Breaking News

ထွန်းဇော်ဌေး ● ကိုမောင်တူးပြောတဲ့ ဘဝချိုလိမ်အကြောင်း

ထွန်းဇော်ဌေး ● ကိုမောင်တူးပြောတဲ့ ဘဝချိုလိမ်အကြောင်း
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၉

ကိုမောင်တူးက လူကြီးအတော်များများကို မုန်းတီးစိတ်ရှိတယ်။ “အသက်ကြီးလေလေ ရိုးသားမှုကင်းလေလေ” ဆိုတဲ့စကား ကို ယုံယုံကြည်ကြည် လက္ခံထားတယ်။ ဒါကြောင့် သူ့ထက် တရက် တမနက်ကြီးတယ်ဆိုရင် သူသိပ်မလေးစားချင်ဘူး။ အဲ… သူ့ထက် တရက် တမနက်ငယ်ပြီဆိုရင်တော့ သူက ရိုကျိုးပြီး လေးလေးစားစား ဆက်ဆံတတ်တယ်။ အဲ့ ဒါသူ့စရိုက်ပါပဲ။ဒါကလည်းသူ့အကြောင်းနဲ့သူရှိတယ်။သူ့အပြောကတော့ ဘဝတလျောက်လုံး လူကြီးတွေ လိမ်တာခံခဲ့ရပါများလို့ လူကြီးလို့ ပြောလာရင် မယုံချင်တော့ဘူး။ မလေးစားချင်တော့ဘူးလို့ ဆိုတယ်။

သူပြောတာကတော့ “ဒီမှာဗိုလ်ဌေး.. မင်းတို့ ငါတို့ ကလေးဘ၀ လူမှန်း သူမှန်မသိသေးတဲ့ လသားအရွယ်ကစပြီး အဖေနဲ့ အမေလိမ်တာစပြီးခံရတာပဲကွ။ ငါတို့က နို့ဆာလို့ ငိုတယ်ကွာ။ သူတို့က ငါတို့ကို ချိုလိမ်လေးပါးစပ်မှာတပ်ပေးလိုက်တယ်။ငါတိုကတော့ အဟုတ်မှတ်ပြီး တပြွတ်ပြွတ်နဲ့ စို့ရတာပေါ့။ ကဲဒီတော့ မင်းစဉ်းစားကြည့်စမ်း… ငါတို့ဟာ လူ့ဘဝထဲစရောက် ကထဲက အလိမ်ခံခဲ့ရတာပဲမဟုတ်လား” တဲ့။ သူပြေ တော့မှ စဉ်းစားကြည်လိုက်တော့ ဟုတ်သလိုလိုတော့အရှိသား။ ကျနော်တို့ဘဝမှာချိုလိမ်နဲ့စပြီးအလိမ်ခံခဲ့ရတာ ပါကလား။ရှိလှရင် တစ်လသားနှစ်လသားအရွယ်ပေါ့။ဒီအကြောင်းတွေကိုသူဆက်ပြောပြတာက….

“ဟော ကျနော်တို့ စကားပြောတတ်စ အရသာခံတတ်စ အရွယ်ရောက်တော့ ထပ်အလိမ်ခံရပြန်တယ်။ နေမကောင်းလို့ ဆေးတိုက်ပြီဆိုရင် ကျနော်တို့က ဘယ်သောက်ချင်ပါ့မလဲဗျာ။ ဆေးက ခါးတာကိုး။ ဒီတော့ သူတို့က ဆေးသောက် သယောင်ပြပြီး “ချိုတယ်ဟေ့ ချိုသကွ” ဆိုပြီး အသောက်ခိုင်းတော့ ကျုပ်တို့က အဟုတ်မှတ်ပြီး သောက်ချလိုက်တာ ဘယ် ကချိုရမှာလည်းဗျာ ခါးလွန်းလို့ အာခေါင်ကိုခြစ်ပြီး တအားငိုချလိုက်ကြရတာပဲမဟုတ်လား။ ဒါ နောက်တကြိမ် အလိမ်ခံ လိုက်ရတာဗျို့”တဲ့။ ဒါမျိုးက ကျနော်တို့လည်း ခံခဲ့ရဘူးတယ်။ ပညာရှိတွေကတော့ အဖြူရောင်လိမ်လည်မှုလို့ ဝန်ခံကြ လေရဲ့။ သူ့စကားဆက်နားထောင်ကြည့်ရအောင်။

“ကျောင်းနေအရွယ်ရောက်တော့ အစမှာ ကျောင်းကြောက်တဲ့ရောဂါတော့ ရှိတာပေါ့ဗျာ။ ဒါပေမယ့် လူကြီးသူမတွေက ပညာတတ်မှ သူများအထက်ကနေရမှာလို့ ပြောတယ်။ သူများအထက်ကနေရတယ်ဆိုတာ ဘာမှန်းကိုကျနော်မသိခဲ့ရိုး အ မှန်ပါ။ ဒီလိုနဲ့ ကုဋေကြွယ်သူဌေးသားအကြောင်းသင်ရတော့ စာမတတ်လို့ လူလိမ်ခံရ၊ မွဲသွားပြီး တောင်းစားရတယ်လို့ သင်ရတယ်။ ကျနော် သိပ်ဘဝင်မကျလှဘူး။ ဘဝကိုက အလိမ်အညာတွေပဲဥစ္စာ။ ပုထုဇနော လူလိမ်တောကြီးလို့ပဲ ထင် တယ်။ သူ့ကိုလိမ်တာက သူ့ထက်ကြီးတဲ့လူကြီးတွေပဲ ဖြစ်မှာပါ။ သူနဲ့ရွယ်တူတွေက စီးပွားလောဘမရှိကြသေးဘူး။ သူနဲ့ အတူစားမယ် သောက်မယ်က စားမယ်ဆိုတဲ့စိတ်ပဲရှိအုံးမှာပါ။ လူကြီးဆိုတာ အခါအခွင့်သင့်ရင် လူငယ်တွေကိုလိမ်ဖို့ပဲစဉ်းစားနေဟန်ရှိပါတယ် ။ ဒါကြောင့် ကုဋေရှစ်ဆယ်သူဌေးသားမွဲသွားတာ လူကြီးတွေလိမ်တာခံလိုက်ရလို့ပါ။ ဒီလိုနဲ့ ကျနော် လည်းစာတွေသင်လာလိုက်တာ “မဟာဝိဇ္ဖာဘွဲ့” လည်းရရော စစ်ဗိုလ်တွေရဲ့ အခိုင်းခံစစ်ကျွန်ဘဝနဲ့ အရိုးထုတ်လိုက်ရ တော့တာပါပဲ။ အစက ဒီလိုမှန်းသိခဲ့ရင် ငါလည်း DSA တက်ပြီး လိုင်စင်ရဓါးမြလုပ်ခဲ့မှာပေါ့ကွာ” တဲ့။ သူရဲ့လူငယ် ဘ၀ တလျောက်လုံးပ ညာရေးနဲ့ အလိမ်ခံလိုက်ရတဲ့အကြောင်း ပြောပြသွားတယ်။

နောက်ဆုံးတော့ ကိုမောင်တူးတယောက် ဘာကိုမှမယုံတော့ပဲ ဘာသာရေးကိုပဲ ပုံပြီးယုံကြည်စွာလေ့လာနေတော့တယ်။ တကယ်တော့လူဟာ ဥပါဒါန် အစွဲအလန်းတွေကြောင့် ဘဝတဏှာဖြစ်ပြီး သံသရာမှာ ကျင်လည်နေကြတာပဲ။ စွဲလန်းရာ ဘဝဖြစ်တဲ့သဘောပေါ့။ ဟုတ်ပြီ။ ကိုမောင်တူးကျေနပ်သွားပြီ။ လူဟာ စိတ်ကူးယဉ်တယ်ဆိုပေမယ့် စိတ်ကူးဆိုတာ ဘဝနဲ့ ဝေးဝေးမသွားဘူး။ သေကာနီးကပ်တဲ့ဇောရဲ့ ဥပါဒါန်စွဲကြောင့် လူသေရင် လူပဲဖြစ်တော့မှာပေါ့ဆိုတော့ “ဟာ မဟုတ်ဘူး လူသေ လူဖြစ်ဆိုတာ ဝိနိစ္ဆယလုပ်ထားတာမို့ လက်မခံရဘူး” တဲ့။ ဒါဖြင့် “ဥပါဒါန်အစွဲနဲ့ လောက်လန်းသဖွယ် ဝိညာဉ်တွယ်” ဆိုတာ မှားသလားဆိုတော့လည်း မမှားဘူးဆိုပါလား။ နားမလည်နိုင်တော့ပြီ။ သေချာတာကတော့ ဒီနှစ်ခုမှာ တခုခုကတော့ လိမ်နေပြီဆိုတာပဲ။

နောက်ဆုံး ကိုမောင်တူးစဉ်းစားမိတာကတော့ လူ့ဘဝရောက်ကတည်းက ချိုလိမ်ပါးစပ်တပ်ပေးပြီး အလိမ်ခံခဲ့ရတယ်။ ပညာရေး လူမှုရေး စီးပွားရေး နိုင်ငံရေးနဲ့လည်း သက်လတ်ပိုင်းတလျောက်လုံး အလိမ်ခံရပြန်တယ်။ အခုသက်ကြီးပိုင်း လူအိုကြီးဘဝရောက်တော့လည်း ဥပါဒါန်နဲ့ အလိမ်ခံရပြန်တယ်။ ဒီတော့လည်း ကိုမောင် တူးတယောက် “ဘဝချိုလိမ်” တွေ ကို မယုံကြည်တော့တာ ဆန်းပါအုံးတော့မလားခင်ဗျာ….။

မှတ်ချက်။ ။ အကျိုးသက်ရောက်မှုအဓိကဝါဒီများက အဖြူရောင်လိမ်လည်မှုကို ခုတုံးလုပ်၍ ပြစ်မှုကျူးလွန်လေ့ ရှိတတ်သည် ကို သတိပြုလေ။ 

ထွန်းဇော်ဌေး