Breaking News

အေးငြိမ်း ● Cashless စနစ်ကို ကျွနု်ပ်သဘောကျပုံအကြောင်း

အေးငြိမ်း ● Cashless စနစ်ကို ကျွနု်ပ်သဘောကျပုံအကြောင်း
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၉

မိတ်ဆွေတို့ ဗဟုသုတ တိုးစေခြင်းအလို့ငှာ စင်ကာပူမှ ငွေပေးချေခြင်းအကြောင်းလေး ဖောက်သည် ချပါရစေဦး။

စင်ကာပူတွင် တယ်လီဖုန်းဘေ၊ ရေမီးဘိုး၊ အိမ်လခ၊ ကျောင်းလခ၊ သင်တန်းကြေး၊ လခပေးခြင်း၊ ဈေးဝယ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ငွေပေးချေခြင်း စသည်တို့ကို ငွေသားဖြင့်မပေးဘဲ ဘဏ်စာရင်းထဲမှ တိုက်ရိုက်ပေးချေခြင်းကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးပါ သည်။ စင်ကာပူအစိုးရကလည်း cashless စနစ် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားလျှက်ရှိ၏။

ကျွနု်ပ်သည် ဤစနစ်ကို အမှန်ပင် သဘောကျလှ၏။

ကျွနု်ပ်ကား အလွန်ဥစ္စာခြောက်သူဖြစ်သဖြင့် ပိုက်ဆံတွေ အပြင်မှာ အများအပြားရှိနေလျှင် စိတ်မလုံတတ်။ ငါ့ပိုက်ဆံတွေ ပျောက်များ ပျောက်သွားတော့မလားဟဲ့ဟု အမှန်ပင် စိတ်ပူမိလေ၏။ ထို့ကြောင့် ကျွနု်ပ် တကိုယ်ရေ၊ တကာယအတွက် (ယခင်က) ပိုက်ဆံ ၂၀ - ၃၀ ထက်ပိုထုတ်မထားတတ်။ ယခုမူ သားတော်မောင်၏ အင်မတန်ဈေးကြီးလှသည့် ပါးစပ်ပေါက်ကို ဖြည့်ဆည်းရန် ပိုက်ဆံ ၄-၅ဝ ခန့် အရံသင့် ဆောင်ထားရလေ၏။ ဝမ်းနည်းစရာကောင်းလေစွတကား။

စင်ကာပူမှ ဆိုင်တော်တော်များများမှာ ဘဏ်ကဒ်ဖြင့် ငွေပေးချေလို့ရပါသည်။

စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင်၊ အလှကုန်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ စာအုပ်ဆိုင်၊ အရုပ်ဆိုင်၊ ဘာဆိုင်၊ ညာဆိုင် အကုန် လုံးလိုလို ဘဏ်ကဒ်ဖြင့် ပေးချေလို့ရသည်။ အဲလေ အခုတော့ဖြင့် ဘဏ်ကဒ်နဲ့တောင် မဟုတ်တော့ပါ။ ရထားစီးသည့် ကဒ်နှင့်လည်း ပေးလို့ရသည်။ ဖုန်းနှင့်လည်း ပေးလို့ရသည်။

သူတို့က ပိုက်ဆံကို ပေးမည့်သူများ ပေးချင်လာအောင် ပေးရလွယ်စေရန် နည်းမျိုးစုံဖြင့် ဆွဲဆောင်ထား၏။

မက်ဒေါ်နယ်၊ ကေအက်ဖ်စီ၊ ပီဇာဟတ်တို့ကဲ့သို့သော ဟန်ကျပန်ကျ စားသောက်ဆိုင်များတွင်မူ ကဒ်ဖြင့် ငွေပေးချေလို့ ရပါ သည်။ သို့သော် စားသောက်ဆိုင်များ (food court), ကိုပီတီယမ် (kopitiam), အစိမ်းဈေး (wet market) လမ်းဘေးဆိုင် များတွင်မူ ကဒ်ဖြင့်ပေးလို့မရသေးပါ။ ထို့အတူပင် အချို့ဆိုင်ပေါက်စနလေးများမှာလည်း ငွေသားဖြင့်ပင် ပေးချေရပါသည်။

ဈေးကြီးလှသော စားသောက်ဆိုင်များနှင့် သေခန်းဖြတ်ထားသော ကျွနု်ပ်အဖို့ နေ့လယ်စာ စသဖြင့်စားရန် ငွေသားအကြွေ ဆောင်ထားရခြင်း ဖြစ်၏။

လေယာဉ်လက်မှတ်ဝယ်တာလည်း ဘယ်ကိုမှသွားစရာမလို။ အင်တာနက်ကနေဝယ်၊ အင်တာနက်ကနေ ပိုက်ဆံပေး။ လေယာဉ်လက်မှတ်ကို ဖုန်းထဲမှာ သိမ်းထား။ လေဆိပ်ရောက်တော့ အဲသဟာ ပြလိုက်ရုံဖြစ်ပါသည်။ ပရင့်ထုတ်စရာတောင် မလိုပါ။

ငွေသားဖြင့် ပေးစရာမလိုသည့်အထဲမှ အဆင်အပြေဆုံးအရာတစ်ခုကို ပြပါဆိုလျှင် ကားခ၊ ရထားခကို ကဒ်ဖြင့် ပေးရတာ ဖြစ်ပါ သည်။ (အဲလေ ကျွန်ုပ်တို့ရွှေပြည်ကြီးမှာလည်း ဘာတဲ့ နတ်ပိုက်ဆံဆိုလား သိုးသိုးသန့်သန့် ကြားလိုက်သေး၏။ သို့ သော် နတ်ပိုက်ဆံများမှာ ၃၇ မင်းတို့နှင့်အတူ တောင်ပြုံးပွဲသို့လိုက်သွားကတည်းက ပြန်မလာလိုက်သည်မှာ ယခုထိ ဖြစ်ပါ သည်။ နောက်ထပ် ဘာသံမှ မကြားရတော့ပါလေ)။

ကား၊ ရထားကဒ်များကို ငွေဖြည့်ရာတွင်လည်း ဘူတာများရှိ ငွေဖြည့်စက်တွင် ငွေသားဖြင့် ဖြည့်လို့ရသလို ဘဏ်ကဒ်ဖြင့်လည်း ဖြည့်လို့ရ၏။ ဘူတာရှိစက်များတွင်သာမက ATM ငွေထုတ်စက်များတွင်လည်း ဖြည့်လို့ရပါသေးသည်။ ထိုကားရထားကဒ် များဖြင့် မုန့်ဝယ်စားလို့လည်းရ၏။

အကယ်၍ ကားခကို ကဒ်ဖြင့်မဟုတ်ဘဲ ငွေအကြွေဖြင့်ပေးမည် ဆိုပါစို့။ ကျသင့်ငွေကို အတိအကျထည့်သွားရပါမည်။ ၈၅ ပြားသာ ကျမည့်လမ်းကို အကြွေမရှိ၍ ၂ ကျပ်တန်ထည့်လိုက်လျှင် ပြန်မအမ်းသောကြောင့် ၂ ကျပ်ဖြစ်သွားပါလိမ့်မည်။

ကဒ်ဖြင့်ပေးရာတွင် ချစ်စရာကောင်းသည့် နောက်တစ်ချက်မှာ ကားမှ ရထားသို့လည်းကောင်း၊ ရထားမှ ကားသို့လည်းကောင်း၊ နံပါတ်မတူသည့် ဘတ်စ်ကားတစ်စီးမှ အခြားတစ်စီးသို့ ပြောင်းစီးလျှင်သော်လည်းကောင်း discount ပေးပါသည်။ အကြွေ ဆိုလျှင် မရပါ။

အစိုးရသို့ပေးချေရမည့် ငွေပေးချေမှုအားလုံးကို ဘဏ်စာရင်းထဲမှသာ ပေးရပါသည်။ ငွေသားဖြင့် ပေးချေခြင်းကို လက်မခံပါ။ ပေးလိုက်သော ပိုက်ဆံများသည် အစိုးရဘဏ်စာရင်းထဲသို့ တိုက်ရိုက်ဝင်သွားခြင်းဖြင့် လာဘ်ပေးလာဘ်ယူစနစ်ကို ထိန်း ချုပ်ရာတွင်လည်း အထောက်အကူ ဖြစ်စေပါသည်။ ယုတ်စွအဆုံး လမ်းမှာအမှိုက်ပစ်လို့ ဒဏ်ရိုက်လျှင်ပင် ငွေသားဖြင့် ပေး လို့မရပါ။ အရာရှိက ဘောက်ချာစာရွက်ကလေး ဖြတ်ပေးပါလိမ့်မည်။ ကိုယ့်ဘာသာကိုယ် စက် (AXS machine) မှာသွားပြီး ဒဏ်ဆောင်ရ၏။ အင်တာနက်ကလည်း ဆောင်လို့ရပါသည်။

စင်ကာပူအစိုးရက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသောအားဖြင့် စာရွက်စာတမ်းဖြင့်လုပ်ရမည့် ကိစ္စအတော်များများကို လျှော့ချလိုက်၏။ ဥပမာအားဖြင့် Safety Officer လိုင်စင်လျှောက်ရာတွင် စာရွက်ဖြင့်တင်ခြင်းကို လက်မခံပါ။ စာရွက်စာတမ်း အားလုံးကို အွန်လိုင်းမှသာ တင်ရပါသည်။ ပိုက်ဆံကိုလည်း အွန်လိုင်းမှသာ ပေးရပါသည်။ အင်တာဗျူးရန် ခေါ်သည်မှလွဲ၍ ရုံးကို လူကိုယ်တိုင် သွားစရာမလိုပါ။ အခြား လျှောက်လွှာအတော်များများမှာလည်း ဤကဲ့သို့ပင် ဖြစ်ပါသည်။

ကျွန်ုပ်ဆိုလျှင် ရေမီးပြေစာ၊ အခွန်ပြေစာ၊ ဖုန်းဘေ၊ ဘဏ်စာရင်း (bank statement) အစရှိသည်တို့ကို စာရွက်ဖြင့် မသိမ်း တာ ကြာပါပြီ။ ဘယ်တုံးက စ တာလဲ အတိအကျမသိပေမင့် အနည်းဆုံး ၅ နှစ်အထက်မှာ ရှိပါသည်။ အားလုံးကို soft copy ဖြင့်သာ သိမ်းထား၏။ အလုပ်ရှုပ်လည်းသက်သာသည်။ ရှာရလည်း လွယ်သည်။

နောက်ပြီး ချစ်စရာကောင်းသည့်တစ်ခုမှာ သူတို့က ငွေပေးချေသည့်စနစ်ကို တစ်ခုတည်း လုပ်ထားတာမဟုတ်။ ရွေးချယ် စရာ အများအပြားပေးထားပါသည်။

ဥပမာ - ကျောင်းလခ ပေးမည်ဆိုပါစို့။

လူကိုယ်တိုင် ကျောင်းကိုသွားပေးလိ့ုရသည်။
သူတို့ဘဏ်စာရင်းဖွင့်ထားသည့် ဘဏ်မှာသွားပေးလို့ရသည်။
AXS station ကနေ ပေးလို့ရသည်။
Online AXS station ကနေ ပေးလို့ရသည်။
SAM Machine ကနေ ပေးလို့ရသည်။
Internet banking ကနေ ပေးလို့ရသည်။
ချက်လက်မှတ်ဖြင့် ပေးလို့ရသည်။

Bank GIRO စနစ်
(GIRO = General Interbank Recurring Order)
===================================

နောက်ချစ်စရာကောင်းသည့် ဘဏ်စနစ်တစ်ခုမှာ bank GIRO ဖြစ်၏။

ပုံမှန်ပေးသွင်းနေရမည်ဖြစ်သော အိမ်လခ၊ ကျောင်းလခ၊ ကျောင်းကားခ၊ ရေမီးဘိုး၊ စည်ပင်သာယာကြေး၊ ဖုန်းဘေ၊ အာမခံ စသည်တို့ကို Bank GIRO လျှောက်ထားလို့ရပါသည်။ ဤကဲ့သို့ bank GIRO ဖြင့် စီစဉ်ထားလိုက်လျှင် ပိုက်ဆံပေးရမည့် အ ရေး နှောင့်နှေးနေစရာမလိုတော့။ မေ့သွားမှာလည်း မပူရတော့။ အချိန်တန်လျှင် သူ့ဘာသာသူ မိမိ ဘဏ်စာရင်းထဲမှ အလို လို နှုတ်သွားပါလိမ့်မည်။

အကယ်၍ Bank GIRO မှ နှုတ်မည့်ပိုက်ဆံမှာ များသည်ဆိုလျှင် (ဥပမာ - အာမခံကြေး၊ အခွန် စသည်) ဘဏ်စာရင်းထဲမှာ ပိုက်ဆံလုံလုံလောက်လောက် ထည့်ထားရန် ကြိုတင်အကြောင်းကြားပါသည်။ ပိုက်ဆံမလောက်၍ ပထမအကြိမ် မနှုတ်နိုင် လျှင် သတ်မှတ်ထားသည့်ရက်၌ ဒုတိယအကြိမ် နှုတ်ပါသည်။ ဒုတိယအကြိမ်လည်း နှုတ်လို့မရဆိုလျှင်တော့ အပိုကြေးပေးရ ပါလိမ့်မည်။

ဘဏ်ချေးငွေများကို ပြန်ဆပ်ရာ၌ မိမိဘဏ်စာရင်းထဲမှ နှုတ်ရာတွင် မိမိဘဏ်စာရင်းထဲ၌ ပိုက်ဆံမလောက်၍ မဖြတ်နိုင်လျှင် ဒုတိယအကြိမ်ဖြတ်ရာ၌ ဒဏ်ကြေး ၈ဝ လောက်ကိုပါ ပေါင်းဖြတ်ပါသည်။ အလွန်ဈေးကြီးလှသဖြင့် အထူးသတိထားရ၏။

အကယ်၍သာ (စားသောက်ဆိုင် ပေါက်စနလေးများအပါအဝင်) ဆိုင်အားလုံး၏ ၉၀ ရာခိုင်နှုန်းလောက်ကို ဘဏ်ကဒ်ဖြင့်သာ ပေးချေနိုင်ပြီဆိုလျှင် ပိုက်ဆံကို ငွေသားအဖြစ် ကိုင်နေစရာကို လိုတော့မည်မဟုတ်ပါ။ ထိုအခါ ငွေတုလုပ်လို့မရတော့မည် ဖြစ်၍ ငွေတုလုပ်သူများ စားပေါက်ပိတ်သွားနိုင်ပါသည်။

ယခုတော့ ဤမျှလောက်နှင့် တော်ပါရစေဦး။
နက်ဖြန်လည်း စာသင်ရဦးမှာဆိုတော့ မတော် အတန်းထဲမှာ မတ်တပ်ကြီးအိပ်ပျော်နေမှ ဒွတ်ခ။

ပိုက်ဆံထုပ်အတွင်း စက္ကူညှပ်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၂ သြဂုတ်လ၊ ၂၀၁၉။ သန်းခေါင်ကျော် ဝဝ း ၄၁ မိနစ်