Breaking News

မောင်ရစ် - အေအိုင်တွေနဲ့ တိုင်းပြည် ဆိုပါလား



မောင်ရစ် - အေအိုင်တွေနဲ့ တိုင်းပြည် ဆိုပါလား

(အတွေးအမြင် ဩဂုတ် ၂၀၁၉)
မိုးမခ၊ ဩဂုတ် ၁၅၊ ၂၀၁၉နည်းပညာတွေက ခေတ်ကို ဆန်းသစ်စေတယ်ဆိုကြတယ်။ အရင်ခေတ်ထဲမှာ နေခဲ့တဲ့သူတွေကတော့ သူတို့သိတာ facebook google twitter တို့လောက်ပဲ ရှိတာပေါ့။ ဘယ်နှယ့် ဖေ့စ်ဘွတ် ဂူးဂဲနဲ့ တွစ်တာကို ခေတ်ဟောင်းထဲ ကျန်ခဲ့တယ်ဆိုရတာတုန်း။ ဒို့မြန်မာပြည်မှာ သုံးလို့ ကောင်းတုန်းရှိသေးတယ် မပြောပါနဲ့။ ခေတ်ဆန်းချိန်မှာ သူတို့ ကျန်ခဲ့ပြီ။

ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ ဂူးဂဲ သုံးစွဲသူတွေဟာ အသုံးချသူတွေမဟုတ်တော့ဘူး။ အသုံးချခံတွေ ဖြစ်သွားပြီ။ သားကောင်တွေလို့ သိလိုက်ချိန်က စပြီး သူတို့ခေတ်ဆုံးသွားတော့တာပဲ။ ခင်ဗျားတို့ အမေရိကားမှာ ဒေါ်နယ်ထရန့် ဘယ်လိုသမ္မတဖြစ်သွားတာတုန်း မေးခွန်းကို ပြန်ကြည့်ပါ။ ရုရှားတွေ လက်ယာစွန်းတွေ နိုင်ငံရေးအမြတ်ထုတ်သူတွေက အဲသည်ဖေ့စ်ဘွတ် တွစ်တာ ဂူးဂဲကို အသုံးချပြီးတော့ ပရိသတ်ကို လှည့်ဖြားကြတယ်။ သွေးထိုးလှုံ့ဆော်ကြတယ်၊ လုပ်ကြံကြတယ်၊ ဖြားယောင်းကြတယ်။ မဲပေးချိန်မှာ ထရန့်ကို သူတော်ကောင်းကြီးထင်ပြီး မဲပေးလိုက်မိကြတော့ အခု ခင်ဗျားတို့အမေရိကားကြီး လေးဘက်ပစ်နေတယ် မဟုတ်ဘူးလားဗျာ။ မြန်မာပြည်ကို ကြည့်ပါဦး၊ ဘာသာရေးအစွန်းရောက်တွေက လူတွေကို သွေးဆောင်ဖြားယောင်းပြီး သွေးထိုးမှုတွေ မမှန်သတင်းတွေ လုပ်ကြံမှုတွေနဲ့ အသုံးချ အမြတ်ထုတ်လိုက်တဲ့အခါ ဖေ့စ်ဘွတ်ပြည်ထောင်စုုမြန်မာနိုင်ငံတော်ကြီး ဇီးသီးဗန်းမှောက် ဖြစ်ကြရတယ် မဟုတ်လား။

သည်တော့ အဲဒီကောင်တွေ ရာဇဝင်ထဲ ကျန်ရစ်ခဲ့ပြီ။ ဒီကောင်တွေက မယုံရဘူး၊ ကိုယ်ကျိုးရှာ တလွဲသုံးလို့ရတယ်လို့ သိလိုက်ရချိန်၊ အဲဒါကို နောက်မဖြစ်ရအောင် ကာကွယ်နိုင်ဖို့လည်း ဖြစ်နိုင်ချေ နည်းနေတာ မြင်နေရချိန်မှာ အဲသည်ကောင်တွေကို စွန့်လွှတ်ရတော့မယ်ဆိုတာ စားသုံးသူတွေ ပရိသတ်တွေ အသိတရားရချိန် ဖြစ်ပါတယ်။ ဒီမီးခံသေတ္တာကို ဝယ်ပြီးမှ စိတ်မချရဘူးဆိုတာ သိရရင် သိသိချည်းနဲ့ ဆက်သုံးမလား။ နည်းပညာထုတ်ကုန်တခုဟာ ခေတ်အတွက် အကျိုးမရှိနိုင်တော့ဘူးဆိုရင် စွန့်လွှတ်လိုက်ကြတာ ကောင်းပါတယ်။ ဆက်ဖက်တွယ်မထားသင့်တော့ဘူး။ ရွေးစရာမရှိလို့ ဆက်သုံးနေရဦးမယ်ဆိုရင်လည်း ချင့်ချင့်ချိန်ချိန် သတိထားပြီး သုံးပေါ့။ အားလုံး ပုံမထားကြနဲ့လေ။

ဒါဆိုရင် အခု နည်းပညာခေတ်သစ်ကြီးက ဘာတွေဖြစ်နေလို့တုန်း။ ကဲ မေးစမ်းပါဗျာဆိုရင် … အခု ခေတ်စားနေတဲ့ အသစ်အဆန်းတွေကို လက်ထောက်ပြရမှာပဲ။ Artificial Intelligence – ဖန်တီးထားတဲ့ ဉာဏ်ရည်တု၊ Machine Learning – သင်ပေးလို့ရတဲ့ စက်စနစ်များ၊ Internet of Thing – နက်ဝပ်ချိတ်ထားတဲ့ စမတ်ကိရိယာများ၊ Big Data – များပြားလှတဲ့ အချက်အလက်ဘဏ်များ၊ Cloud – အင်တာနက်ဘီဒို၊ Automation – အလိုအလျောက် ခိုင်းစေနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ကဲ ဟုတ်ပါပြီ … အထူးအဆန်းဝေါဟာရတွေချည်းပါလား။ ငါတို့ စမတ်ဖုန်းထဲမှာလည်း မတွေ့ရသေးပါဘူးလို့ ဆိုရင် … ဥပမာတွေကတော့ – Amazon တို့ Uber တို့ ကို လက်ညိူးထိုးပြရမှာပဲ။

သဘောကတော့ အမေဇုံကနေ လူတွေဟာ စျေးဝယ်တယ်၊ စာအုပ်ဖတ်တယ်၊ စီးပွားရေးလုပ်ငန်းတွေက အမေဇုံက နည်းစနစ်တွေမှာ အလုပ်လုပ်တဲ့ စနစ်တွေ တည်ဆောက်ကြတယ်၊ ဝန်ဆောင်မှုတွေ ပေးကြတယ်။ အမေဇုံ Cloud မှာ ခုနင်ကပြောတဲ့ လုပ်ငန်းတွေရဲ့ Big Data တွေ သိမ်းဆည်းပြီးတော့ စက်တွေကို ကိုယ့်ဖာသာကိုယ် သင်ကြားမှု – machine learning လုပ်ခိုင်းတယ် ဒီက ရလာတဲ့ ရလဒ်ကို automation အော်တိုလုပ်နိုင်အောင် လုပ်တဲ့ ဉာဏ်ရည်တု – AI ဖန်တီးတယ်။ သည်လို ပြောလို့ရတယ်။ Uber က ကားမောင်းသူတွေ ကားစီးသူတွေ သူတို့လမ်းကြောင်းတွေကို Big Data အဖြစ် သိမ်းတယ်၊ machine Learning လုပ်တယ်၊ automation အဖြစ် မောင်းသူမဲ့ကား စမ်းသပ်တယ်၊ သူ့ဆင်ဆာတွေ အာရုံခံကိရိယာတွေက ချိတ်ဆက်ထားတဲ့ internet of thing တွေချည်းပဲ။ သူကလည်း AI နဲ့ မောင်းနေတာပဲ လို့ ဆိုနိုင်တယ်။

သည်တော့ ဖေ့စ်ဘွတ် တွစ်တာ ဂူးဂဲတို့ဆိုတာက ပရိသတ်ဆီကနေ သူတို့လိုချင်တဲ့ အချက်အလက်တွေ စောင့်ကြည့် သဲ့ယူပြီးတော့ သရုပ်ခွဲပြီးတော့ အမြတ်ထုတ်ဖို့ သုံးကြတာချည်းပဲဆိုတာ လူတွေက သဘောပေါက်လာတယ်။ ဘယ်ဟာမှ အလကားမရဘူးပေါ့။ သူတို့က နောက်ခေတ်သစ်တခုဆီကို သွားနေကြတယ်။ AI တတ်ဆင်ထားတဲ့ ခေတ်ပေါ့။ လူတွေကို တချို့နေရာတွေမှာ အစားထိုးပြီး စက်တွေက အလုပ်ဝင်လုပ်တဲ့ခေတ်၊ နောက်တမျိုးကတော့ လူတွေက စက်တွေကို အသုံးချပြီး သက်သာအောင် နေနိုင်တဲ့ခေတ်၊ နောက်တဖက်ကကြည့်ရင် သူများထက်သာတဲ့သူတွေက စက်တွေသုံးပြီး နိမ့်တဲ့သူတွေကို မောင်းနှင်ခိုင်းစေမယ့် ခေတ်၊ အဲသလိုမျိူး ပြောရမယ် ထင်တယ်။

လူတွေကို အချို့နေရာမှာ အစားထိုးတယ်ဆိုတာက မောင်းသူမဲ့ကားတွေကို ဆိုလိုတာပေါ့။ စက်တွေကို အသုံးချပြီး သက်သာအောင်ဆိုတာက အခုအိမ်တွေမှာ အမှိုက်လှဲ၊ အိမ်လုံခြုံရေး၊ ရေတင်၊ မီးဖွင့်ကို စက်ကနေ ခိုင်းတာမျိူး၊ သူများထက်သာတဲ့သူတွေက စက်တွေသုံးပြီး နိမ့်တဲ့သူတွေကို ခိုင်းတယ်ဆိုတာကတော့ – လက်ရှိဥပမာအနေနဲ့ပြောရင် ဖေ့စ်ဘွတ်သုံးတဲ့သူတွေကို အာဏာရှင်တွေ အရင်းရှင်တွေ လုပ်ငန်းရှင်ကြီးတွေက အသုံးချပြီး စျေးဝယ်အောင် မဲပေးအောင် ခိုင်းစားနေတာမျိုး ဖြစ်ပါတယ်။ ရှင်းတယ် မဟုတ်လား ဗျာ။

အေအိုင်ဆိုတဲ့ ဉာဏ်ရည်တုနဲ့ ချိတ်ဆက်ထားတဲ့ စနစ်တွေဟာ တဖြေးဖြေးနဲ့ လူမှုဘဝထဲ ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ တိုင်းပြည်တွေကိုယ်တိုင် အစိုးရတွေကိုယ်တိုင်မှာလည်း သမိုင်းနဲ့ ချီ လူဦးရေ သန်းချီသော အချက်အလက်တွေ ဖင်ခုထိုင်ထားတော့ အဲသည် big data, machine learning, automation, internet of thing တွေနဲ့ AI ကို အသုံးချပြီး တိုင်းပြည်ကို လည်ပတ်လာကြပြီ ဆိုနိုင်တယ်။

တရုတ်ပြည်မှာ လူတွေရဲ့ မျက်နှာကို ဖတ်နိုင်တဲ့ ကင်မရာတွေ တတ်ထားတယ်၊ စနစ်တွေ တီထွင်ထားတယ်၊ လူတွေရဲ့ မျက်နှာကို ဖတ်ပြီး လူတွေကို ပုလိပ်တွေက စိစစ်တယ်။ ဒါကို လူအခွင့်အရေးထိခိုက်တယ်လို့ အပြင်က ဝေဖန်ကြပါတယ်။ အမေရိကန်မှာလည်း မြို့ကြီးတွေမှာ လုံခြုံရေးကင်မရာတွေကနေ လူတွေကို ဘယ်လို ဖတ်ရှုနေတယ်ဆိုတာ အတိအကျ မသိနိုင်ကြသေးပါဘူး။ ဒါတွေက အေအိုင်နဲ့ ထိန်းပြီး စောင့်ကြည့်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလိုမြို့တော်တွေကို smart city လို့ ခေါ်လာကြတယ်။ တခြား ဘာတွေ လုပ်နိုင်ကြသေးသလဲ။ မြို့တော်စည်ပင်သာယာက အမှိုက်လှဲတာ ရေပိုက်ပြင်တာ မီးပြင်တာ ဘတ်စကားတွေ ထိန်းကြောင်းတာတွေကို လုပ်ကြပါတယ်။ လူတွေ သိပ်ထူထပ်ချိန်မှာ ဘတ်စကားများများ လွှတ်ပေးတယ်၊ ပုလိပ်တွေ ပတ္တရောင်လှည့်ခိုင်းတယ်၊ ဒါမျိုး။

နယူးယောက်၊ ဝါရှင်တန်ဒီစီနဲ့ ဥက္ကလံမြို့တော်တွေမှာ မြို့နယ်တချို့မှာ အသံဖမ်းဆင်ဆာတွေ တတ်ထားတယ်၊ သေနတ်သံကို ဖတ်နိုင်အောင် သင်ထားတယ်၊ သေနတ်သံလို ထင်တာနဲ့ နေရာကို ထောက်လှမ်းတယ်၊ မြေပုံထုတ်တယ်၊ ဘယ်သေနတ်မျိုးလဲ ခွဲခြားတယ်၊ အဲသည်မှာရှိတဲ့ လူဆိုးစာရင်းကို စစ်ဆေးပြီး စာရင်းလုပ်တယ်၊ အရင်က အမှုတွေကိုလည်း စီပေးတယ်၊ ပြီးတာနဲ့ ရဲကွန်ထရိုးခန်းကို ပို့တယ်၊ ရဲက အဲသည်နေရာကို အချက်အလက်စုံနဲ့ သွားစစ်ဆေးရုံပဲ။ သည်လိုလုပ်နိုင်လို့ ရာဇဝတ်မှု ကျဆင်းတယ် ဆိုကြပြန်တယ်။

မော်စကိုမှာကတော့ လူတွေရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို အေအိုင်ထဲ ထည့်ထားတယ်။ သူတို့ရဲ့ ဓာတ်မှန်တွေ စကင်ဖတ်တာတွေကို ပြန်စစ်ခိုင်းတယ်။ သည်တော့ အရင်က ကြိုမထောက်လှမ်းမိတဲ့ အဆုပ်နာတို့ ရင်သားကင်ဆာတို့ လက္ခဏာတွေကို ပြန်ဖတ်မိပြီး ကြိုတင် ကုသပေးနိုင်တယ်လို့ သိရပါတယ်။

တိုင်ဝမ်မှာကတော့ လေထုသန့်ရှင်းမှုကို စစ်ဆေးကောက်ယူတဲ့ ဆင်ဆာတွေ တတ်ပြီး အချက်အလက်တွေကို တောက်လျောက်စစ်နေတယ်။ လူထုကို သတင်းပို့တယ်။ ဘယ်နေရာမှာ လေထုညစ်ညမ်းနေပြီဆိုရင် လူတွေကို နှာခေါင်းစီး တတ်ခိုင်းတယ်။ သည်လို အေအိုင်နဲ့ လုပ်နိုင်တယ်။ နယူးယောက်ကလည်း ဆေးရုံတွေမှာ ရာသီပေါ်ဖျားနာမှုကို စာရင်းကောက်တယ်၊ ဥပမာ – တုတ်ကွေးရာသီမှာ အဖြစ်များလာပြီ ဆိုတာနဲ့ သတင်းပေးတာ၊ ကြိုတင်ကာကွယ်ခိုင်းတာ၊ ဆေးတွေ ပြင်ဆင်တာ စသည်ဖြင့် လုပ်လာကြတယ် ဆိုပါတယ်။ ဗီယက်နမ် ဟိုချိမင်းမြို့တော်က သူတို့ မြို့တော် တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကွက်တွေကို ကောင်းကင်ဂြိုလ်တုကနေ ရိုက်ကြည့်ပြီး ပရိုဂျက်အတွက် လူထူထပ်မှု ယာဉ်ကြောပိတ်ဆို့မှု နည်းအောင် မျှတမှုရှိအောင် ဆောင်ရွက်လာကြပြီ ကြားတာပါပဲ။

ဆိုတော့ ခေတ်သစ်ကို အမှီလိုက်ချင်တဲ့လူတွေကလည်း အေအိုင်နဲ့ စနစ်တွေ စမတ်စနစ်တွေကို မျက်စိဒေါက်ထောက် ရှာဖွေလာကြပါတယ်။ သာမန်ကာရှန်ကာ ဖေ့စ်ဘွတ် ဂူးဂဲ တွစ်တာလောက်က ရှယ်တာလောက် အဟုတ်ကြီးထင်ပြီး မိန်းမောမနေဘဲ တကယ်ကို မိမိအတွက် အသုံးကျမယ့် အချက်အလက်ကို ရှာလာတယ်၊ အဲသည်အပေါ်မှာ ဆင်ခြင်စဉ်းစားလာကြတယ် ဆိုပါတယ်။ ပညာရေးမှာ သူများတွေ ယောင်တိုင်း လိုက်ယောင်တာ မဟုတ်တော့ဘဲ တကယ်အသုံးဝင်မယ့် ဗဟုသုတမျိုးကို ရှာဖွေလာကြတာ စဉ်းစားလာကြတာ လုပ်လာကြပါတယ်။ သို့သော် ခေတ်သစ်က ဘယ်အချိန် ဆန်းမယ်မှန်း မသိသေးတော့ ခုချိန်မှာ အားလုံးက အုတ်အရောရော ကျောက်အရောရော ဖြစ်နေဆဲပါ။ မည်သို့ဆိုစေ ကျနော်တို့ ပရိသတ်က ဒါကို သတိပြုမိဖို့ အာရုံမပျောက်ဖို့ နှိုးဆော်ချင်လို့ ဒီစာ ရေးလိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျား။