Breaking News

ဂျူဒီယာ - ခရမ်းရောင်‌ နေကြာပန်းများ





ခရမ်းရောင်နေကြာပန်းများ
ဂျူဒီယာ

(မိုးမခ) စက်တင်ဘာ(၆)ရက်၊ ၂၀၁၉
 



အုံ့ဝေနေတဲ့ မိုးသားမိုးရိပ်တွေနဲ့အတူ နှင်းမှုန်တွေ ဝေ့ဝဲနေတဲ့ ဝန်းကျင်ရဲ့ အခင်းအကျင်းကြောင့် သူမ၏ စိတ်သည်  ငြိမ်သက်ငိုက်ဆင်း လာခဲ့သည်။ မျက်ဝန်းအစုံကို ဖွဖွလေးမှိတ်ထားလိုက်ပြီး လှုပ်ခတ်နေသော စိတ်ကို အနားပေးလိုက်သည်။ လွင့်ချင်တိုင်းလွင့်နေခဲ့တဲ့စိတ်ဟာ တစ်ခါတစ်ခါ တော့လည်း ငြိမ်သက်အေးချမ်းနေဖို့ လိုအပ်တယ်မဟုတ်လား။

ငြိမ်းအေးနေသော ထိုအခိုက်အတန့်လေးထဲမှာပဲ တူရိယာတစ်ခုကို တိုးညှင်းစွာ တီးခတ်လိုက်တဲ့ ဂီတသံ တိုးတိုးဖွဖွဟာ သူမရဲ့အကြားအာရုံထဲကို တိုးသက်စွာ ဝင်ရောက်လို့လာခဲ့သည်။ သူမနားစွင့်ထားလိုက်သည်။ သိပ်ကို တိုးညှင်းလွန်းလှသည့် တယောထိုးသံပါလား။
 
ကြည်လင်အေးသက်နေသော အာရုံက ထိုအသံ‌‌လေးထဲကို တွဲခိုငြိကပ် မှီတွယ်သွားလေသည်။ မည်သည့်သီချင်းမှန်း သူမ မသိသလိုမည်ကဲ့သို့‌‌သော သံစဉ်မျိုးမှန်း လည်း သူမမခွဲခြားတတ်ပါ။ သီချင်းများနှင့် သံစဉ်များကို နားဆင်ခံစားရုံကလွှဲပြီး ခွဲခြမ်းစိတ်ဖြာ ဖန်တီးဖို့ဆိုသည်မှာ သူမ မကျွမ်းကျင် သည့်ဘာသာရပ်တစ်ခုသာ ဖြစ်သည်။

မည်သည့်အရပ်က မည်သူထိုးနေမှန်း မသိသည့် ပျစ်ချွဲချိုအီသောတယောသံသည် လွမ်းလွမ်းဆွေး ဆွေးနှင့် သူမ အပါးမှာ လွင့်မျောမျှင်တန်းနေလေသည်။ ယောထိုးသူသည် အေးစက်ထိုင်းမှိုင်းနေသော သူမ၏ ဝိညာဉ်ကို တဖြည်းဖြည်းချင်းဆွဲနှုတ်ပြီး အဝေးတစ်နေရာသို့  ဆွဲယူသွားခဲ့လေပြီ။
သံစဉ်များ၏ ဆွဲငင်ရာနောက်သို့ တလွင့်လွင့်နှင့်မျောပါသွားသောအာရုံသည် ပါးလှပ်ပေါ့ပါးစွာ လွင့်မျော နေရာက ကျယ်ပြန့်သောအဝါရောင်လွင်ပြင်ကြီးတစ်ခုဆီသို့ တငြိမ့်ငြိမ့်နှင့်ရောက်လာသည်ကို တွေ့လိုက် ရသည်။

ဘယ်လို လွင်ပြင်ကျယ်မျိုးပါလိမ့်။
စူးရဲဝါလွင်နေလိုက်တာများ မျက်လုံး များ‌‌တောင် တောက်ပလို့။

အနီးသို့အရောက်မှာ တွေ့လိုက်ရသည်က အဝါရောင်နေကြာပန်းခင်းကြီး။ လှလိုက်သည့် နေကြာတွေ။
အပွင့်တွေက ကြီးလည်း ကြီးလှသည်။ ဒီနေကြာတွေဟာ Vincent van Gogh ရဲ့ နေကြာပန်းတွေများဖြစ်နေလေမလား။

တစ်သက်နှင့်တစ်ကိုယ် ဤမျှကျယ် ပြောလှပသော နေကြာပန်းခင်းကြီးကို မတွေ့ဖူးခဲ့ချေ။ အဝါရောင်ကို သူမ ချစ်ပါ သည်။ အဝါရောင်များစွာထဲကမှ နေကြာ ပန်း၏ဝင်းဝါမှုမျိုးကို သူမ ပို၍ နှစ်သက်လှသည်။ လွတ်လပ်ပွင့်လင်းမှုများကို ကွယ်ဝှက်ထားခြင်းမရှိဘဲ ပကတိအတိုင်း မြင်တွေ့နေ ရသောကြောင့်လားတော့ မသိ။ နေကြာပန်းများကို မြင်တွေ့လိုက်ရသည့်အခါတိုင်းမှာ စိတ်သည် မယုံကြည်စရာကောင်းလောက် အောင် ပျော်ရွှင်တက်ကြွလာလေသည်။

နေကြာပန်းပင်လေးများကို ထိစမ်း ကိုင်ကြည့်ချင်စိတ်ပေါ်လာ၍ အသာအယာထိစမ်းကြည့်မိသည်။ ကြမ်းရှရှထိတွေ့မှုကို ရသည်။ အစေ့တစ်စေ့ကို ထုတ်စားကြည့်လိုက်သည်။ စားဖူးသည့် နေကြာစေ့၏ အရသာထက်ပိုသော ဆိမ့်သက်မှုကိုရသည်။ ပန်းခင်းတစ်ခင်းလုံး ဆုံးသွားအောင် သူမနှစ်သက်ကြည်နူး စွာ လျှောက်နေမိသည်။ နေကြာပန်း၏ ရဲရင့်မှုကို သူမ အားကျ ပါသည်။ နေရောင်ခြည်ကို အန်တု၍ ဆက်ပြီး ရဲရင့်လန်းဆန်းပေးကြပါ။ အလှပဆုံးနှင့် အရဲရင့်ဆုံး ဖူးပွင့်ပေးကြပါနေကြာပန်းကလေးတွေ ရေ ....နော်
တယောသံက သူမကို နောက် တစ်နေရာသို့ခေါ်ဆောင်သွားပြန်သည်။

သည်တစ်ခါမှာတော့ တောင်ကုန်းလေး တစ်ခု၊၊ တက်သွားလိုက်ပြီးမှ တောင်ကုန်းလေးရဲ့တစ်ဘက်မှာ ခြံစည်းရိုးပုပုလေး ခတ်ထားသည့် အိမ်ကလေးတစ်လုံး။ အိမ်ကလေး၏ မီးခိုးခေါင်းတိုင်မှ မီးခိုးငွေ့ များက တလူလူ ထွက်နေလေသည်။ ခြံဝင်းထဲသို့ ဝင်သွားပြီး အိမ်လေးထဲသို့ မဝင်‌‌သေးဘဲ အိမ်၏ ဘေးယွန်းယွန်း ရှိ အဆောက်အဦးငယ်လေးထဲ ဝင်သွားကြည့် မိလိုက်သည်။

အိုး ....မြင်းတွေထားသည့် နေရာပဲ။ မြင့်မားသန်စွမ်းပုံရသော မြင်းနှစ်ကောင်နှင့် မြင်းပုလေးတစ်ကောင်။
အလို ...ကလေးငယ်လေးတစ်ယောက်ပါ လားကွယ်။ မြင်းကြီးနှစ်ကောင် ကွယ်နေ၍ ကလေးငယ်လေးကို သူမ မမြင်မိခြင်းပင်။ ကလေးက မြင်းပုလေး၏ နီညိုရောင်တောက်ပနေသော လည်ဆံမွှေးများကို ညင်ညင် သာသာ လေးပွတ်သပ်ချော့မြူနေရှာသည်။
ကလေးလေးက သူ့ ဝင်လာသည်ကို သတိထားမိပုံမပေါ်။
သူ့အာရုံအားလုံးက မြင်းပုလေးဆီမှာသာ ငြိကပ်နေပုံရသည်။ မြင်းနှစ်ကောင်က သူ့ကို မြင်၍ လန့်ဖြန့် ဟီလိုက်မှ ကလေးငယ်က တစ်ချက်လှည့်ကြည့်ပြီး သူ့အလုပ် သူ ဆက်လုပ်နေလေသည်။

လူစိမ်းတစ်ယောက်ကိုမြင်လိုက်ရလို့လည်း ကြောက်လန့်ဟန် သူ့ဆီမှာ မရှိပါ။ ထူးဆန်းဟန်လည်း မပြပါ။
အသက်က ခုနှစ်နှစ်အရွယ်လောက် မျက်လုံးပြာပြာ၊ ဆံပင်အရောင်က သူ့ မြင်းပုလေး၏ အမွှေးအရောင် အတိုင်း ရွှေညိုနုရောင်နှင့် သိပ်ကို ချစ်စရာကောင်းလှသည်။
ထိုအချိန်မှာပဲ အိမ်ထဲက ထွက်ပေါ် လာသည့် စားချင့်စဖွယ်မွေးပျံ့ပျံ့ ရနံ့တစ်ခုနှင့်အတူ ခေါ်သံတစ်ခုကိုကြား လိုက်ရသည်။ ကလေးငယ်က သူ့ကို တစ်ချက်မော့ကြည့်ပြီး အိမ်ထဲသို့ ချက်ချင်းပြေး ဝင်သွားလေသည်။ သူမလည်း နောက်ကနေ လိုက်ဝင်သွားလိုက်သည်။ အိမ်ထဲမှာ သဘောကောင်းပုံရသည့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးနှင့် ခပ်ဝဝအမျိုးသမီးတစ်ဦးတို့သည် စားပွဲဝိုင်းတွင် အသင့်စောင့်နေကြပြီး အမျိုးသမီး က သူမ ကိုယ်တိုင် ဖုတ်ထားသော ကိတ်မုန့်နှင့် ခြံထွက်နွားနို့ပူပူတို့ဖြင့် သူမကို ဧည့်ခံလေသည်။

သူ၏ကလေးက မြင်းများကို မည်မျှ ချစ်ခင်ကြောင်း၊ မြင်းစီးမည်မျှ ကျွမ်းကျင်ကြောင်း၊ စာတော်ပြီး မည်မျှ လိမ္မာရေးခြား ရှိကြောင်းကို မျက်လုံးများ အရောင်တောက်လာသည်အထိ တရင်းတနှီးပြောနေလေသည်။ ကလေးငယ်လေးက လိမ္မာရေးခြားရှိပြီး ထက်မြက်မယ့် အသွင်သဏ္ဌာန်မျိုး ရှိလိမ့်မယ်လို့ သူမမျှော်လင့် ပြီးသားပါနော်။
ကလေးလေးရေ...မိမိရှင်သန်ရမယ့် လူ့ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ပါစေကွယ်။ မိဘတွေရဲ့မျှော်လင့်ချက်ကိုလည်း အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ သားလေးဖြစ်လာပါစေ။ မြင်းစီးသမား ကောင်းတစ်ယောက်လည်းဖြစ်လာနိုင်ပါစေကွယ်။ ခြံထဲကထွက်ပြီး အိမ်ကလေးဆီ သမင်လည်ပြန် လှည့်ကြည့်မိတော့ ကလေးငယ်လေးက သူမကို လက်ပြနှုတ်ဆက်နေနေဆဲ။

သံစဉ်နှင့်အတူ သည်တစ်ကြိမ်မှာ တော့ တောအုပ်လေးတစ်အုပ်ဆီသို့ ရောက်ရှိလို့လာခဲ့သည်။ တောအုပ်လေး၏ မှိုင်းညို့နက်ရှိုင်းပုံမှာ ချစ်စရာ ကောင်း လွန်းလှသည်။ တောလမ်းလေးအတိုင်း သူမ တစ်လှမ်းချင်း လျှောက်လာခဲ့ လိုက်သည်။ တောအုပ်လေးအလွန်မှာတော့ ရောင်စုံပန်းခင်းကြီးတစ်ခု စိုလွင်ပြန့်ပြူးလို့။
 
အမျိုးအမည်မသိသောအရောင် အသွေးစုံလင်သည့် ပန်းပွင့်ပန်းမန်လ်များ၊ သင်းရီမွှေးပျံ့လှသည် ပန်းရနံ့ များကြောင့် သူမ၏တစ်ကိုယ်လုံးဟာ မွှေးရီထုံယစ် သွားသလိုပါပဲ။ ပန်းပင်လယ်ထဲ တစ်ကိုယ်တည်း လျှောက်လှမ်း နေရင်းနှင့် တစ်စုံ တစ်ဦး၏ စိုက်ကြည့်ခြင်းခံနေရသလိုလို စိတ်ထဲမှာ ခံစားလာရလေသည်။ မည်သူကများ သူမ ကို စောင့်ကြည့်နေပါသလဲ။ ပန်းခင်းထဲတွင် သူမအပြင် ဘယ်သူ များ ရှိနေမှာပါလိမ့်။
ဝန်းကျင်ကို စူးစူးစိမ်းစိမ်း သူမကြည့်လိုက်တော့ ..........

တွေ့ပါပြီ။ ခပ်အုပ်အုပ်ဖြာကျနေသောပန်းရုံကိုကွယ်လျက်စူးစူးစိုက်စိုက်ကြည့်နေသောလူတစ်ယောက်။ အနည်းငယ်ဝေးကွာပေမယ့် ကိုယ်ဟန် အနေအထားနှင့် မျက်နှာသွင်ပြင်ကို ရင်းနှီးနေသလို ခံစားလာရ သောကြောင့် အနီးသို့ သွားကြည့်လိုက်သောအခါ  သူမရဲ့နှလုံး ခုန်သံက  ရပ်တန့်သွားလေသည်။
သတိရလို့ ပြန်ကြည့်လိုက်တော့ ညာ ဘက်သွားတက်လေးပေါ်အောင် ပြုံးပြနေ သည့် သူမရဲ့ ချစ်လှစွာ သော မောင်ငယ်လေး။ ဘုရားသခင်ရှိရာအရပ်ကို မိဘများထက်ဦးစွာ အရင် ထွက်သွားနှင့်ပြီဖြစ်တဲ့ ချစ်ရတဲ့မောင်ငယ်လေး။

လက်ထဲမှာလည်း မြေဆွသည့် ခက်ရင်းခွ နှင့် ကတ်ကြေးလေးကို ကိုင်လို့။ မောင်လေးက ဒီက ဥယျာဉ်မှူးလား။‌ ‌‌ ဟောဒီပန်းပင်လေးတွေက မောင်လေး စိုက်ပျိုးခဲ့တာလား။ ဒီပန်းပွင့်လေးတွေကို မောင်ငယ်လေးက  ပွင်ဖူးစေ ခဲ့တာလား။ ဒီပန်းပွင့်တွေကို မောင်ငယ်လေးက မွှေးမြစေခဲ့တာလားကွယ်။
ရင်သည် တဒိတ်ဒိတ်လှုပ်ခုန်ပြီး ပူနွေး သောမျက်ရည်စများက ပါးပြင်ပေါ်သို့ လိမ့်စီးလာခဲ့သည်။ တစ်ချက်တစ်ချက်မှာ သိမ့်ခနဲ သိမ့်ခနဲရှိုက်လိုက်မိသေးသည်

အေးချမ်းစွာ  စောင့်နေရစ်ပေဦးတော့ မောင်လေးရေ။ တစ်နေ့နေ့တော့ တို့တွေဟာ တစ်နေရာရာမှာ အသေ အချာဆုံစည်း ကြဦးမှာပါလေ။
အဲဒီအချိန်ကျမှပဲ တို့တွေဟာ  အရင်က ထက်ပိုပြီး ချစ်ခင်ကြင်နာကြမယ်လေ။ အခုတော့ ဘုရားသခင်ရှိတဲ့ အရပ်၊ ပန်းပွင့်ရောင်စုံတွေနဲ့သင်းထုံမွှေးရီနေတဲ့အရပ်မှာ အေးချမ်းစွာနဲ့ နားရစ်ခဲ့ပါချစ်သောမောင်ငယ်လေး ရေ။
မျက်ရည်များဖြင့်စိုစွတ်နေသော မျက်ဝန်းတွေကြားက မောင်လေးသည် သူမနှင့် တဖြည်းဖြည်းချင်း အလှမ်းကွာ ဝေးသွားလေသည်။

ချိုအီညှင်းညံ့သော တယောသံက နွဲ့ပျောင်းစွာ စီးမျောလို့လာပြန်သည်။ တယောသံကတဖြည်းဖြည်း သူမ နှင့် နီး ကပ်လာပြီး ရုပ်တရက်ဆိုသလို အဝေး တစ်နေရာသို့  လွင့်မျောသွားပြန်သည်။
တယောသံရဲ့ဟိုတစ်ဖက်ဆီမှာ မရဏစောင်းကြိုးခတ်သံညှင်းညှင်းဖွဖွကို သူမ ကြားလိုက်ရပါသလား။

အမှောင်ထုဟာ သူမ အပေါ် တအိအိနဲ့ပြိုအိကျလာခဲ့ပြီလား။
သည့်နောက်မှာတော့ ............  

ဂျူဒီယာ