Breaking News

အောင်သူငြိမ်း ● ဗဟိုဘဏ်နဲ့ ပတ်သက်တဲ့သတင်း ၃ ပုဒ်

အောင်သူငြိမ်း ● ဗဟိုဘဏ်နဲ့ ပတ်သက်တဲ့သတင်း ၃ ပုဒ်
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၉

ဒီတလောမှာ သတင်းစာတွေထဲ ရှာဖတ်ရင်း ဗဟိုဘဏ်တွေနဲ့ ပတ်သက်တဲ့ သတင်း ၃ ပုဒ်ဖတ်ရပါတယ်။ ဒါပေမယ့် အကြောင်းအရာ ဖြစ်ပေါ်ရာ နိုင်ငံတွေကတော့ မတူပါဘူး။

၁။ ပထမတပုဒ်ကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်ပို့သတင်းစာ/AFP က ရေးသားထားတဲ့ Could cryptocurrency dethrone the dollar? (ခရစ်ပ်တိုငွေကြေးက ဒေါ်လာကို နန်းချနိုင်သလား) ဆိုတဲ့ စိတ်ဝင်စားဖွယ် ဆောင်းပါးပါ။ ဖော်ပြထားတာကတော့ အင်္ဂလန်ဗဟိုဘဏ် (BoE) အုပ်ချုပ်ရေးမှူး မာ့က်ကာနေး (Mark Carney) က ပြောရာမှာ ဖေ့ဘုတ်က ထုတ်မယ်ဆိုတဲ့ လီဘရာ (Libra) ဒစ်ဂျစ်တယ်ငွေကြေးလိုမျိုးက၊ လာမယ့်တနေ့မှာ ငွေကြေးလဲလှယ်ရေး ဈေးကွက်မှာ ဘုရင်တဆူလိုဖြစ်နေ တဲ့ အမေရိကန်ဒေါ်လာကို အစားထိုးနိုင်ဖွယ် ရှိတယ်လို့ ပြောခဲ့ပါတယ်။ သူက ဂျက်ဆင်ဟိုးလ် (Jackson Hole) မှာ ကျင်းပတဲ့ ဗဟိုဘဏ်အရာရှိများ ဆွေးနွေးပွဲတခုမှာ ပြောတာပါ။ သူက ဒစ်ဂျစ်တယ်ငွေကြေးတွေကို ရည်ညွှန်းဖော်ပြတာတော့ ဖန်တီးထားတဲ့ လွှမ်းမိုးမှုရှိနေတဲ့ ငွေကြေး "Synthetic Hegemonic Currency" လို့ ခေါ်ဆိုပြီး၊ ကာနေးက နိုင်ငံတကာက အဓိကကျတဲ့ ဗဟိုဘဏ်ကြီးတွေက ဒစ်ဂျစ်တယ် ငွေကြေးကို အသိအမှတ်ပြု ပံ့ပိုးကူညီသင့်တယ်လို့ တိုက်တွန်းပါတယ်။

ဒေါ်လာက ဆွဲဆောင်မှုကျဆင်းလာနေပြီလား
ဒုတိယကမ္ဘာစစ်အပြီး စစ်ပြီးခေတ် စီးပွားရေးနဲ့ ကုန်သွယ်ရေးတည်ငြိမ်မှု ရစေဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံ၊ နယူး ဂျာစီပြည်နယ် ဘရက်တန် ဝုဒ် (Bretton Woods) အရပ်မှာ ၁၉၄၄ ခုနှစ် တုန်းက သဘောတူညီချက်နဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံ တကာငွေကြေး ရန်ပုံငွေအဖွဲ့ စတဲ့ အဖွဲ့အစည်းတွေ စတင်ထူထောင်ခဲ့ကြ ပါတယ်။ ဒေါ်လာက အဲသည်အချိန်ကစလို့ ဒီအဖွဲ့အစည်းတွေရဲ့ ရည်ညွှန်းရာ ငွေကြေးတန်ဖိုးတခု ဖြစ်ခဲ့ပါတယ်။ အဲဒါအပြင် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး၊ နိုင်ငံရေးသြဇာတွေကြောင့်လည်း ဒေါ်လာဟာ အထွတ်အထိပ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ပထမသုံးလပိုင်းစရင်းတွေအရ ကမ္ဘာတခုလုံးမှာ နိုင်ငံခြားအရန်ငွေကြေးများရဲ့ ၆၂% ဟာ အမေရိကန်ဒေါ်လာနဲ့ သိမ်းဆည်းထားကြတယ်လို့ IMF က ဖော်ပြပါတယ်။ ဒုတိယအများဆုံး ထိန်းသိမ်းထားကြတာ ကတော့ ဥရောပတခုတည်းသောငွေကြေး (ယူရို) ဖြစ်ပြီး၊ ၂၀.၂% ရှိပါတယ်။ တရုတ်နိုင်ငံက အမေရိကန်ပြီးရင် ဒုတိယစီးပွားရေးအင်အား အကြီးဆုံးဖြစ်လာပေမယ့်လည်း၊ တရုတ်ယွန်ငွေကတော့ ထိန်းသိမ်းထားကြတာ ၂% ပဲ ရှိပါတယ်။

ဒါပေမယ့် ဒေါ်လာငွေက ပြိုးပြိုးပြက်ပြက် ဘဝကနေ၊ အရောင်းမှိန်သြဇာ ကျလာပါတယ်။ အကြောင်းကတော့ ဂလိုဘယ် လိုက်ဇေးရှင်းကြောင့် ကမ္ဘာ့စီးပွားရေး ဖွဲ့စည်းထားပုံ အခင်းအကျင်း ပြောင်းလာသလို၊ ဒေါ်လာဈေးနှုန်း အတက်အကျ တွေ ဖြစ်လာရင်လည်း၊ တကမ္ဘာလုံးမှာ သက်ရောက် ရိုက်ခတ်မှု ဖြစ်လာတတ်ပါတယ်။ ယူအက်စ်မှာ ဖြစ်ထွန်းတိုးတက်မှု တွေက ပျံ့နှံ့ထွက်ပြီး၊ ကျန်နိုင်ငံအများမှာပါ ကုန်သွယ်ရေးစွမ်းဆောင်မှု၊ ငွေကြေးဈေးကွက် ဂယက်တွေဖြစ်စေပါတယ်။ ဒါကြောင့် ယူအက်စ်စီးပွားရေးစနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်မထားဘဲ၊ အကန့်အသတ်လောက်သာ ဆက်သွယ်မှုရှိတဲ့ နိုင်ငံ တွေပါ သက်ရောက်မှု ခံရပါတယ်လို့ အင်္ဂလန်ဗဟိုဘဏ် အကြီးအကဲ ကာနေးက ပြောပါတယ်။ ဒေါ်လာငွေကြေးဈေး မြင့်လာရင်၊ ကျနော်တို့ ချေးထားတဲ့ငွေအပေါ် ပြန်ဆပ်ရဖို့ငွေက များလာပါတယ်။ များစွာသော ဖွံ့ဖြိုးဆဲစီးပွားရေးစနစ် တွေမှာ သူတို့ချေးငွေတွေကို ဒေါ်လာငွေအားဖြင့် သတ်မှတ်ထားကြတာပါ။ “ရေရှည်မှာတော့ ဒီကစားပွဲကို ပြောင်းလဲဖို့ လိုအပ်နေပြီ” လို့ ကာနေးက ဆိုပါတယ်။

ဗဟိုဘဏ်လိုမျိုး အများပြည်သူရေးရာကဏ္ဍတခုအနေနဲ့ အသစ်သော အွန်လိုင်းငွေကြေး (new virtual currency) ကို ထောက်ခံပေးသင့်တယ်၊ ခုလို အသစ်သော cryptocurrency တွေကို အများပြည်သူရေးရာကဏ္ဍ အဖွဲ့ အစည်းတခုက ထောက်ခံပေးလို့ ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်း ရှိပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်များ ကွန်ရက်ကြီးတခုက နေပြီး ဒစ်ဂျစ်တယ် ငွေကြေးတွေကို ရပ်တည်ပေးတာမျိုး လုပ်ရင်ဖြစ်ပါတယ် (a network of central bank digital currencies) လို့ ကာနေးက ဆိုပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်ခေါင်းဆောင်တွေက အခုအချိန်အထိ အွန်လိုင်းငွေကြေးတွေအပေါ် ထိန်းချုပ်ထားမှု မရှိလို့၊ စိတ်ပူပန်နေကြတုန်းပါ။ အမေရိကန်သမ္မတ ထရမ့်ကလည်း Bitcoin တို့ Libra ငွေကြေးတို့ကို “လေထဲအခြေပြုထားတဲ့ငွေ (based on thin air) ဆိုပြီး ရပ်တည်ချက်မရှိ၊ ခိုကိုးအားထားစရာ မရှိဆိုပြီး ပယ်ချခဲ့ပါ တယ်။ လေ့လာသူတွေကတော့ ဝါရှင်တန်က ဒေါ်လာငွေအဆင့်အတန်းကိုတော့ နန်းချခံမှာ မဟုတ်ဘူး။ တစုံတရာ တိုက်ခိုက်မှု မလုပ်ဘဲ အလျော့ပေးလိုက်မှာ မဟုတ်ဘူး။ ဒီနေရာကို ဘယ်သူ့ဆီကိုမှ ပေးချင်မှာ မဟုတ်ဘူးလို့ ဆိုကြ ပါတယ်။

အင်္ဂလန်ဗဟိုဘဏ် အကြီးအကဲက လီဘရာငွေကြေး (Libra) ငွေကြေးကို နာမည်တတ် ဖော်ညွှန်းခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်၊ ဇွန်မှာ စတင်မယ် ကြေညာထားတာပါ။ ကားနေက မတည်ငြိမ်ရှိနေသေးတဲ့ အွန်လိုင်းငွေကြေး ဘစ်ကွိုင် (Bitcoin) ကို ထည့်မပြောပါဘူး။ လီဘရာရဲ့ ထူးခြားချက်ကတော့ မိတ်ဖက်ကုမ္ပဏီ ၁၀၀ ကျော်နဲ့ ပူးတွဲ အာမခံ၊ စီမံ ထိန်းသိမ်းကြမှာပါ။ ဗဟိုဘဏ်တွေကတော့ နည်းနည်းစိတ်ပူပန်နေကြတယ်။ အကြောင်းက ဖေ့ဘုတ်က ငွေကြေး တွေကို ပုဂ္ဂလိကပိုင်အသွင် ပြောင်းပစ်ကြမှာမို့ပါလို့ ပါရီစီးပွားရေးတက္ကသိုလ် (Paris School of Economics) က သုတေသီ Agnes Benassy-Quere က ဆိုပါတယ်။

၂။ ဒုတိယသတင်းကတော့ China Daily သတင်းစာက Nation's digital currency may be world's first (တရုတ်- အမျိုးသား ဒစ်ဂျစ်တယ်ငွေကြေးက ကမ္ဘာပေါ်မှာ ပထမဦးဆုံး ဖြစ်လာလိမ့်မယ်) ဆိုတဲ့ စက်တင်ဘာ ၄ ရက်နေ့ သတင်း ပါ။ တရုတ်နိုင်ငံတော် ဗဟိုဘဏ်က မကြာခင် ကမ္ဘာပေါ်မှာပထမဦးဆုံးဖြစ်မယ့် ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေမယ်လို့ ဆိုပါတယ်။ ဒီငွေကြေးကို ဒီဇိုင်းလုပ်ဖို့ တာဝန်ပေးခံရသူထံက အသေးစိတ်ပေါက်ကြားလာတဲ့ သတင်းပါလို့လည်း ဖော်ပြ ထားပါတယ်။

CBDC 
ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး Central bank digital currency (CBDC) လို့ခေါ်ဆိုပြီး၊ ဒစ်ဂျစ်တယ်နည်းအရ တရားဝင် ငွေကြေး (legal tender)၊ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာပိုင်ငွေကြေး အဖြစ်ရပ်တည်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ငွေစက္ကူတွေလို ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဌာန် ရှိမှာမဟုတ်ပါဘူး။ တန်ဖိုးပိုင်ဆိုင်မှု (valuable assets) တခုသာ ဖြစ်ပြီး၊ စီးပွားရေးပုဂ္ဂလိကဘဏ်တွေက ဗဟိုဘဏ်မှာ အုပ်နှံထားသလို၊ ကျောထောက်နောက်ခံ အာမခံမှုပေးထားပါမယ်။ အီလက်ထရွန်နစ် ဝေါလက် (eletronic wallet) တခုလို သုံးနိုင်မယ်၊ လူအချင်းချင်း ငွေရှင်းငွေယူ လုပ်နိုင်မယ်၊ မိုဘိုင်း ဖုန်းကနေတဆင့် သုံးနိုင်မယ်လို့ ဆိုပါတယ်။

ပထမအဆင့်မှာတော့ ပြည်တွင်းသုံးအတွက်ပါပဲတဲ့။ နောက်အဆင့်မှာတော့ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေ၊ ငွေလဲလှယ်မှုတွေ လုပ်နိုင်မှာပါ။ အတွင်းလူရုံတွေကြား စမ်းသပ်မှု လုပ်ပြီးခဲ့ပြီလို့ ဆိုပါတယ်။ “အကယ်၍ တရုတ်နိုင်ငံက အောင်မြင်စွာ ဒစ်ဂျစ်တယ်ငွေကြေးထုတ်နိုင်ရင်၊ အခြားနိုင်ငံတွေကလည်း အလားတူဖန်တီးကြပြီး ပြိုင်ဆိုင်မှုတွေ စတင်လာပါမယ်” လို့ ပီကင်းတက္ကသိုလ်၊ ဒစ်ဂျစ်တယ်ငွေကြေး အင်စတိကျုက ဒါရိုက်တာ Huang Yiping က ပြောပါ တယ်။

အဆင့် ၂ ဆင့် (double tier) ရှိမယ်လို့လည်း တရုတ်ပြည်သူ့ဘဏ် (PBOC) က ဒုအုပ်ချုပ်ရေးမှူး Fan Yifei က ဆောင်းပါး ရေးထားဖူးပါတယ်။ ပထမအဆင့်က ဗဟိုဘဏ်ကနေ စီးပွားရေးလုပ်ကိုင်နေကြတဲ့ ဘဏ်တွေကို CBDC ထုတ်ပေးမယ်။ နောက်အဆင့်က ပြည်သူတွေက အဲဒီစီးပွားရေးဘဏ်တွေမှာ ဒစ်ဂျစ်တယ်ငွေကြေးကို ဖလှယ်ရယူကြဖို့ ပါပဲ။ CBDC ထွက်လာရင်၊ ဘဏ်ကထုတ်တဲ့ ငွေစက္ကူ၊ အကြွေစေ့တွေကို အစားထိုးသွားမှာပါ။ ငွေစီးဆင်းမှုမှာ M(0) လို့ ခေါ်တဲ့ ငွေသားလှည့်လည်မှုလည်း မရှိဘဲဖြစ်သွားပါလိမ့်မယ်။

၃။ တတိယသတင်းကတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းပါ။ ၂၀၁၉ စက်တင်ဘာလ ၂ ရက်နေ့ ထုတ်ပြန် ကြေညာချက်မှာ ဗဟိုဘဏ်က ဘဏ်များရဲ့နောက်ဆုံးအားထားရာ (Lender of last resort) အဖြစ် ပြည့်ဝစွာ ကူညီ ထောက်ပံ့သွားမယ်။ ပြည်သူလူထုအနေဖြင့် ဘဏ်လုပ်ငန်းနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုများ မရှိကြစေရန် အသိပေး အပ်ပါသည်လို့ ဖတ်ရပါတယ်။

အကိုးအကား