Breaking News

အေးငြိမ်း ● ကျွနု်ပ် ကျောင်းဆယ်ခေါက်သွားခြင်းအကြောင်း

အေးငြိမ်း ● ကျွနု်ပ် ကျောင်းဆယ်ခေါက်သွားခြင်းအကြောင်း
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၉

ညက ရုပ်ရှင်နှစ်ကား (1. The Red Sea Diving Resort, 2. Secret Obsession) နှစ်ကားကြည့်နေသဖြင့် လင်းအားကြီး မနက် ၄း၃၀ မှ အိပ်သဖြင့် ယနေ့မနက် ၁၀ နာရီလောက်ကျမှ နိုး၏။ (အဘယ်ကြောင့် သည်မျှနောက်ကျရသနည်းဟူမူ လူအားလုံးအိပ်ပြီ၊ တလောကလုံး တိတ်ဆိတ်ပြီဆိုမှ ရုပ်ရှင်စကြည့်သောကြောင့် ဖြစ်၏။)

နိုးနိုးချင်း Former ECC Colleagues whatsapp group chat မှ တီတီဆိုကာ သတင်းစကားဝင်လာ၏။ ကြည့်လိုက်တော့ ၂၀၀၈ တုံးက ECC project တွင်အတူလုပ်ခဲ့ကြဖူးသည့် မိတ်ဆွေတစ်ယောက် ဆုံးလို့ဆိုပါလား။ နာမည်ကိုတော့ မကြားစဖူး။ ကျွနု်ပ် မိတ်ဆွေလည်းမဟုတ်ပါ။ စာရေးရန် ကုန်ကြမ်းရှာနေသည့် ကျွနု်ပ်လည်း စင်ကာပူတွင် အသုဘချပုံကို တစ်ခါမှ မကြုံဖူးသည် ဖြစ်၍ ဘာပဲဖြစ်ဖြစ်သွားလိုက်လျှင် အနည်းဆုံးတော့ သူတို့လုပ်ပုံကိုင်ပုံတွေကို မြင်ဖူးမည်၊ ဘာတွေလုပ်တယ်ဆိုတာ သိရမည် ဟူသောအတွေးနှင့် ဘယ်သူတွေသွားမတုံးဆိုတော့ ဦးသန်းဝင်းက သူလာမည်ဆိုသဖြင့် ကျွန်ုပ်လည်း သွားရန်ဆုံးဖြတ်၏။

ဟိုရောက်တော့ ကျွနု်ပ်တို့နှင့်တစ်မြို့တည်းသားချင်း မိတ်ဆွေတစ်ယောက်နှင့်ဆုံ၏။ ဟကောင်၊ မင်းနဲ့လည်း သိတာပဲလား ဆိုတော့ ကျွန်တော်တို့နဲ့ ကုမ္ပဏီတစ်ခုတည်းဟု ဆိုလေသည်။ အတိုချုံးရလျှင် အသုဘလိုက်ပို့မည့်သူများကို ဘတ်စ်ကားနှင့် ပို့ဆောင်လေရာ ၃း၀၅ နာရီတွင် မန်ဒိုင်းသုဿာန်သို့ ရောက်လေ၏။

ကျွနု်ပ်တို့ငယ်စဉ်ကမူ ရွာမှ သုဿာန်ဆိုသည်မှာ လူသေတို့နေသောအရပ်ဖြစ်သည့်ပြင် သစ်ပင်ကြီးများ၊ ခြုံနွယ်များ၊ သစ်ရွက် ခြောက်၊ အဝတ်စုတ်တချို့၊ မြက်ပင်တို့ဖြင့် ရှုပ်ထွေးလို့၊ ညစ်ပတ်လို့။ တကယ့်ကို ထိတ်စရာလန့်စရာ နေရာတစ်ခုဖြစ်ဘိ၏။ ညမပြောပါနှင့်။ နေ့ခင်းကြောင်တောင် ဖြတ်သွားလျှင်ပင် ကျောထဲက စိမ့်တက်လာရသည့် နေရာလည်းဖြစ်၏။ သုဿာန်ထဲ ဖြတ်သွားပြီဆိုလျှင် နောက်ကနေများ လှမ်းပုတ်လိုက်လေမလား၊ ဟိုသစ်ပင်ကနေ ခေါင်းက ပုတ်လောက်၊ လျှာကြီး ခုနစ်တောင် လောက်နှင့် သဘက်ကြီးများ ဇောက်ထိုးဆင်းလာလေမလား၊ မြေကြီးထဲက ဝုန်းကနဲ လက်ကြီးတစ်ဖက်ထွက်လာကာ ငါ့ခြေထောက်များ လှမ်းဆွဲလိုက်လေမလား စသဖြင့် တွေးပြီး ခေါင်းနပန်းကြီးရသည့် ကြောက်စရာအရပ်ဖြစ်၏။

ယခု မန်ဒိုင်းသုဿာန်ကား ကြောက်ဘို့မပြောနှင့်၊ ပျော်ပွဲစားထွက်ဖို့ပင် ကောင်းလေတော့၏။ သစ်ပင်ကလေးများကို လှလှပပ စိုက်ပျိုးထားသလို ပန်းကလေးတွေနှင့် ရေပန်းကလေးတွေနှင့် ဖြစ်၏။ မျောက်ကလေးများမှာလည်း တစ်ကောင်နှင့်တစ်ကောင် လိုက်တမ်းပြေးတမ်းကစားလိုက်၊ ထိုင်နေသည့်တစ်ကောင်ကို ကျောသွားပုတ်လိုက်၊ ငယ်သည့်အကောင်းကို အနည်းငယ် ကြီးသည့် အကောင်လေးများက အမြီးလိုက်ဆွဲလိုက်ဖြင့် ကလူကျီစယ် နေကြလေ၏။

အင်း၊ သုဿာန်သွားပြီး အသုဘကမ္မဋ္ဌာန်း ရှုချင်တဲ့ကိုယ်တော်တွေတော့ ဒွတ်ခပဲဟု ကျွနု်ပ်မှာ မဆီမဆိုင်ပင်တွေးမိလေသော ဟူသတတ်။

အသုဘရှုမည့် အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်တွင် တရုတ် ဘုရားကျောင်းလိုလို၊ ဘာလိုလို အဆောက်အအုံများ တန်းစီ နေတာတွေ့ရ၏။ သေသေချာချာကြည့်တော့ မီးသဂြိုဟ်ပြီး ရသည့်ပြာများကို ကြွေအိုးကလေးများနှင့်ထည့်ကာ အခန်းလေးများ လုပ်ပြီး သိမ်းထားသည့် အဆောက်အအုံများဖြစ်ကြောင်း တွေ့ရ၏။ ပထမ ကြွေအိုးများကို သွားကြည့်ဦးမည် ကြံသေးသော်လည်း တက်လို့ရမှန်းမသိ၊ မရမှန်းမသိ၊ အရမ်းမသွားရဲသဖြင့် ရှေ့မှ လှည့်ပတ်ကြည့်ကာ ပြန်ခဲ့၏။ ကြွေအိုးကလေးများတွင် ပန်းကလေး များထိုး၊ စာရွက်ကလေးများဆွဲထားသည်ကို တွေ့ရ၏။

ထိုအဆောက်အဦများဘေးတွင် ကရိန်းများ၊ မြေတူးစက်များ အလုပ်ရှုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု တွေ့ရလေရာ နောက်ထပ် ပြာအိုးသိမ်း အဆောက်အဦများဆောက်နေတာ ဖြစ်ပါလိမ့်မည်။

ကွန်ပြူတာဖန်သားပြင်ပေါ်တွင် မည်သူ့ကို မည်သည့်အချိန် မီးသဂြိုဟ်မည်စသဖြင့် ရေးထား၏။ ငှယ်၊ ၃း၄၅ မှ ဆိုပါလား။ အကြာကြီးစောင့်ရဦးမည်။ သို့နှင့် ကျွန်ုပ်လည်း ကုန်ကြမ်းအတွက် ဟိုဟိုသည်သည် လျှောက်ကာ လေ့လာ၏။ ဓာတ်ပုံရိုက်၏။

အသုဘရှုရန် အခန်း (၄) ခန်း လုပ်ပေးထား၏။ အခန်းများမှာ လူ ၈၀၊ ၁၀၀ ခန့် ဆန့်လောက်သည့် ရုပ်ရှင်ရုံများလို theater များဖြစ်၏။ ရှေ့ဆုံးတွင် ခေါင်းတလား တင်ရန် စင်လေးလုပ်ပေးထား၏။ တစ်ခန်းအတွက် မီးသဂြိုဟ်စက် တစ်ခုရှိ၏။ မီးသဂြိုဟ်မည့်နေရာနှင့် အသုဘရှုမည့်အခန်းမှာ သီးသန့်ဖြစ်သော်လည်း ဆက်ထား၏။

မီးသဂြိုဟ်မည့်နေရာကို ကြည့်နေစဉ် တရုတ်ဘုန်းကြီးတစ်ပါးဦးဆောင်လျက် အဝတ်အစား အနက်များဝတ်ထားသည့် လူများ နှစ်ယောက်တတွဲ တန်းစီချီတက်လာတာ တွေ့ရ၏။ ကျွနု်ပ်လည်း သူတို့အတန်းဆုံးအောင်စောင့်ပြီး သူတို့နောက်ကနေ အသာ ကပ်လိုက်သွားရာ မီးသဂြိုဟ်မည့်နေရာကို တွေ့ရလေ၏။ ထိုနေရာတွင် လူများကြည့်နိုင်စေရန် ကြမ်းပြင်ကို နိမ့်မြင့်ခုံတန်းလေး များသဖွယ် လုပ်ပေးထား၏။

အောက်ကိုလှမ်းကြည့်လိုက်တော့ နိဗ္ဗာန်ယာဉ်များတန်းစီ ရပ်ထားတာ တွေ့ရ၏။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်းချမ်း လှ၏။

အမှန်ဆို စင်ကာပူတွင် လူများသေလျှင် ဘယ်သို့လုပ်ရကြောင်း ကျွနု်ပ် ၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလက ရေးခဲ့ဖူးပါ၏။ အောက်ပါ လင့်တွင် ဖတ်နိုင်ပါသည်။

http://shwenyein.blogspot.com/2012/01/blog-post_2080.html

သို့သော် ဤတွင်ရေးသားထားသည်များမှာ စာတွေ့မျှသာဖြစ်ပြီး လက်တွေ့မူ ယခုမှ မြင်ဖူးတာ ဖြစ်ပါသည်။

လှည့်ပတ်ကြည့်ရှုလေ့လာပြီး အသုဘရှုမည့်အခန်းရှေ့ကို ပြန်လာတော့ သရဏဂုံတင်မည့် ဆရာတော်နှင့် ကပ္ပိယများ ရောက်နေ သည်ကို တွေ့ရ၏။ ဆရာတော်မှာ ဓာတ်တော်တိုက်ဆရာတော်ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုစာလောက် ကတည်းက ကျွနု်ပ်တု့ိနှင့် ရင်းနှီးခဲ့သော ဆရာတော်ဖြစ်ပါသည်။ ကျွနု်ပ်မှာ အသက်ကြီးလေ နိဗ္ဗာန်နှင့်ဝေးလာလေ ထင်ရ၏။ ယခင်က ဘုန်းကြီးကျောင်းများနှင့်၊ ဘာလှုပ်ရှားမှု၊ ညာပွဲစသည်တို့နှင့် သိပ်မပြတ်ခဲ့သော ကျွနု်ပ်မှာ ယခုမူ ဘုန်းကြီး ကျောင်းများကို တစ်နှစ်နေလို့ တစ်ခေါက်မှ မရောက်ဖြစ်တော့ပါ။

သို့နှင့် နေ့လည် ၃း၂၄ နာရီတွင် အခေါင်းတင်ထားသည့် ဗင်ကားလေး ရောက်လာ၏။ ခေါင်းကို ဟိုက်ဒြောလစ်ဖြင့် တင်/ချနိုင်သည့် ဘီးတပ် တွန်းစင်လေးပေါ်တင်ပြီး အသုဘရှုမည့်အခန်းထဲသို့ တွန်းဝင်သွား၏။ ကျွနု်ပ်တို့လည်း ဆရာတော်ဦး ဆောင်လျက် အခန်းထဲသို့ ဝင်ခဲ့၏။

အခန်းထဲတွင် အားလုံးနေရာယူပြီးနောက် ဆရာတော်က အသုဘရှုတရားအနည်းငယ်ဟော၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ စသဖြင့် သရဏဂုံ တင်။ အမျှဝေ။ ၄ နာရီလောက်တွင် ပြီး၏။ ထို့နောက် လာရောက်သူများကို ပန်းများခြွေပေးလျက် အသုဘရှုကြ၊ ပန်းများကို ခေါင်းတလားအတွင်း ထည့်ကြ၏။

ထို့နောက် မီးသဂြိုဟ်မည့်နေရာသို့ မသွားမီ မတ်တပ်ရပ်ကာ အချင်းချင်း အလ္လာပ၊ သလ္လာပစကား ပြောကြ၏။ ကျွန်တော် ဆရာတော်ရှေ့ရောက်သော် သြော - ဒါယကာကြီး ဦးအေးငြိမ်းလည်း လာသကိုး ဟုမိန့်၏။ အင်း၊ ဆရာတော် င့ါကို မှတ်မိပေသားပဲ ဟု ကျွနု်ပ်မှာ ဝမ်းသာရ၏။

နောက် အမျိုးသမီးတစ်ယောက် ချဉ်းကပ်လာကာ မတွေ့တာကြာပြီနော်။ ၂ဝ၁၂ ခုနှစ်တုန်းက ကျမ ကိုအေးငြိမ်းကို ဘွန်လေးမှာ လာတွေ့ဖူးတယ်။
ဗုဒ္ဓေါ၊ အဲဒါမှ ဒိုးခ။ ကျွနု်ပ် သူ့ကို မသိ။ သူ့အမျိုးသားဖြစ်ဟန်တူသူ အမျိုးသားကလည်း ကျွန်တော် safety လုပ်ခဲ့ဖူးတယ်လေ ဆိုတော့ ဘယ်သူလဲဟဲ့ ဟု အပြေးအလွှားစဉ်းစားရ၏။ နင့်မေကလွှား၊ နည်းနည်းကလေးမှ အရိပ်အယောင်မပေါ်။ အဲ ဟဲဟဲ။ ဘယ့်နဲ့လဲ၊ အဆင်ပြေရဲ့လား၊ အခုဘာတွေလုပ်နေလဲ ဘာလဲနှင့် စကားရောဖောရော လုပ်ရ၏။ သို့သော် ကျွနု်ပ်မျက် နှာရိပ် မျက်နှာကဲကို သူတို့ဖတ်တတ်ပါလိမ့်မည်။ ဇဝေဇဝါနှင့် သူတို့ကို ဖြီးနေမှန်းရိပ်မိသဖြင့် သိပ်စကားမပြော။

ထို့နောက် မီးသဂြိုဟ်မည့်နေရာသို့ တန်းစီသွားကြ၏။ ဒုတိယထပ်မှ ကျွနု်ပ်တို့ကြည့်နေစဉ်ပင် -
မြေညီထပ်တွင်ခင်းထားသော သံလမ်းပေါ်၌ ခေါင်းတလားတင်ထားသည့် ထရော်လီ၊ အလိုအလျောက် ရွေ့လျားလာတာကို မြင်ကြရ၏။ (အလိုအလျောက် ရွေ့လာသည်ဆိုကာမျှဖြင့် သေသူက သူ့ဘာသာသူ တွန်းလာသည်ဟု အတွေးမခေါင်ပါလေ နှင့်။ ရမုတ်ကွန်ထရိုးဖြင့်သော် လည်းကောင်း၊ ကွန်ပြူတာပရိုဂရမ်ဖြင့်သော်လည်းကောင်း ထိန်းထားတာဖြစ်ပါလိမ့်မည်။)

ကျွန်တော့်စိတ်ထဲတွင်မတော့ အခေါင်းကိုအတင်းဆွဲကာ ဆံပင်ကို ဖားလျားချလျက် "ဟင့်အင်း၊ ဟင့်အင်း၊ မောင်မသွားရဘူး။ မောင်သွားရင် မ, လည်း လိုက်မယ်။ လွှတ်ကြပါ။ ကျမကို ဆွဲမထားပါနဲ့" ဟု တက်မတတ်၊ ချက်မတတ် အသားကုန် ငိုပြချင်သူများ ဤနေရာတွင် အခွင့်အရေးဆုံးရှုံးမည့်အရေးတွေးပြီး အမှန်တကယ်ပင် ဝမ်းနည်းမိလေ၏။

ထို့နောက်တော့ မီးသဂြိုဟ်စက်တံခါးပွင့်လာကာ အခေါင်းကိုထည့်ပြီး ပိတ်လိုက်လေသည်။
ဤသည်ပင်လျှင် မွေးဖွားခြင်းဖြင့်စတင်ကာ ရီခြင်း၊ ငိုခြင်းတို့ဖြင့် ပြည့်စေသော လူ့ဘဝဟူသည့် ဇာတ်လမ်းတစ်ပုဒ်၏ နိဂုံးကမ္ပတ် အဆုံးသတ် ဖြစ်လေတော့၏။

ဘတ်စ်ကားစောင့်နေစဉ် ခေါင်းထဲဖြတ်ကနဲ ဝင်လာ၏။ ဟိုက်ရော၊ သူတို့ကိုး ဟု ဟိုအတွဲကို မှတ်မိလေတော့သည်။ ထို့နောက် ပဲနို့ တစ်ဘူးကို ဖောက်သောက်လျက် သူတို့နှင့် စကားစနေပြောရတော့၏။ ဟူး၊ တော်ပါသေးရဲ့။

ဒီလို အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်းဆို မကောင်းဘူးလားဗျာ။ ရန်ကုန်က အသုဘပို့တာတွေကတော့ ဆူညံ ပွက်လောကို ရိုက်လို့။ ကမ္ဘာပျက်တာကျနေတာပဲ။ စိတ်ပျက်စရာ ကောင်းတယ်ဗျာဟု ကျွနု်ပ်မိတ်ဆွေ ဦးသန်းဝင်းက ညည်း ပါသည်။

ဤသည်ကား ကျွနု်ပ်ယနေ့ ကျောင်းဆယ်ခေါက်သွားခြင်းအကြောင်း ဖြစ်ပေတော့သတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂ သြဂုတ်လ၊ ၂၀၁၉

ဟဲ့ ကောင်လေးတွေ၊ ဘာ။ ကျောင်းအကြောင်းလည်း တစ်လုံးမှမပါဘဲ ဘာကြောင့် ကျောင်းဆယ်ခေါက်ဖြစ်ရတယ်။ 
ဘုန်းကြီးကျောင်းကို ဆယ်ခေါက်သွားတာထက် အသုဘကိုတစ်ခေါက်သွားတာက တရားရစရာ ပိုများတယ်လို့ ဆိုသဟဲ့။
အဲသဟာကြောင့် မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်လို့ ဆိုသဟဲ့။
နင်ရို့ပြောရတာ မောပါ့။
ငါတော့ နောက်ထပ် ကျောင်းကို ဆယ်ခေါက်အသွားရ သက်သာသွားပြီ။ ဟိ။