Breaking News

မောင်စွမ်းရည် - လှကျော်ဇော်ရေး ဗိုလ်မှူးကျော်ဇော ရာပြည့် တပ်ပြုပြင်ပြောင်းလဲရေး စာအုပ်



မောင်စွမ်းရည် - လှကျော်ဇော်ရေး ဗိုလ်မှူးကျော်ဇော ရာပြည့် အထိမ်းအမှတ် တပ်ပြုပြင်ပြောင်းလဲရေး စာအုပ်ကို အကြောင်းပြုပြီး…

(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၁၉


လှကျော်ဇော ဆိုတာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောရဲ့ သမီး ဒေါက်တာလှကျော်ဇော ဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းရဲ့ ချောင်ပိတ် တွန်းထုတ်မှုကြောင့် မိသားစုလိုက် တောခိုသွားကြရာမှာ ဗိုလ်ကျော်ဇောနဲ့အတူ သမီး လှကျော်ဇောလည်း ပါသွားရပါတယ်။ သမီး ဆရာဝန် ပါသွားတဲ့အတွက် မိဘတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်နိုင်တဲ့အပြင် အဖေ ရေးချင်ရာ ရေးဖို့ကိုလည်း အကူအညီပေးနိုင်တဲ့ အတွက် လွတ်လပ်ရေးသမိုင်း၊ ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ဗမာ့တပ်မတော်သမိုင်း စတဲ့ သမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်တွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။

အခုစာအုပ်ဟာ မြန်မာပြည်၊ ရန်ကုန်မြို့၊ ယဉ်မျိုးစာအုပ်တိုက်က ၂၀၁၉ ခုနှစ် မတ်လထဲမှာ တရားဝင် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ စာရေးသူကတော့ ဗမာ့လွတ်လပ်ရေး သက်တမ်းနဲ့အမျှ မတရားအသင်း ကြေညာခံထားရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ကွန်မြူနစ်တဦး ဖြစ်ပါတယ်။ ကွန်မြူနစ်လို့ ဆိုလိုက်ရင် မြန်မာအစိုးရ အဆက်ဆက်က တဖက်သတ် ရေးသားမှုတွေကြောင့် ဒီခေတ်လူငယ်များက (လူကြီးများပါ) မိစ္ဆာဒိဋ္ဌိ ကြောက်စရာကြီးတွေလို့ ထင်မှတ်ခံရသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ မကြောက်ပါ။ သမိုင်း သိနေလို့ပါ။ ဒေါက်တာသန်းထွန်း ပြောဖူးသလိုပဲ ‘သမိုင်းသိတော့ မအဘူးပေါ့’။

လွတ်လပ်ရေး တိုက်ပွဲတွေကို ဦးဆောင်ခဲ့တဲ့ ဖ.ဆ.ပ.လ(ဖ.တ.ပ.လ) ဆိုတာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပထမကလာပ်စည်း အတွင်းရေးမှူး သခင်အောင်ဆန်းနဲ့အတူ ကွန်မြူနစ် သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း စသူတို့က ဦးစီးတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်များ ဖြစ်ကြတဲ့ ဗိုလ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဇေယျ၊ ဗိုလ်တာရာ စတဲ့ ဗိုလ်တွေဟာလည်း ကွန်မြူနစ်တွေပဲ ဖြစ်ပါတယ်။ ဖ.ဆ.ပ.လ မှာ သဘောကွဲလွဲကြပြီး အထက်စီးရတဲ့ ဦးနု၊ ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ် အုပ်စုက တောထဲကို မောင်းထုတ်တာ ခံရလို့ (ခံရကတည်းက ညံ့လို့ပေါ့ဗျာ) တောထဲ ရောက်နေကြရတာ ဒီနေ့အထိပါပဲ။ လွတ်လပ်ရေး သက်တမ်းနဲ့အမျှ ဆိုပါတော့။ ဒီသမိုင်းကို ကျွန်တော်တို့ သိထားပါတယ်။

ဗိုလ်ချုပ်ကျော်ဇော ဆိုတာ ရဲဘော်သုံးကျိပ်ထဲမှာ အသက်အငယ်ဆုံး တယောက် ဖြစ်ပေမယ့် ကျောင်းဆရာဘဝက လာသူ ဖြစ်လို့ အစ စနစ်ကျတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းက မျက်စိကျပါတယ်။ စစ်သားတွေ၊ စစ်ဗိုလ်တွေ လေ့ကျင့်သင်ကြားစရာ ရှိရင် ပဲခူးမှာရှိတဲ့ ဗိုလ်ကျော်ဇောရဲ့ တပ်ရင်း (၄) ကို ပို့ပြီး လေ့ကျင့်သင်ယူစေပါတယ်။ ဗြိတိသျှအစိုးရက လွတ်လပ်ရေး ပေးခါနီးမှာ ဗမာ့တပ်မတော် ဖွဲ့စည်းရေးအတွက် ဆွေးနွေးဖို့ ကန္ဒီစာချုပ် ချုပ်ဆိုဖို့ သွားရာမှာ ဗိုလ်ချုပ်ကျော်ဇော ပါဝင်ခဲ့ရပါတယ်။ လွတ်လပ်ရေး ရခါနီး ရွှေတိဂုံခြေရင်း ဖ.ဆ.ပ.လ လူထုစည်းဝေးပွဲကြီးမှာတောင် ဗိုလ်ချုပ်အောင်ဆန်းက သူနဲ့အတူ ညီညွတ်ရေး အဆိုကို တင်သွင်းဖို့ တာဝန်ပေးခံရသူလည်း ဖြစ်ပါတယ်။

ဗိုလ်နေဝင်း ဆိုတာ ရဲဘော်သုံးကျိပ်ထဲမှာ ဘယ်သူ ကွန်မြူနစ်၊ ဘယ်သူ ဆိုရှယ်လစ် ဆိုတာ အတွင်းသိ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ အသုံးချစရာ ရှိသမျှ လက်ကုန်နှိုက်ပြီး အသုံးချပြီးတဲ့အခါမှာ တပ်တွင်းမှာ သူ ထင်ရာလုပ်လို့ရအောင် အတွင်းသိ လူဟောင်းတွေကို တယောက်ချင်း တဖြည်းဖြည်းချင်း အကုန်ထုတ်ပစ်ခဲ့ပါ တယ်။ တရုတ်ဖြူ တွန်းလှန်ရေးနဲ့ အင်းစိန်တိုက်ပွဲလို သူ့နဲ့ သူ့လူတွေ မတိုက်နိုင်တဲ့ တိုက်ပွဲမျိုးတွေမှာ ဗိုလ်ကျော်ဇောကို တိုက်ခိုင်းပြီးနောက် သူ အလိုမရှိတော့တဲ့အတွက် ကွန်မြူနစ်ပုဒ်မနဲ့ အရေးယူပြီး ထုတ်ပယ်ပစ်ပါတယ်။ ဒါလည်း ဖြောင့်ဖြောင့်မနေနိုင်အောင် စောင့်ကြည့်ပြီး နှောင့်ယှက်နေတဲ့အတွက် ဗိုလ်ကျော်ဇောတို့ မိသားစုဟာ မြေပေါ် မနေနိုင်ဘဲ တောထဲကို ထွက်သွားခဲ့ရပါတယ်။

ဒီနေ့ လူငယ်တွေ သိအောင် ပြောရရင် ဗိုလ်ကျော်ဇော တပ်က ထွက်လာတော့ မြုပ်မသွားဘဲ ဗမာပြည်သူတွေ ကြားမှာ ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လက်ရုံးတဆူအဖြစ် လူထုဦးလှ၊ လူထုဒေါ်အမာ၊ စာရေးဆရာ ဗန်းမော်တင်အောင်၊ ရှေ့နေကြီး ဦးထွန်းအောင်၊ စာရေးဆရာ လင်းယုန်မောင်မောင် စတဲ့ နိုင်ငံရေးလောကထဲက လူပုဂ္ဂိုလ်အမျိုးမျိုးနဲ့အတူတူ လှုပ်ရှားပေါ်ထွက်လာခဲ့ပါ တယ်။ ဒါ့ကြောင့် ဗိုလ်နေဝင်းက ပိုပြီး ကြည့်မရ ဖြစ်လာခဲ့ရာ မြို့ထဲနေ တောထဲကို သွားအောင် လုပ်ခဲ့ပါတယ်။ ဒါမှ တရားဝင် လိုက်ပြီး သေနတ်နဲ့ပစ် အပြတ်ရှင်းလို့ ရမှာ မဟုတ်လား။

ဗိုလ်ကျော်ဇောဟာ မြန်မာပြည် တောတွေ တောင်တွေထဲကတဆင့် တရုတ်ပြည်ထဲ ရောက်သွားပြီးနောက် ကွန်မြူနစ်တယောက်အဖြစ်နဲ့ တသက်လုံး နေထိုင်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကျော်ဇော ကွယ်လွန်ခါနီးမှာ ရွှေတိဂုံဘုရား ဖူးချင်တယ်လို့ တမ်းတတယ်ဆိုလို့ ကွန်မြူနစ် ဆိုတာ ဘာသာတရား မရှိဘူးလို့ ဦးကျော်ငြိမ်းတို့က မိစ္ဆာဒိဋ္ဌိအဖြစ် ဝါဒဖြန့်ထားတာလောက်ကိုသာ တဖက်နားနဲ့ ကြားဖူးသူများက အံ့ဩကြပါတယ်။ ကျွန်တော် ဗမာပြည်မှာ ရှိစဉ်က ဆရာကြီးမှိုင်းရဲ့ ဂူဗိမာန် စောင့်ရှောက်ရေး ကော်မတီဝင်များအဖြစ် ဆုံဖူးကြရာက ဗိုလ်ချုပ်ကျော်ဇောနဲ့ ကျွန်တော်နဲ့ သိကျွမ်းရင်းနှီးတာကို သိတဲ့ မိတ်ဆွေများက မေးလို့ ရှင်းပြရတယ်။

ကွန်မြူနစ်တွေမှာ ဘာသာတရား မရှိဘူးဆိုတာ ကားလ်မာ့က်စ်တို့၊ အိန်ဂျယ်တို့၊ လီနင်၊ စတာလင်တို့က ပြောကြတယ်။ သူတို့ဘုရားက ‘ဖန်ဆင်းရှင်’၊ ‘ထာဝရဘုရား’မို့ သူတို့က သူတို့ဘုရားကို မကြိုက်ဘူး။ တို့ဘုရားက ဖန်ဆင်းရှင်လည်း မဟုတ်၊ ထာဝရဘုရားလည်း မဟုတ်။ လူစင်စစ် ဖြစ်လို့ သက်တော် ရှစ်ဆယ်မှာ ပရိနိဗ္ဗာန်စံခဲ့တာလို့ ရှင်းပြရပါတယ်။

“ကွန်မြူနစ် မကြိုက်တဲ့ ဘုရား(God) ထဲမှာ ဂေါတမ မပါဘူး”လို့။

ဗိုလ်ချုပ်ကျော်ဇောနဲ့ ကျွန်တော်ဟာ လူပုဂ္ဂိုလ်အရ သိကျွမ်းရင်းနှီးလို့ သူ့စာအုပ်တွေလည်း အားလုံး ဖတ်ရဖူးပါတယ်။ အမေ လူထုဒေါ်အမာက “ရှင့်အတွေ့အကြုံတွေကို စာရေးဖြစ်အောင် ရေးပါလို့ တဖွဖွ မှာလို့တဲ့။ ဗိုလ်ချုပ်ကျော်ဇောဟာ သူ့အတ္ထုပ္ပတ္တိကိုသာမက တခြား အတွေ့အကြုံတွေကိုပါ ရေးသား ထုတ်ဝေသွားခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မင်းခေါင်၊ ဗိုလ်တာရာ စသူတွေလို ရဲဘော်သုံးကျိပ်ဝင် စာရေးသူတယောက် ဖြစ်သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်ထဲမှာ ဗိုလ်ချုပ်ကျော်ဇောဟာ အသက် အငယ်ဆုံးထဲမှာ ပါဝင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲပြီး တပ်မတော် ထူထောင်ရာမှာ ရှေ့တန်းက ပါဝင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တပ်မတော်ထဲမှာလည်း တပ်တည်ထောင်စကနေ ထုတ်ပစ်ခံရတာအထိ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင့် တပ်မတော်အပေါ် သံယောဇဉ်ကြီးပြီး တပ်ပြုပြင်ရေးကို အထူးအာရုံစိုက်ပြီး အခွင့်ကြုံတိုင်း တပ်မတော်သားတွေကို တပ်မတော် ပြုပြင်‌ရေး စကားတွေ ပြောကြားခဲ့ပါတယ်။

‘တော်လှန်ရေးနေ့’ကို ဗိုလ်နေဝင်းက တပ်မတော်နေ့အဖြစ် အပိုင်ယူထားပါတယ်။ အမှန်က ၁၉၄၁၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗမာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တာပါ။ ဗိုလ်နေဝင်းက ‘တော်လှန်ရေးနေ့’ကို ဖျောက်ဖျက်ချင်တာကြောင့် တကြောင်း၊ သူ့မိတ်ဆွေ ဂျပန်တွေ ကြိုက်အောင် ဖက်ဆစ်တော်လှန်ရေးနေ့ ဆိုတာ မှေးမှိန်သွားစေချင်တာကြောင့် တကြောင့် မတ်လ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ လုပ်ပစ်ခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် မတ်လ ၂ ရက်နေ့ ရောက်ရင်တော့ ‘ဖက်ဆစ်တော်လှန်ရေး’ ဆိုတဲ့ သမိုင်းဝင် စကားလုံးဟာ ထင်းထင်းကြီး ပြန်ပေါ်လာရစမြဲပါပဲ။ ပြည်သူတရပ်လုံး တညီတညွတ်တည်း ပါဝင်ဆင်နွှဲခဲ့ကြတာ မဟုတ်လား။ သတင်းဌာနတွေကလည်း တာဝန်ကျေကြတယ်။ တော်လှန်ရေးနေ့ ရောက်တိုင်း ဗိုလ်ကျော်ဇောကို သူ ရှိရာ တရုတ်ပြည် လှမ်းပြီး ‘ဗျူး’ကြလို့ ဗမာပြည်သူတွေက တော်လှန်ရေးသမိုင်းကို မပြတ် ကြားနေကြရတဲ့အပြင် ‘တပ်ပြုပြင်ရေး’ကိုလည်း မပြတ် ကြားနေကြရပါတယ်။ “တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ”က ကြားကြရဲ့လား၊ မကြားချင်ယောင်ဆောင်နေကြသလား မသိ။

တပ်ဟာ ဗိုလ်နေဝင်းရဲ့ တလက်ကိုင် အသုံးချတာ ခံရလို့ ပြည်သူ့တပ် ဆိုတာ မေ့သွားခဲ့ပြီး ပြည်သူ့အထက်က ပြည်သူ့ ကိုးကွယ်ဆည်းကပ်ရာလို့ သူတို့ဘာသာ အထင်ရောက်သွားခဲ့ပါပြီ။ ‘မိဘ’ကို မေ့သွားခဲ့ပြီး ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’လို့ပဲ အမြင်စွဲသွားခဲ့ကြပါပြီ။ ပြည်သူ့ဝင်ငွေ အများစုကို သူတို့ကပဲ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် ကယ်တင်နေရတယ်လို့ မှတ်စွဲပြီး အကြွေးတောင်းသလို အမြဲ တောင်းသုံးနေလေရဲ့။ ပြည်သူ့ကျန်းမာရေးနဲ့ ပညာရေးစရိတ် တိုးဖို့ကို မငဲ့ကွက်နိုင်ဘူး။ သူတို့ တပ်ဟာ ကမ္ဘာမှာ(အာရှမှာ) အဆင့်အမြင့်ဆုံးထဲမှာ ပါတယ်လို့ပဲ ကြွားဝါချင်နေကြရှာပါတယ်။ တိုင်းပြည် နိမ့်ကျနေတာကိုတော့ မရှက်ကြပါဘူး။

တိုင်းပြည်ကို ဘယ်သူကမှ မကျူးကျော်ဘဲ ကာကွယ်နေကြရသတဲ့။ ချောက်ထဲကျဖို့ လက်တလုံး အလိုမှာ သူတို့ ကယ်လို့ပဲ ချောက်ထြ မကျသွားခဲ့ရတာတဲ။ ကမ္ဘာမှာ စီးပွား၊ ကျန်းမာ၊ ပညာ အဘက်ဘက်က အနိမ့်ကျဆုံး ဖြစ်သွားခဲ့တာပဲ ကျော်မကောင်း ကြားမကောင်း ဖြစ်သွားခဲ့ရပါတယ်။ သူတို့ ဗိုလ်ချုပ်တွေကတော့ ကမ္ဘာ့အချမ်းသာဆုံးထဲမှာ မိသားစုလိုက်၊ ဆွေမျိုးအုပ်စုလိုက် ချမ်းသာသွားကြလေရဲ့။ ဒါ ဂုဏ်ယူစရာတဲ့လား။

သူတို့က တိုင်းရင်းသားတွေကို သတ်ပစ်လို့ ကမ္ဘာက ကန့်ကွက်ရှုတ်ချရင်တော့ လူသတ်တာက ‘ပြည်တွင်းရေး’တဲ့။

ဗိုလ်နေဝင်းဟာ တိုင်းရင်းသား ပြည်သူချင်း သတ်ဖြတ်ရေး၊ ပြည်တွင်းစစ်ကို ဆွဲဆန့်ပြီး လူသတ်မှုနဲ့ လုပ်စားခဲ့တာ ကမ္ဘာအသိပါ။ စစ်တပ်ကြီးတတပ်ရဲ့ ဗိုလ်ချုပ်က လက်နက်မဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေကို (၁) ‘ဓား ဓားချင်း၊ လှံ လှံချင်း’လို့ စိန်ခေါ်ခဲ့ပြီး (၂) စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ် ထောင်မပစ်ဘူး’လို့ ခြိမ်းခြောက်ခဲ့ပြီး ၁၉၆၂ ဇူလိုင် ၇ ရက်နေ့ အရေးအခင်း၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းနဲ့ ၂၀ဝ၇ ရွှေဝါရောင်အရေးအခင်းတို့မှာ ကမ္ဘာကျော်အောင် လူသတ်ပြသွားခဲ့ကြပါတယ်။ ဒါတွေကြောင့် သူတို့ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး နာမည်ပျက်ညွန်ထဲက ဆွဲထုတ်ဖို့ ဗိုလ်ကျော်ဇောတို့ အားထုတ်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ ခုထိလည်း ဒါကို ရှက်စရာလို့ သဘောမထားကြသေးဘဲ ဂုဏ်ယူပြီး နောက်ထပ် အာဏာသိမ်းဖို့ လက်ယားနေကြပါသေးတယ်။

စစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို ဖျက်ခဲ့၊ ပြင်ခဲ့ပြီး သူတို့စိတ်ကြိုက် စစ်တပ် ဗဟိုပြု ၂၀ဝ၈ ဥပဒေကို မိုးထဲ လေထဲ မုန်တိုင်းထဲမှာ ရေးဆွဲခဲ့ပါတယ်။ ဒါကိုတော့ ပြင်ရဲ ပြင်ကြည့် ဆိုတာမျိုး လုပ်နေပါတယ်။ လူ ရေးဆွဲတဲ့ ဥပဒေဟာ လူတွေက ပြင်ချင်ရင် ပြင်ပေးရမှာပေါ့။ ဥပဒေဟာ အများအကျိုးနဲ့ ဆန့်ကျင်ပြီး တဦး တယောက် တဖွဲ့တစည်းအတွက်သာ ဖြစ်နေရင် မပြင်လို့ ဖြစ်မလား။ ပြင်တာကို နှောင့်ယှက်နေရင် မူလရေးဆွဲတာက အပြစ်တခု၊ ပြင်တာကို နှောင့်ယှက်တာက အပြစ်တခု၊ ပြစ်မှု နှစ်ခု ထပ်နေပြီလို့ သမိုင်းမှာ မော်ကွန်းအတင်ခံရတော့မှာပေါ့။

စစ်တပ် ဆိုတာ ကမ္ဘာ့စစ်ရေးအတွက်ပဲ ဖွဲ့ရိုးထုံးစံ မဟုတ်လား။ အာဏာသိမ်း စစ်တပ်များကတော့ အရူး အမဲသား ကျွေးမိသလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အရေးကိစ္စမျိုးစုံမှာ ‘ကိုပါရာ’ လုပ်ချင်၊ ခြယ်လှယ်ချင်နေကြပြန်ပါတယ်။ သူ့နေရာနဲ့သူ၊ ကိုယ့်နေရာနဲ့ကိုယ် ရှိဖို့ လိုပါတယ်။  ဘုန်းကြီးကို စစ်တိုက်ခိုင်းလို့ မဖြစ်သလို စစ်သားကို သီလပေးခိုင်းလို့ မဖြစ်နိုင်ပါဘူး။ စစ်သားက စစ်သားနေရာ နေရမှာပေါ့။

ဗိုလ်ချုပ်ကျော်ဇောက ငါတို့ အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့တာဟာ တိုင်းပြည် လွတ်လပ်ပြီး ပြည်သူလူထု ကြီးပွားတိုးတက်အောင်လို့ ဆိုတာ အမြဲ ပြောပါတယ်။ ဒါပေမဲ့ ရာစုနှစ်ဝက်ကျော်အောင် ပြည်တွင်းစစ်ညွန်ထဲမှာ နစ်ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေရတာကို တသက်လုံး စိတ်မကောင်း ဖြစ်သွားရရှာပါတယ်။ သူတို့ တည်ထောင်ခဲ့တဲ့ စစ်တပ်ဟာ တရားခံ ဖြစ်နေလို့ တပ်ပြုပြုင်‌ရေး စကားတွေကို တသက်လုံး ပြောသွားခဲ့ရှာပြီး နောင်လာနောက်သားတွေအတွက် သမိုင်းကြွေးအဖြစ် ပခုံးလွှဲပေးရတာကို စိတ်မကောင်း ဖြစ်သွားခဲ့ရရှာပါတယ်။

တပ်မတော် တည်ထောင်စက “ရဲဘော်သည် တိုင်းပြည်အတွက်၊ တိုင်းပြည်သည် ရဲဘော်အတွက် မဖြစ်စေရ” လို့ ဗိုလ်ချုပ်အောင်ဆန်းတို့က တဖွဖွ ဩဝါဒပေးခဲ့ရှာပါတယ်။ ‘ပြည်သူသာ အမိ၊ ပြည်သူသာ အဖ’လို့ ဆိုခဲ့တဲ့ ဆောင်ပုဒ်ကို စစ်တပ်က ပြင်ခဲ့တယ်။ ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’တဲ့။

ခုမျက်မှောက် တပ်မတော်က မိဘ နေရာက မဆင်းချင်ပါဘူး။ သူတို့ ကြွေးကြော်သံကို မပြင်ပါဘူး။ ပြင်ဖို့ စိတ်မကူးသေးပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကျော်ဇောက ပြည်သူတွေနဲ့အတူ အဖိနှိပ်ခံ အောက်ခြေ စစ်သားတွေကို ‘စွန့်သာ စွန့်ရပြီး မစားရသူတွေ’ဘဝက ရုန်းထွက်ကြဖို့ ကြုံတိုင်း တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

‘တပ် ပြုပြင်ရေး’ဟာ အခုတော့ အပေါ်ယံ ကြွေးကြော်သံတောင် မပြင်နိုင်သေးတကား။ စစ်တပ်ဟာ အမိ အဖ အရာက နေချင်ကြဆဲပါတကား။ ဘုရားက အောက်၊ မျောက်ကား အထက် ဆိုသလိုပါပဲ။ ဒါပေမဲ့ သဘာဝမကျဘဲ ‘ဓမ္မ’နဲ့ ဆန့်ကျင်ခြင်းဟာ ထာဝရ မဖြစ်နိုင်ပါဘူး။

ပြည်သူတွေက ပြည်သူ့တပ်မတော် ဖြစ်လာရေး တောင်းဆိုနေတာကို ငြင်းဆန်လို့ မဖြစ်နိုင်။ ပြည်သူက ကျွေးထားတာ မဟုတ်လား။ ဗိုလ်ချုပ်ကျော်ဇောတို့ လိုလားတဲ့ တပ်ပြုပြင်ရေး၊ ပြည်သူ့တပ်မတော် ပြန်လည် တည်ဆောက်နိုင်ပါစေ။

မောင်စွမ်းရည်

၂၀၁၉