော၏။

သူသည် ဒီပလိုမာလက်မှတ်ရရန် ကျောင်းတက်နေသည့် မြန်မာတစ်ယောက်နှင့်တွေ့၏။ ၎င်းမှာ ယခု ရုံး၌ အလုပ်လုပ်နေရပြီ။ မူလတန်းကျောင်းထွက်လက်မှတ်သာရှိသော ဂျွိုင်းမှာမူ ကာယအလုပ်များကိုသာ လုပ်ရ၏။ ထို့ပြင် ထိုကဲ့သို့ ကာယအလုပ်များ ကိုလုပ်နေရသည်မှာ သူတစ်ယောက်တည်းသာမဟုတ်ကြောင်းလည်း ဂျွိုင်း သတိထားမိသည်။

သူ့ဇာတိမြို့ငယ်လေးဖြစ်သည့် ဟာဘစ်ဂမ်းတွင် များစွာသောလူငယ်တို့သည် မူလတန်းကျောင်းပြီးနောက် အလုပ်လက်မဲ့ဘဝ ဖြင့်သော်လည်းကောင်း၊ လစာနည်းသော အလုပ်များကိုသော်လည်းကောင်း လုပ်ကိုင်နေကြရသည်။ ၎င်းတို့သည် နည်းပညာ ဆိုင်ရာ အတတ်ပညာ၊ ဗဟုသုတမရှိကြသည့်အတွက် ကာယလုပ်သားများအဖြစ် အလုပ်ကြမ်းလုပ်ကာ အသက်မွေးကြရသည်။ ထို့ကြောင့် စင်ကာပူမှ ၃၉၁၇ ကီလိုမီတာ ကွာဝေးသည့် သူ့မြို့ငယ်လေးတွင် ပိုလီတက်ကနစ်ကျောင်းဖွင့်ရန် ဂွိုင်း အိမ်မက် မက် ခဲ့သည်။

ဤသည်မှာ လွန်ခဲ့သည့် (၇) နှစ်က ဖြစ်၏။ ယနေ့တွင်မူ ၎င်းတို့မြို့ကလေး၏ မြို့လယ်ခေါင်ရှိ ဖုန်ထူသော၊ အလုပ်များသော လမ်းများတစ်လျှောက် "North East Ideal Polytechnic Institute" ဟုဆိုင်းဘုတ်တင်ထားသော သုံးထပ်တိုက်တစ်ခုကို တွေ့မြင်နိုင်ပြီ ဖြစ်ပါသည်။

ထိုကျောင်းမှာ ၂၀ဝ ကျော်မျှသော ကျောင်းသားများအတွက် အိမ်လည်းဖြစ်၏။ ထိုမြို့ကလေးအတွက် တစ်ခုတည်းသော သက်မွေးဝမ်းကျောင်း အတတ်ပညာသင်ကျောင်းလည်း ဖြစ်၏။ ကျောင်းကို တည်ထောင်သူကား အခြားသူမဟုတ်။ ဂျွိုင်း ဖြစ်သတည်း။

ဤသည်မှာ ရွှေ့ပြောင်းလုပ်သားလေးတစ်ဦး၏ "ရူးသွပ်မှု" အိပ်မက် ဖြစ်၏။ သို့ဆိုလျှင် ၎င်း၏မျှော်မှန်းချက်များ မည်ကဲ့သို့ ပေါက်မြောက်အောင်မြင်ခဲ့သနည်း။ ၎င်းတို့ အိမ်ကိုပြန်ပြီးနောက် ဘာဆက်ဖြစ်သည်ဆိုသည်ကို CNA (Channel News Asia) က လေ့လာရိုက်ကူးထားပါသည်။

စင်ကာပူမှာ အားလုံးကောင်းတယ်။ အဲဒီမတိုင်မီ အထိပေါ့ . . . . .

သူ့အစ်ကို ကျောက်ကပ်ရောဂါခံစားရသည့်အခါတွင် ဂျွိုင်းသည် မိသားစု၏တာဝန်ကို ပုခုံးပြောင်း တာဝန်ယူလိုက်ရသည်။ သူ့မိသားစုတွင် ပညာရေးအတွက် သူတာဝန်ယူရမည့်ကလေးပေါင်း ၈ ယောက်မျှထိ ရှိ၏။ "လက်တွေ့ဘဝမှာ ငါသာ ဒီအခြေအနေထက် ပိုမြင့်မားအောင် မကြိုးစားခဲ့ရင် ငါ့လိုပဲ ဘဝပေါင်းများစွာ ပျက်စီးသွားစရာရှိတယ်လို့ ငါတွေးမိတယ်။ အဲဒီအတွက် ငါ့ဘဝကို သူတို့အတွက် စတေးလိုက်တယ်။" ဟု ဂျွိုင်းကပြောသည်။

အေးဂျင့်မှတဆင့် စင်ကာပူရှိ မော်တော်ယာဉ်အလုပ်ရုံတစ်ခုတွင် အလုပ်ရသည်။ ၁၁ နှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းမှသည် MRT ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းထိ လုပ်ငန်းမျိုးစုံလုပ်ခဲ့ရ၏။ ပင်ပန်းသော်လည်း ကောင်းပါသည်။ ၂၀၁၂ ခုနှစ် မေလထိဖြစ်၏။ တစ်နေ့ နီကိုဟိုင်းဝေးတစ်လျှောက် သူတစ်ဦးတည်းစက်ဘီးစီးလာစဉ် သူ့စက်ဘီးကို လူငယ်နှစ်ဦးက တွန်းလှဲကာ လက်သီးဖြင့် ထိုး၊ ခြေထောက်ဖြင့်ကန်ကာ မျက်နှာနှင့် ကိုယ်ပေါ်ကိုလည်း တက်နင်းခဲ့၏။

သူသတိမေ့သွားခဲ့၏။ သူ့ပိုက်ဆံအိတ်နှင့် ဖုန်းကို ဓားမြတိုက်ခံလိုက်ရသည်။ မျက်နှာလည်းကျိုးကြေသွားသဖြင့် ခွဲစိတ်ခန်း ဝင်ခဲ့ရ ၏။ "စင်ကာပူသတင်းတွေမှာတော့ ဟိုးလေးတကြော်ပေါ့ကွာ" သူက ပြန်ပြောပြသည်။

သူသက်သာလာသည့်တိုင် နာကျင်နေဆဲဖြစ်၏။ သူ့စိတ်ထဲတွင်မူ နေကောင်းသည်နှင့် ချက်ချင်းအလုပ်ပြန်ဆင်းရန်ဖြစ်၏။ သို့မှသာ သူ့မိသားစုထံ ပိုက်ဆံဆက်ပို့နိုင်မှာဖြစ်သည်။ သူအမြန်ပြန်လည်နေကောင်းလာခြင်းက သူ့ကို စင်ကာပူတွင် ဆက်နေပြီး အလုပ်လုပ်ရန် ခွန်အားများကို ဖြစ်စေသည်။


တစ်နှစ်ခန့်က ဂွိုင်းသည် နိုင်ငံခြားသားအလုပ်သမားများအတွက် အခမဲ့တက်နိုင်သော ကျွမ်းကျင်မှုသင်တန်းများရှိကြောင်း သိလာရသောအခါ သူ့အတွက်အထူးအခွင့်အရေးဖြစ်သည်ဟုခံယူလျက် သင်တန်းသား ၃-၄၀ မျှရှိသော သင်တန်းကို အစဉ်အမြဲ သွားတက်လေတော့၏။ သင်တန်းတွင် ပူနွေးသော အစားအသောက်များလည်း ကျွေး၏။

သူသည် Ministry of Manpower နှင့် Building Construction Authority တို့မှ ပို့ချသော waterproofing works အပါအဝင် ဆောက်လုပ်ရေးနှင့် နှီးနွယ်နေသည့် သင်တန်းများကို တနဂငေ်္နွနေ့တိုင်း လပေါင်းအတော်ကြာအောင် သွားတက်သည်။

ဤအကြောင်းမသိခင်ကမူ သူသည် အပျော်အပါးများနှင့်သာ အချိန်ကုန်နေခဲ့လေသည်။ ဘင်္ဂလားဒေ့ရှ်မှ သာမန်ပညာရေးသာ ရရှိထားသူတစ်ဦးအနေနှင့် သက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်ဆိုသည်မှာ မျက်စိကိုဖွင့်ပေးလိုက်သော အတွေ့အကြုံတစ်ရပ် ဖြစ်ပေသည်။ "လက်တွေ့ဗဟုသုတကမှ တကယ့်ပညာပဲဆိုတာ ငါသဘောပေါက်ပြီ။ ငါ အဲဒါကို အရမ်းသဘောကျတယ်။" ဟု သူကပြောလေသည်။

ထိုအချိန်တွင် မိမိကိုယ်ကို တန်ဘိုးမြှင့်တင်နေသော မြန်မာတစ်ဦးနှင့် ဆုံဆည်းခွင့်ရခဲ့ခြင်းဖြစ်၏။ တပြိုင်နက်တည်းမှာပင် ပိုလီ တက်ခနစ်ကျောင်းတစ်ခုတည်ထောင်ရန် လမ်းစကိုလည်း ပြက်ကနဲ မြင်လိုက်ရသည်။ သို့တိုင် သူ့လက်တို့မှာ တုပ်နှောင်ခံထား ရကြောင်း သူသိလိုက်သည်။

"ငါ စင်ကာပူမှာ အတော်များများလေ့လာခဲ့တယ်။ ဒါပေမယ့် အတော့ကို ကြိုးစားပမ်းစား လုပ်ခဲ့ရတယ်။" သူကဆက်ပြောသည်။ "ဒါနဲ့ ငါ့မိန်းမကို ခေါ်ဘို့ ဆုံးဖြတ်လိုက်တယ်။"

ရီပါဒတ်တာက မူလတန်းပြဆရာမဖြစ်၏။ ဂျွိုင်းထံမှ ဖုန်းဆက်လာသည့်အခါ သူ အတော်စိတ်လှုပ်ရှားနေသည်ကို ကြားရသည်။ "ငါတို့စကြရအောင်" ဂျွိုင်းကပြောသည့်အခါ နင် ရူးနေသလား။ မဖြစ်နိုင်တာ ဟု သူ့မိန်းမက အကြောင်းပြန်လေသည်။

ဂျွိုင်းက သူ့မိန်းမပြောစကားများကို ယခုတိုင်မှတ်မိနေသေးသည်။ နင်ဟာလေ၊ စက်ဘီးတောင်မစီးနိုင်ဘဲနဲ့များ လေယာဉ်ဝယ်ဘို့ စိတ်ကူးနေသေးတယ်။ ကျောင်းထောင်ဘို့ ဘယ်ကပိုက်ဆံရမလဲ။ အနို့၊ သူတို့ကလေးတွေကရော။ (ထိုအချိန်တွင် သူတို့သမီးမှာ ၂ နှစ်၊ ထို့ပြင် သည်နှစ်တွင်ပင် နောက်တစ်ယောက်ထပ်မွေးဘို့ ရှိသေးသည်။)

သူ့စိတ်ထဲတွင်မတော့ သူ့မိန်းမ မယုံနိုင်အောင်ဖြစ်နေသည် ဟု တွေးမိသည်။ "ဆင်းရဲသားတစ်ယောက်ရဲ့မိန်းမဟာ အလုပ်ကြီးတွေ ကို ဘယ့်နှာလုပ် လုပ်နိုင်ပါလိမ့်မတုံး။" သူစိတ်ပျက်လိုက်သည်မှာ ပြောစရာကိုမရှိ။

သို့သော် နောက်တစ်နေ့တွင် သူ့မိန်းမက သူကြိုးစားကြည့်ချင်ကြောင်း ဖုန်းဆက်လာသည်။ သူ့အဖေနှင့်မောင်များကို ကျောင်း တည်ထောင်ရန် ပိုက်ဆံအချို့ထည့်ဝင်ပါမည်အကြောင်း ပြောမည် ဟု ဆိုသည်။

"ရီပါဒတ်တာအလုပ်လုပ်လို့ ရသမျှပိုက်ဆံအားလုံးကို မိသားစုအသုံးစရိတ်အတွက်သုံး။ တစ်လ စင်းဒေါ်လာ ၁၂၀ဝ လောက်ရတဲ့ ငါ့လခကို ကျောင်းထောင်ဘို့အတွက် စုမယ်။" ရသမျှဝင်ငွေ၏ ထက်ဝက်ကျော်ကို မိသားစုထံလွှဲသည်။ သူအိပ်မက်ထားသည့် ကျောင်း တည်ထောင်ရေးအတွက် ယုံကြည်စိတ်ချစွာ သူတို့ထံလွှဲအပ်ခဲ့သည်။

ဂျွိုင်း စင်ကာပူတွင် ဆက်အလုပ်လုပ်နေသကဲ့သို့ သူ့အမျိုးသမီးနှင့် ယောက်ဖများကလည်း တစ်အိမ်တက်ဆင်း ကျောင်းသားများ လိုက်လံ စုဆောင်းနေခဲ့ကြလေသည်။ "ပိုလီတက်ခနစ်ကျောင်းကို သူတို့ အရမ်းစိတ်ဝင်စားနေကြတယ်။" ဟု ယခုအခါ ကျောင်း၏ ဒါရိုက်တာဖြစ်နေသူ ဂျွိုင်း၏ ယောက္ဖ ရင်တူဒတ္တာကပြော၏။

သက်မွေးဝမ်းကျောင်းအတတ်ပညာသည် ၎င်းတို့၏ သားသမီးများအနာဂတ်ကို ပြောင်းလဲသွားစေမည်ဟု ယုံကြည်လာအောင် စည်းရုံးရန် များစွာအားစိုက်ထုတ်ရသည်။ နောက်ဆုံးမတော့ သူတို့သည် ၈ ယောက်မှ ၁၀ ယောက်ထိပါသည့် အစုလေးတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ သူတို့သည် တဲငယ်လေးတစ်ခုအတွင်း ဆရာနှစ်ယောက်နှင့် အစပျိုးခဲ့ကြ၏။ ဤသည်ကား ပိုလီတက်ခနစ် တစ်ခုဖြစ်လာရန် နုံချာလှသည့် အစပျိုးမှုတစ်ခုပင် ဖြစ်ပါတော့သည်။


မြို့လေးအတွက် မျှော်မှန်းချက်
လက်ရှိနေရာမှာလည်း သေးငယ်သော၊ စွတ်စိုထိုင်းမှိုင်းသော၊ ကွင်းပြင်တစ်ခုအနေနှင့်သာ ရှိသေးသည်။ သို့သော် ဆက်ရမည့်ခရီး ကား ဝေးသေးသည်။ ကျောင်း၌ မီးပျက်သည်မှာကား အထူးအဆန်းမဟုတ်တော့။

အလင်းရောင်မှိန်ပျသော အခန်းများအတွင်း ထိုင်လျက်၊ နက်ပြာရောင်ယူနီဖောင်းများ ဝတ်ဆင်လျက်၊ အီလက်ထရောနစ်ဆာ့ကစ်တစ်ခု အလုပ်လုပ်ပုံကို ရှင်းပြနေသည့် ၎င်းတို့၏ ဆရာ ထံတွင် မျက်လုံးများကို စူးစိုက်ထားလျက် ရှိကြ၏။

လောလောဆယ်တော့ ကျောင်း၌ အင်ဂျင်နီယာဘာသာရပ် သုံးခုသာ ပို့ချနိုင်သေးသည်။ Civil Engineering, Electrical Engineering နှင့် Computer Engineering တို့ ဖြစ်၏။ "ဒီဘာသာရပ်သုံးခုဟာ အစိုးရဖက်မှာရော၊ ပုဂ္ဂလိကဘက်မှာပါ အင်မတန် လိုအပ်နေတဲ့ ဘာသာရပ်တွေ ဖြစ်ပါတယ်" ဟု ရင်တုက ရှင်းပြ၏။

၂၀၁၂ ခုနှစ်မှစကာ ၅၇ ယောက်သောကျောင်းသားတို့ နှစ်သုတ်ခွဲ၌ ကျောင်းဆင်းခဲ့ပြီးပြီ။ ၎င်းတို့အထဲမှ ၈၅% သည် သူတို့ လေ့လာသင်ယူခဲ့သော ဘာသာရပ်နှင့်ပတ်သက်သည့် အလုပ်အကိုင်များရရှိခဲ့၏။

ထိုမျှသာမက ကိုယ့်မြို့ကိုယ့်ရွာမှာ ပညာသင်ရသည်ဆိုတော့ ပို၍ အကုန်အကျသက်သာသည်။ ဤကျောင်းမရှိသေးခင် ယခင်အခါ ကာလများက သက်မွေးဝမ်းကျောင်းပညာသင်ရန် အခြားမြို့များဖြစ်သော Sylhet နှင့် Dhaka မြို့များသို့ သွားကြရ၏။ ထိုမြို့ကြီးများ ၌ ကျောင်းလခများမှာ ပိုမိုဈေးကြီးလေသည်။

ဒီပလိုမာလက်မှတ်တစ်ခုရဘို့ ဒါကာ၌ သင်ကြားရမည်ဆိုလျှင် ၈ ဆလောက် ပိုမိုကုန်ကျမည်ဟု မိုဟာမက်က ဆို၏။


North East Ideal Polytechnic Institute ၏ ကျောင်းလခမှာ semester တစ်ခုလျှင် စင်းဒေါ်လာ ၁၃၀ မျှသာ ကုန်ကျရုံမျှမက ဆင်းရဲနွမ်းပါးသည့် မိသားစုမှ ကျောင်းသားများကို ထောက်ပံ့ကြေးပေးသေးသည်။ ဤပိုလီတက်ခနစ်ကျောင်း ပေါ်လာသည့်အခါ အထက်တန်းပညာကို သင်ယူသည့် မိန်းခလေးဦးရေမှာ ပိုမိုတိုးတက်လာသည်ဟု ရီပါကပြောသည်။

သာမန်လူတစ်ယောက်
သည်ကျောင်းမှာ စုပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုဖြစ်သည်ဟု ဂျွိုင်းကပြောသည်။ ကျောင်းမြေနေရာကို သူ့ယောက္ခမ ပေးသည်။ ကျောင်းအုပ်ချုပ်ရေးကို အသက် ၂၇ နှစ်သာရှိသေးသည့် ရင်တုက တာဝန်ယူသည်။

ဂျွိုင်းကိုယ်နှိုက်ကမူ သူ့ကျောင်းက ကျောင်းသားဘယ်နှစ်ယောက် ကျောင်းဆင်းသွားပြီကိုပင်မသိ။ သူက ခါးနာရောဂါကုသရန် လွန်ခဲ့သည့် သုံးလခန့်ကမှ ပြန်လာတာဖြစ်သည်။

၎င်း၏ အိမ်အပြန်ခရီးကား ခါးသီးချိုမြိန်လှပေသည်။ အလုပ်မှထွက်လာရတာဖြစ်သဖြင့် စိတ်ပျက်မိသည့်တိုင် သူစင်ကာပူ၌ စိတ်ကူးယဉ်ခဲ့ရသော ပိုလီတက်ခနစ်ကိုမူ မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ ဖြစ်၏။ သူက သူ့ကျောင်းမှဆင်းကာ ယခု အလုပ်လုပ် နေပြီဖြစ်သည့် ကျောင်းသားဟောင်းတစ်ဦးနှင့် စကားစနေပြောနေလေသည်။

"ငါ နိုင်ငံခြားမှာ ၁၈ နှစ်နေခဲ့တယ်။ ဒါပေမယ့် ငါလည်းပြန်ရောက်လာရော လူတွေဟာ ငါ့ကို လေးလေးစားစား မဆက်ဆံကြဘူး။ ငါတော့ အတော့်ကိုရှက်မိတယ်" ဟုဂျွိုင်းက ပြောသည်။

သူ့အထောက်အပံ့များကိုတော့ အသိအမှတ်ပြုကြပါသည်။

"သူပိုက်ဆံအများကြီးထောက်ပံ့ခဲ့တယ်။ ဘာတွေလုပ်ရမယ်ဆိုတာလည်း ညွှန်ပြခဲ့တယ်။ သူမရှိဘဲ ဒီကျောင်းကြီးဆိုတာ ဖြစ်မလာနိုင်ပါဘူး။" ဟု ရင်တုကပြော၏။

နောက်ကျောင်းတစ်ကျောင်းကို Moulvibazar ရှိ Srimangal တွင်ဖွင့်ရန် ကြိုးစားနေကြလေသည်။


ယခုတော့ ဂျွိုင်းမှာ သူရင်းနှီးမြှုပ်နှံခဲ့သည့်နေရာတွင် အောင်မြင်မှုများအကြား ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နေလေပြီ။ သူပြုစုပျိုးထောင်ပေးခဲ့သော သူ့တူနှင့်တူမများမှာ ယခုအခါ ဆရာဝန်၊ ကျောင်းဆရာဆရာမ၊ ရဲအရာရှိများဖြစ်လျက် နေလေပြီ။

သူ့အရပ်တွင် ထင်ပေါ်ကျော်ကြားသူတစ်ယောက် ဖြစ်လာလင့်ကစား ဂျွိုင်းမှာ ရိုးရိုးသားသားပင် နှိမ်ချနေလေသည်။

"ငါဟာ သာမန်အရပ်သားတစ်ယောက်ပါကွာ။ ဒါပေမယ့် ငါအခု သဘောပေါက်သွားတာတစ်ခုရှိတယ်။ ငါဟာ ကြီးမြတ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်တော့ ဖြစ်ချင်မှ ဖြစ်နိုင်မယ်။ ဒါပေမယ့် ဟောသလို အသေးအဖွဲလေးတွေကိုတော့ ငါလုပ်နိုင်ပါသေးတယ် ဆိုတာပဲ။"