Breaking News

ကျော်ဟုန်း ● ဟဲလို ... ရှစ်လေးလုံး

ကျော်ဟုန်း ● ဟဲလို ... ရှစ်လေးလုံး
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၉

ဟဲလို ... ရှစ်လေးလုံး
ကြားလား၊ ကြားလား
ကြားရင် အကြောင်းပြန်ပါ။

ဟဲလို ... ရှစ်လေးလုံး
မြန်မာပိုင်ဂြိုဟ်တုလည်း လွှတ်တင်ပြီးပြီဆို
ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေလား
ကြားရင် အကြောင်းပြန်ပါ။

ကျည်မုန်တိုင်းတွေကို
ရင်ဘတ်ဒိုင်းတွေနဲ့ကာရင်း
ညိုညစ်ထေးနေတဲ့ ကောင်းကင်ကို
လက်သီးဆုပ်တွေနဲ့ ထိုးခွဲခဲ့တာလေ။

ခုတော့...
လိုက်ကာဖွင့်လျက်
တဝက်တပျက်ကြီးနဲ့
သမိုင်းတစ်ခေတ် တို့ဖွင့်လှစ် အသံတွေ
နေရာ အတော်များများမှာ ငြိမ်သက်
ခေါ်မကြား၊ အော် မကြား။

ဟဲလို ... ရှစ်လေးလုံး
နားထိုင်းသွားကြပြီလား
ပုံပြင်၊ ဒဏ္ဍာရီ ဖြစ်သွားပြီလား
ကြောက်ကြောက်နဲ့ မေးပါရစေ။

စစ်အုပ်စု ရေဆေးခဲ့တဲ့
သွေးကွက်စွန်း ကတ္တရာလမ်းတွေက

နေ့ည မနားတမ်းလည်ခဲ့ရတဲ့
သြင်္ဂိုလ်စက် ခေါင်းတိုင်မီးခိုးတွေက

စစ်ခွေးတိုက်က စာဥသီချင်းနဲ့ 
ကျိုးကန်းခဲ့ရတဲ့ ဘဝတွေက

ရိုးမတောတောင်ထဲရောက်
ထီမထင် ရဲရဲတောက်တွေက
မေးနေတယ်၊ မေးချင်တယ်
ကြားလား။

ဟဲလို... ရှစ်လေးလုံး
H1N1 နဲ့ ဆင်တုပ်ကွေးများ ဖြစ်နေသလား
စိုးရိမ်လိုက်တာ။

ဟဲလို ... ရှစ်လေးလုံး
၃၁ နှစ်လေးနဲ့
မျက်စိမှုန် နားထိုင်း ခါကိုင်းသွားရင်တော့
ရင်နာစွာ အံ့သြနေမယ် ရှစ်လေးလုံး။

ကျော်ဟုန်း