Breaking News

မောင်မောင်မြင့်နှင့်မောင်မိုးသူ



မောင်မောင်မြင့်နှင့်မောင်မိုးသူ

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၉

ငပလီမှာ ၅၅ရာက်ကြာ မောင်မောင်မြင့်နှင့်မောင်မိုးသူ နှစ်ယောက်တွဲပြီး ရုပ်ရှင်ရိုက်ကူးခဲ့ကြရတော့ အားလုံးအဆင်ပြေချောမွေ့တာတွေ့ရပါတယ်၊ သုခုမဒေါ်နန်းကလည်း မောင်မိုးသူကို သားတစ်ယောက်အဖြစ် အသိအမှတ်အပြုပြီး သုခုမရုပ်ရှင်မှာ မောင်မောင်မြင့်တစ်ကား မိုးသူတစ်ကားရိ်ုက်ဖို့ကမ်းလှမ်းပါတယ်၊ မောင်မိုး သူက လက်မခံလိုက်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မောင်မောင်မြင့်က ရုပ်ရှင်ပညာရည်ဝတယ်၊ အနုပညာအ ရည်အသွေးရှိတယ်၊ ဒါရိုက်တာအဖြစ်ဦးဆောင်ရိုက်ကူးနိ်ုင်သူဖြစ်တယ်၊ ဒါပေမယ့် အပြင်လောကကလူတွေနှင့် ဆက်ဆံမှုနည်းပါးသူဖြစ်ပါတယ်၊ ဒီတော့ သုခုမကုမဏီမှာပဲ သူကရိုက်ရမယ့်လူလေ၊ ဒါကြောင့် မောင်မောင် မြင့်တစ်ကား မိုးသူတစ်ကားရိုက်ကူးဖို့ ဒေါ်နန်းရဲ့ကမ်းလှမ်းချက်ကို မောင်မိုးသူငြင်းလိုက်ပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ အပြင်လောကကြီးထဲမှာ ထုတ်လုပ်သူကုမဏီတွေနဲ့ရိုက်ဖို့အစီအစဉ်ရှိတဲ့သူကို။

ဘာပဲပြောပြော မောင်မောင်မြင့်နှင့်မောင်မိုးသူ အတွဲညီပြီး အလုပ်လုပ်ဖြစ်နေလေတော့ နောက်ထပ် မောင်မောင်မြင့်ရိုက်ကူးရမယ့် ကားတွေမှာ မောင်မိုးသူကို လိုက်ပါရိုက်ကူးဖို့ မောင်မောင်မြင့်ကလည်း ဖိတ်ခေါ် ပါတယ်၊ ဒေါ်နန်းကလည်းဖိတ်ခေါ်ပါတယ်၊ မောင်မိုးသူက ဇာတ်ကားဒါရိုက်တာနာမည်မှာ မောင်မောင်မြင့် တစ်ဦးထဲပဲထည့်ပါလို့ ဆိုတဲ့ ခြွင်းချက်နဲ့ မောင်မောင်မြင့်နှင့်အတူ နောက်ထပ် သုံးကားရိုက်ကူးဖြစ်ပါတယ်၊ အဲဒီသုံးကားကတော့ ငပလီမှာ ဆုံစည်းရိုက်ဖူးခဲ့ဘူးတဲ့ မင်းသားသုံးလက်ဖြစ်တဲ့ တွံတေးသိန်းတန်၊ စိုးနိုင်နှင့် မင်းသမီးခင်သန်းနုတို့တွဲဖက်ပြီး စစ်ကိုင်းကိုသွားရောက်ရိုက်ကူးဖို့ ဖြစ်ပါတယ်၊ ငပလီမှာ အတူတွဲခဲ့ကြတဲ့ အဖွဲ့ ဖြစ်လေတော့ အတွဲညီပြီး ပျော်စရာကောင်းပါတယ်၊ ဇာတ်ကားနာမည်တော့ မောင်မိုးသူမမှတ်မိတော့ဘူး၊ အဲဒီဇာတ်ကားမှာ မမလေး(ဒေါ်သိန်းရှင်) အကယ်ဒမီရပါတယ်၊ ဇာတ်လမ်းရဲ့သဘောကတော့ ကောက်ရပြီး မွေးစားထားတဲ့ သမီးလေးရဲ့အမေအဖြစ် ဒေါ်သိန်းရှင်ကပါဝင်ရပါတယ်၊ တကယ့်အမေအရင်းဖြစ်တဲ့ ဘေဘီ နွဲ့က လာရောက်တောင်းခံတဲ့အခါကျတော့ အမေအရင်းလက်ထဲကို မွေးစားအမေ ဒေါ်သိန်းရှင်က သမီးက လေးကို မပေးရက်ပေးရက်နဲ့ အခန်းပါရိုက်ကူးရတဲ့အတွက် အဲဒီကားအတွက်အကယ်ဒမီရရှိတာဖြစ်ပါယ်၊

 မမလေး(ဒေါ်သိန်းရှင်)နှင့် မောင်မောင်မြင့် မောင်မိုးသူတို့ အဲဒီကားမှာ စတင်ဆုံစည်းရတာဖြစ်ပေမယ့် မောင်မိုးသူရိုက်သမျှ ဇာတ်ကားအားလုံးဟာ မမလေး(ဒေါ်သိန်းရှင်)အမြဲပါသလို ဂျော်လီဆွေ အံ့ကျော်တို့လည်း အမြဲပါဝင်ပါတယ်၊ ဇာတ်ကားနာမည်ကိုမမှတ်မိပေမယ့် ဇာတ်ကားကျောရိုးကိုတော့မှတ်မိပါတယ်၊ ရေထဲ မျှောလာတဲ့ ခြင်းတစ်ခြင်းထဲတွင် ကလေးငယ်တစ်ဦးနှင့် ဒေါင်းဘယက်ကြီးတစ်ခုပါလာပါတယ်၊ အဲဒီက လေးငယ်ကို ဆယ်ယူရရှိတံ့ဇနီးမောင်နှံကတော့ ဦးဘကွန်း ဒေါ်သိန်းရှင်တို့ဇနီးမောင်နှံဖြစ်ပါတယ်၊ ကလေးငယ် က ခင်သန်းနုပါ၊ အရွယ်ရောက်လာပြီဖြစ်တဲ့ ခင်သန်းနုကို ပွဲတစ်ပွဲမှာ သူနဲ့ငယ်စဉ်ကအတူပါလာတဲ့ ဒေါင်းဘ ယက်ကို ဆင်ပေးမိရာက အမေအရင်းဖြစ်တဲ့ ဘေဘီနွဲ့က မှတ်မိတွေ့သိပြီး ပြန်လာတောင်းတဲ့ဇာတ်ပါ၊ အဲဒီ ဇာတ်ကားကို စစ်ကိုင်းတောင်ရဲ့ အနောက်ဘက်မှာရှိတဲ့ ရွာတစ်ရွာမှာ စခန်းချပြီး ရိုက်ကူးကြရပါတယ်၊ အဲဒီကားမှာ ဒေါ်သိန်းရှင် ခင်ပွန်းအဖြစ်ပါဝင်ရသူက မောင်ဗမာဦးဘကွန်းဖြစ်ပါတယ်၊ အပြင်မှာကတော့ ဦးဘကွန်းနှင့် ဘေဘီနွဲ့တို့က ဇနီးမောင်နှံဖြစ်ပါတယ်၊ ဒီဇာတ်ကားရိုက်ကူးရာမှာ အလွန်ပျော်စရာကောင်းပါ တယ်၊ တွံတေးသိန်းတန်နဲ့ စိုးနိုင်တို့ကလည်း ငပလီမှာ တွဲခဲ့ဆုံခဲ့ပြီးသား ခင်သန်းနုကလည်း ထို့အတူပ၊ ဒီမှာက အလွန်ပျော်စရာကောင်းတဲ့ မောင်ဗမာဦးဘကွန်း ဘေဘီနွဲ့တို့ဇနီးမောင်နှံ မမလေး(ဒေါ်သိန်းရှင်)တို့ပါဝင်ကြရ တာဖြစ်ပါတယ်၊ အဲဒီကားကလည်း ငပလီမှာ ၅၅ရက်အကြာအပြီး မောင်မောင်မြင့်နှင့် အတူလိုက်ပြီး ရိုက်ကူး ပေးရတဲ့ဇာတ်ကားဖြစ်ပါတယ်၊ ထူးခြားချက်ကတော့ ဒီကားမှာ မောင်မောင်မြင့်က သရုပ်ဆောင်အဖြစ်မပါဝင် ပါဘူး၊

နောက်ထပ်တစ်ကားက စစ်ကားခင်ဗျ၊ စစ်ကားနာမည်က “၁၃ရက် ၁၃ယောက် ၁၃နာရီ”ဖြစ်ပါတယ်၊ အဲဒီကားကို မောင်မောင်မြင့်က ဒါရိုက်တာအဖြစ်သာမက သရုပ်ဆောင်အဖြစ်လည်း ပါဝင်ပါတယ်၊ ပါဝင်တဲ့ဇာတ်ဆောင်တွေကတော့ သုခုမဝိုင်းတော်သားတွေအများစုဖြစ်ပါတယ်၊ ရိုက်ကူးတဲ့နယ်မြေကတော့ ဗထူး ရက်ဆေက်ကနေ တောလမ်းက ပင်တယကိုကူး ပင်းတယနားတဝိ်ုက် တောတွေတောင်တွေထဲမှာ ရိုက်ကူးရတာများပါတယ်၊ ပင်းတယနားမှာရှိတဲ့ ကျောက်တောင်တစ်ခုကြီးကလည်း ဆက်တင်တစ်ခုလို ဇာတ်ဝင်ခန်းအဖြစ် အသုံးဝင်အသုံးတည့်ပါတယ်၊ အဲဒီဇာတ်ကားရိုက်ကူးဖို့အတွက် မောင်မောင်မြင့်အပါအဝင် စစ်သား ၁၃ယောက်အတွက် ယူနီဖောင်းနှစ်စုံစီ ချုပ်ကြရပါတယ်၊ တစ်စုံက အသစ်ဖြစ်ပြီး တစ်စုံက အနွမ်းအကြေဖြစ်ပါတယ်၊ ဇာတ်လမ်းအလိုက် အဆင်ပြေသဘောကျဖို့ဖြစ်ပါတယ်၊ ၁၃ရက် ၁၃ယောက် ၁၃နာရီ ရိုက်ဖို့ မောင်မောင်မြင့်က မောင်မိုးသူအတွက်လည်း စစ်ဘောင်းဘီနှစ်ထည်ချုပ်ပေးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စစ်ကားရိုက်ကူးရာမှာ ပြေးရလွှားရတဲ့အတွက် မောင်မိုးသူအတွက်ဘောင်းဘီလိုအပ် ပါတယ်၊ ဒါပေမယ့် မောင်မိုးသူလည်း အကြောင်းမညီညွှတ်စွာ ဘောင်းဘီဝတ်ခဲ့ရကြောင်းပါ၊ 

စစ်ကားဆိုတော့ ရိုက်ကူးရေးက တော်တော်များများရွှေ့ပြောင်းနေရပြီး ရိုက်ကူးရပါတယ်၊ တိုက်ပွဲတွေမှာ ပါသွားတဲ့ လက်နက် အတုတွေနဲ့ ရိုက်ကူးကြရတာဖြစ်ပေမယ့် ဗထူးစစ်လေ့ကျင့်ကွင်းမှာ ခဏတဖြုတ် ငှားရမ်းရိုက်ကူးခွင့်ရတဲ့ လက်နက်အစစ်တွေရဲ့ ပစ်တာခက်တာ ကျည်ထွက်တာ အနီးကပ်ရိုက်ချက်တချို့ကိုရိုက်ကူးခဲ့ကြပါတယ်၊ စစ်ကားဖြစ်တဲ့အတွက် သရုပ်ဆောင်တွေ ပြေးရယ် ခက်ရယ် ပင်ပန်းကြသလို ကင်မရာနောက်က မောင်မိုးသူလည်း ဘောင်းဘီတကားကားနဲ့ ပင်ပန်းတယ်ခင်ဗျ၊ 

မောင်မိုုးသူတို့ ပင်းတယမှာတည်းခိုတာတော့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်ပါတယ်၊ ဘုန်းတော်ကြီးကျောင်းနဲ့မလှမ်းမကမ်းက ပင်းတယကန်ကြီး နံဘေးမှာ အစိုးရအရက်ဆိုင်တစ်ဆိုင်ရှိပါတယ်၊ အဲဒီအရက်ဆိုင်မှာ ထူးထူးဆန်းဆန်း ရန်ကုန်မှာလုံးဝရှာမရတဲ့ ဘီယာပုလင်းတွေသေတ္တာလိုက် တွေ့ရတဲ့အတွက် မောင်မိုးသူအတွက်တော့ အဆင်ပြေသွားတာပေါ့၊ ဒါပေမယ့် ဘီယာသောက်ဖော်သောက်ဖက်က ဂျော်လီဆွေတစ်ယောက်ရှိတာခင်ဗျ၊ ကျန်တဲ့အံ့ကျော်တို့လူကြမ်းတွေသာ ဆိုတယ် ဘီယာမသောက်တတ်ဖူးခင်ဗျ၊ အကြောင်းတိုက်ဆိုင်ပြီး ပြောရမယ်ဆိုရင် ရုပ်ရှင်နယ်မှာ အထိကရလူ ကြမ်းသရုပ်ဆောင်ကြီးများဖြစ်တဲ့ စံတင်၊ ဌေးဝင်း၊ အံ့ကျော် အစရှိတဲ့ လူကြမ်းသရုပ်ဆောင်တွေအားလုံး မောင်မိုးသူရိုက်ဖူးပါတယ်၊ သုံးယောက်စလုံးက ပုတီးသမားတွေခင်ဗျ၊ မောင်မိုးသူနဲ့ အရက်ဆိုင်လိုက်ပြီး သောက်ဖို့ မလုပ်ကြပါဘူး၊ ဌေးဝင်းဆို့ အံ့ကျော်တို့ပဲ တခါတလေလိုက်ပြီး အမြည်းဝင်စားလေ့ရှိပါတယ်၊ ဘီယာ လည်းမသောက်တတ် အရက်လည်းမသောက်တတ် တဲ့လူကြမ်းတွေဖြစ်ပါတယ်၊ 

၁၃ရက် ၁၃ယောက် ၁၃နာရီဇာတ်ကားကို မောင်မိုးသူတို့တတွေ ဗထူး ရက်ဆောက် ပင်းတယတဝိ်ုက် တစ်လကျော်လောက် ပင်ပင်ပန်းပန်းရိုက်ကူးခဲ့ကြပါတယ်၊ ဒီကားမှာတော့ မောင်မောင်မြင့်က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ရိုက် ကူးတာဖြစ်ပါတယ်၊ ၁၃ရက် ၁၃ယောက်မှာလည်း စစ်သားသာဖြစ်ပေမယ့် မောင်မောင်မြင့်က မုတ်ဆိတ်နဲ့ခင်ဗျ၊ မောင်မောင်မြင့် မုတ်ဆိတ်စတင်ထားဖြစ်တဲ့ ဇာတ်ကားကတော့ ငပလီမှာစတင်ရိုက်ကူးခဲ့ကြရတဲ့ ရိုးမကို ကျော်၍ ဇာတ်ကားမှာဖြစ်ပါတယ်၊ အဲဒီကားမှာ မောင်မောင်မြင့်က မုတ်ဆိတ်စတင်ထားပါတယ်၊ ဒါပေမယ့် တစ်ဆင့်တက်သော် ဇာတ်ကားမှာတော့ မောင်မောင်မြင့်က မုတ်ဆိတ်မထားသေးဘူးခင်ဗျ၊ ရိုးမကိုကျော်၍ ဇာတ်ကားမှာစပြီး မောင်မောင်မြင့်မုတ်ဆိတ်ထားခဲ့တာဖြစ်ပါတယ်၊ နောက် ၁၃ရက် ၁၃ယောက် ၁၃နာရီ ကားမှာ စစ်ကားဖြစ်ပေမယ့်လည်း မုတ်ဆိတ်နဲ့ပဲခင်ဗျ၊ မောင်မောင်မြင့်နှင့် ငပလီမှာနှစ်ကား စစ်ကိ်ုင်းတောင် အနောက်ဘက်မှာ တစ်ကားရိုက်ပြီးတဲ့နောက် ရှမ်းပြည်တောင်ပိုင်းမှာရိုက်ဖြစ်ပါတယ်၊ မောင်မိုးသူ မောင်မောင်မြင့်နှင့်အတူ စတုတ္ထမြောက်ဇာတ်ကားဖြစ်ပါတယ်၊

ပဉ္စမမြောက်ဇာတ်ကားကတော့ “အန္တရယ်စက်ကွင်း” ဆိုတဲ့ဇာတ်ကားဖြစ်ပါတယ်၊ ဒီဇာတ်ကားမှာ မောင်မောင်မြင့်က စုံထောက်ကြီး ကျူးကျော်အဖြစ်ပါဝင်ပြီး မင်းသမီးအဖြစ် မေကပါဝင်ပါတယ်၊ အန္တရယ် စက်ကွင်း ဇာတ်ကားကို သုခုမအဖွဲ့သားများ ပြင်ဦလွင် မေမြို့မှာ တစ်လနိီးပါးသွားရောက်ရိုက်ကူးကြပါတယ်၊ စက်အဖွဲ့နှင့် မောင်မိုးသူတို့တတွေကတော့ ဘန်ဂလိုကြီးတခုထဲမှာ တည်းခိုကြရပြီး မင်းသမီးမေနဲ့ မင်းသား ကိုကျော်ဆွေတို့က ဟိုတယ်မှာတည်းပါတယ်၊ ကိုကျော်ဆွေဟာ သုခုမအတွက် ဒဏ် ဆိုတဲ့ ဇာတ်ကား ရိုက်ကူးအောင်မြင်ခဲ့ဖူးပါတယ်၊ မေမြို့မှာ မေနှင့်အတူ လိုက်ပါလာစဉ်အတွင်း ဇာတ်လမ်းတခု ရိုက်ကူးဖို့ ဒေါ်နန်းကိုကမ်းလှမ်းပါတယ်၊ ဒေါ်နန်းက မောင်မိုးသူကို သွားရောက်နားထောင်စေပါတယ်၊ သဘောကတော့ မောင်မိုးသူကျေနပ်လက်ခံရင် သူလက်ခံမယ့်သဘောမျိုးပေါ့၊ အမှန်ကတော့ သူလက်မခံချင်တာနဲ့ပဲ မောင်မိုး သူကိုလွှတ်လိုက်တယ်လို့ယူဆပါတယ်၊ မောင်မိုးသူ အန္တရယ်စက်ကွင်း ကိုရိုက်ကူးရင်း မောင်မိုးသူ ကိုကျော်ဆွေ၊ မေတို့နှင့်ရင်းနှီးရပါတယ်၊ နောက် အပြင်လောကမှာလည်း သူတို့နှစ်ယောက်နဲ့ မောင်မိုးသူတို့ ရင်းရင်းနှိီးနှီးပေါင်းဖြစ် သင်းဖြစ်ပါတယ်၊ ကိုကျော်ဆွေနှင့်တော့ သောက်ဖော်စားဖက်လို့ပြောရမှာပေါ့၊ မောင်မောင်မြင့်အတွက် မောင်မိုးသူလိုက်လံရိုက်ကူးပေးတဲ့ ပဉ္စမမြောက်ဇာတ်ကားကတော့ အန္တရယ်စက်ကွင်း ပဲဖြစ်ပါတယ်၊