လေးလေး - လွမ်းဆွတ်သတိရသွားစေတဲ့ စာအုပ်
လေးလေး - လွမ်းဆွတ်သတိရသွားစေတဲ့ စာအုပ်
မိုးမခ ၊ နိုဝင်ဘာ ၂၆ ၊ ၂၀၂၅
တမြန်နှစ်က ကွယ်လွန်သွားခဲ့တဲ့ ဆရာညီပုလေးရဲ့စာအုပ် “လွမ်းဆွတ်သတိရစိတ်နဲ့ရေး တဲ့စာ”..တဲ့။
ညီပုလေး လွမ်းထားတဲ့သူတွေက လူထုသတင်းစာတိုက်ခေါင်းကိုင်တွေ ဖြစ်သလို ညီပုလေးရဲ့ မိဘတွေလည်း ဖြစ် ကြတဲ့ လူထုဦးလှ၊ လူထုဒေါ်အမာ၊ လူထုဝိုင်းတော်သားတွေ ဖြစ်ကြတဲ့ မောင်သစ်လွင်(လူထု)၊ လူထုစိန်ဝင်း တို့ ပါသလို မန္တလေးက စာရေးဆရာ၊ တေးရေးဆရာတွေဖြစ်ကြတဲ့ မောင်မိုးသူ၊ ဝင်းစည်သူ၊ ကိုမောင်မောင်တို့လည်း ပါ တယ်။
ပန်းချီပေါ်ဦးသက် ကို လွမ်းထားသလို အဆိုတော်၊ မင်းသမီး မေရှင် အလွမ်းဖွဲ့လည်း ဖတ်ရတယ်။အထူးသဖြင့် တော့ လူထုမိသားစု အလွမ်းဖွဲ့သီထားမှုတွေက အလွမ်းတွေထဲ နင့်နင့်သည်းသည်း ရှိလှပြီး၊လူထုသမိုင်း တစွန်း တစ၊ မိသားစုဖြတ်သန်းမှု စုတ်ချက်ကြမ်းကြမ်းနဲ့ မိဘအမွေဆက်ခံထားနိုင်တဲ့ လူထုမျိုးဆက်သစ်တွေအကြောင်းလည်း ဖတ်ရတယ်။ဒီစာစုတွေကို စာစောင်တချို့မှာ ရေးထားတာဖြစ်သလို ၂၀၂၄ ခုနှစ်အထိ ရေးထားခဲ့တဲ့ လေးသစ်အလွမ်း(မောင်သစ်လွင်-လူထု)အထိ အလွမ်းစုံ၊ ကာလာစုံ ရေးဖွဲ့ခြယ်သထားတာ တွေ့ရတယ်။
စာရေးသူရဲ့ ငယ်ဘဝ လူထုသတင်းစာတိုက်ထဲ စာစီသမား၊ စက်ဆရာ၊ ဘလောက်ဆရာ၊ဓာတ်ပုံဆရာ၊ အယ်ဒီတာတွေ လက်ပေါ် ကြီးပြင်းခဲ့ရပုံ၊သူတို့ ခြေကြိုခြေကြား၊ ဝင်ကစား၊ စာခုံတွေအောက် တူပုန်း၊ စက္ကူအပုပ်စကို လေ ယာဥ◌်အရုပ်ချိုး ကစားခဲ့ပုံတွေလည်း ဖတ်ရတယ်။ပေါ်ဦးသက်တို့၊ဝင်းဖေတို့ သီချင်းလေးတအေးအေးနဲ့ ကာ တွန်းရေးကြပုံတွေကိုလည်း စာပန်းချီခြယ်ထားတယ်။သတင်းစာတိုက်ကို ရောက်လာပြီး ရီစရာပုံပြင်တွေပြော တတ်တဲ့ ကျားဘညိမ်းရဲ့ပုံပြင်တွေလည်း ဖတ်ရတယ်။
“မန္တလေးက ပန်းချီဆရာတယောက်(နာမည်ပါ ထည့်ပြောတယ်၊ မှတ်မိတယ်) ရန်ကုန် လာတော့ ဘတ်စ်ကားပေါ်တက်တဲ့အခါ “ဆရာ တက်ပါ ဆရာ၊ အထဲဝင်ထား၊ တိုးထား ဆရာ”လို့ ပြောသတဲ့။ဆိုက်ကားဂိတ် ရောက်တော့လည်း “ဆရာ ဘယ်ကို ပို့ပေးရမလဲ၊ ပုဇွန်တောင်ဆိုရင် နှစ်ကျပ်ပေးပါဆရာ”တဲ့။ ဒီပန်းချီဆရာက ရန်ကုန်ကလူတွေကို အံ့ဩချီးကျုးနေမိတယ်။ ပုဇွန်တောင် ရောက်လို့ ထမင်းဆိုင် ရောက်ပြန်တော့ စားပွဲထိုးက “ဆရာ ဘာဟင်းနဲ့သုံးဆောင်မလဲ”လို့ မေးပြန်သတဲ့။ “ဟ..ဟန်ကျတာပဲ၊ ရန်ကုန်ကလူတွေက ငါ ပန်းချီဆရာမှန်း ဘယ်လိုသိနေကြတာလဲ”လို့ တွေးရင်း ပန်းချီဆရာက ရန်ကုန်မြို့သူမြို့သားတွေကို ချီးကျူးကျေနပ်နေသတဲ့။”
ဒါမျိုးလေး ပြုံးချင်စရာတွေလည်း ဖတ်ရတယ်။ အလွမ်းတွေကြားက ပြုံးစရာတွေ။ ညီပုလေးရဲ့ “လွမ်းဆွတ် သတိရစိတ်နဲ့ရေးတဲ့စာ”ထဲမှာ အလွမ်းဖွဲ့ ၃၄ ပုဒ် ပါတယ်။ ကောက်စာတချို့ ဖတ်ကြည့်ပါ။
လူထုတိုက်ရဲ့ လောကဓံကို ဖွဲ့ရာမှာ “မြန်မာ့စီးပွားရေးလောကမှာ နှစ်ရှည်လများ အောင်မြင်တည်တံ့တဲ့ စီးပွားရေးတွေ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်မီးဒဏ်၊ နိုင်ငံပိုင်သိမ်းတဲ့ဒဏ်၊ငွေစက္ကူ တရားမဝင်ကြေညာတဲ့ ဒဏ်၊ ရန်သူမျိုးငါးပါးဒဏ်၊ အမြတ်ခွန်ဒဏ်၊ စီးပွားရေးမုန်တိုင်းဒဏ်၊ နိုင်ငံရေးမုန်တိုင်းဒဏ် မျိုးစုံခံခဲ့ကြရတယ်။”……
“ဆရာဦးဘရင်ကလေးက လူထုဒေါ်အမာရဲ့ ပုံတူပန်းချီကားရဲ့ နောက်ခံအဖြစ် မှိုင်းညို့ညို့ပြာမှောင်တဲ့ ရှမ်းရိုးမ တောင်တန်း၊ ရှမ်းရိုးမတောင်ရဲ့ရှေ့က ရန်ကင်းတောင်၊ ပြီးတော့ အောင်ပင်လယ်ထဲက စပါးခင်းကြီးကို နောက်ခံထားတယ်။ ဒေါ်ဒေါ်မာကိုလည်း သပြေရိပ်မှာ ထိုင်နေတဲ့ပုံ ရေးပေးထားတယ်။…..ဦးလှက ထောင်ထဲလည်း နေရ၊ နိုင်ငံခြားလည်း ခရီးထွက်၊ ပြည်တွင်းမှာလည်း ဟောပြောပွဲတွေရော ထွက်ရနဲ့။ အိမ်မှာ ဒေါ်အမာ တယောက်တည်း သတင်းစာအလုပ်၊ ဂျာနယ်အလုပ်၊ ပုံနှိပ်တိုက်အလုပ်တွေနဲ့ ကျန်ခဲ့တာ။ မောနေရှာမှာပေါ့။ ဒါကြောင့် ကျနော်က ဒေါ်အမာကို အိမ်အပြင်ဆွဲထုတ်ပြီး ရန်ကင်းတောင်နောက်ခံ၊ အောင်ပင်လယ်ကို ဖြတ်တိုက်တဲ့ စပါးနံ့မွှေးမွှေး လေး ရှူရှိုက်ရင်း သပြေရိပ်ခိုစေချင်တာ” တဲ့။ (ရန်ကင်းတောင်၊ အောင်ပင်လယ်နဲ့သပြေရိပ်)
ကျနော့်အဖေနဲ့ အမေက မွေးတဲ့ ညီအစ်ကိုမောင်နှမ ၅ ယောက်ထဲမှာ အစ်ကို နှစ်ယောက် ပါတယ်။ကိုစိုးဝင်းနဲ့ ကိုသံချောင်းတို့ပဲ။ အကိုနှစ်ယောက်စလုံး အိမ်မှာ မရှိကြတဲ့ ကာလတွေက အကြာကြီး။ အဲဒီအချိန်မှာ အစ်ကို ကိုစိန်ဝင်းက အစ်ကိုကြီးတယောက်လို နေထိုင်ဆက်ဆံခဲ့ကြတာ။” (လွမ်းဆွတ်သတိရစိတ်နဲ့ ရေးတဲ့စာ)
ညီပုလေးရဲ့ဒီစာအုပ်ကို ထုတ်ဝေသူဟာ ဆရာ့သမီးကြီး လူထုစာအုပ်တိုက်ကို အမွေဆက်ခံသူဖြစ်ပြီး စာအုပ် အပြင်အဆင်က ခေတ်မီတယ်။ ပန်းချီတွေ ဓာတ်ပုံတွေကို နေရာချထားတာ သေသပ်လှပတယ်။ စာအုပ်ထုတ်ဝေရေး အမွေကောင်းကို အဘိုး၊ အဘွား၊ အဖေ တို့ဆီက ကောင်းကောင်းကြီး ဆက်ခံထားနိုင်တယ်လို့ ဆိုရမယ်။
မန္တလေးမြို့၊ လူထုကြီးပွားရေးစာအုပ်တိုက်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ညီပုလေး ရဲ့ “လွမ်းဆွတ် သတိရစိတ်နဲ့ရေးတဲ့စာ” စာအုပ်ကို အုပ်ရေ ၁,၀၀၀ ထုတ်ဝေထားပြီး စာအုပ်တန်ဖိုးက ကျပ် ၂၃,၀၀၀။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar