Breaking News

မောင်ရစ် - ပျော်ရွှင်ခြင်းလမ်းမပေါ်က ခင်ဗျားတို့ ကျနော်တို့

မောင်ရစ် - ပျော်ရွှင်ခြင်းလမ်းမပေါ်က ခင်ဗျားတို့ ကျနော်တို့

(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၉

ရန်ကုန်ကို ပြန်တော့ လေယျာဉ်ပေါ်မှာ နိုင်ငံတကာရုပ်ရှင်တွေ ဖောဖောသီသီ ကြည့်ရတယ်။ ၂၀၁၉ မတ်လတုန်းက တိုင်ဝမ်ကာတွန်းကား - On Happiness Road (ပျော်ရွှင်ခြင်းလမ်းမပေါ်ဝယ်) ဆိုတဲ့ ကားကလေးကြည့်မိတယ်။ နောက်တခေါက် ၂၀၁၉ ဩဂုတ်မှာလည်း အဲသည် ပျော်ရွှင်ခြင်းလမ်းမပေါ်ဝယ်ကို ထပ်ကြည့်မိပြန်တယ်။ အမေရိကန်ရောက် တိုင်ဝမ်သူ ကာတွန်းရုပ်ရှင်ဒါရိုက်တာ Sung Hsin-yin ကိုယ်တိုင် သူမဘ၀ကို ပြန်ပြီး ရိုက်ပြထားတာပါ။ သူမရဲ့ ငယ်ဘ၀၊ ပြီးတော့ အရွယ်ရောက်လာချိန်မှာ ဘ၀ရဲ့ပျော်ရွှင်မှုကို ရှာဖွေရင်း ဇာတိကို စွန့်ခွာခဲ့ ပြီးတော့ ဇာတိကို ပြန်လည်ရောက်ရှိချိန် စောင်းငဲ့ကြည့်ခြင်း၊ ကိုယ့်ကိုယ်ကို ငုံ့ကြည့်ခြင်း၊ ပြီးတော့ ကောင်းကင်ကြီးကို ငေးမောကြည့်ခြင်း ... သည်လိုမျိူး ခံစားမှုတွေကို ပေးပါတယ်။ ကာတွန်းကားဆိုတော့ ပန်းချီကားလို အိပ်မက်လို လှလှပပ အနုပညာရသစုံထည့်ပြီး တင်ဆက်ထားပါတယ်။

အမေရိကားကနေ အာရှကို ပြန်ကြသူတွေ ပျံကြသူတွေ လေယျာဉ်ပေါ်မှာ အများကြီးပဲ။ ပြီးတော့ အမေရိကားကို ပြန်လာကြသူတွေ ပျံသန်းနေကြသူတွေလည်း အများကြီးပဲ။ အသက်အရွယ်မျိူးစုံ ....။ လာသူ သွားသူ ပြန်လာသူ ပြန်သွားသူ။ သူတို့ကို ငေးကြည့်ရင်း ကိုယ့်ကိုယ်ကို ငဲ့ကြည့်ခြင်း ပျော်ရွှင်ခြင်းလမ်းပေါ်မှာလား ... ဘယ်လမ်းပေါ်ကနေ သွားနေသလဲလို့ တွေးမိပါတယ်။ လေယျာဉ်ပေါ်မှာ ၁၀ နာရီကျော် ဆိုဖာခုံလေးပေါ် ခါးပတ်ပတ်ပြီး တောင့်တောင့်တင်းတင်းနဲ့ ထိုင်လိုက် အိပ်ပျော်လိုက်နဲ့ သွားကြရတယ်။ ဒါကြီးက ပျော်စရာကောင်းလို့လား။

ပျော်ရွှင်ခြင်းလမ်းမပေါ်ဝယ်က ဇာတ်ကောင် ကလေးမလေးက ငယ်စဉ်မှာ အဖေနဲ့အမေတို့နဲ့အတူ တိုင်ဝမ်မြို့ပြကြီးဆီကို တောကနေ တက်လာကြတယ်။ သူတို့နေမယ့်တိုက်ခန်းလေးရှိတဲ့ လမ်းအမည်က Happiness Road တဲ့။ သူတို့တွေ ပျော်ကြရသလား။ သူတို့တတွေ ရုန်းကန်ကြရတာတော့ အမှန်ပါပဲ။ တိုင်ဝမ်ဆိုတာက တရုတ်ပြည်မကြီးကနေ ခွဲထွက်လာတဲ့ ချန်ကေရှိတ်တွေ ကူမင်တန်တွေ ပေါင်းစု ထူထောင်ကြတဲ့ ကျွန်းနိုင်ငံ။ ကွန်ဖြူးရှပ်အတွေးအခေါ်တွေနဲ့ ရိုးရာခင်မင်သူ တရုတ်မိသားစုတွေ၊ ပြီးတော့ စင်ကာပူလိုမျိူး အနောက်အကူအညီနဲ့ ခေတ်မီတိုးတက်အောင် အပြင်းအထန်ပြောင်းလဲခဲ့ကြတဲ့ တိုင်းပြည်ကိုး။ သူတို့ပြည်သူတွေ ဘယ်လိုမျိူး ရပ်တည်ခဲ့ကြသလဲ၊ ရုန်းကန်ခဲ့ကြသလဲ၊ ပျော်ရွှင်မှုကို ရှာဖွေခဲ့ကြရသလဲဆိုတာကို ကလေးမလေး မျက်လုံးကနေတဆင့် ဖွဲ့ပြတာ ဖြစ်ပါတယ်။

မြန်မာပြည်ကနေ တိုင်ဝမ်မှာ အမေရိကားအတွက် လေယျာဉ်ပြောင်းဖို့အတွက် ရပ်နားတိုင်း စောင့်ဆိုင်းချိန်က ၇ နာရီ ကျော်တော့ တိုင်ဝမ်ထဲ ထွက်လည်ဖို့ အမြဲစဉ်းစားပါတယ်။ သူတို့က စောင့်ဆိုင်းဗီဇာထုတ်ပေးပြီး လေဆိပ်ကနေ ထွက်ခွင့်ပြုတယ်။ ပထမဆုံးထွက်တော့ ၂၀၁၈ စက်တင်ဘာမှာ ... သူတို့မိုးပျံရထားကြီးကို စီးတယ်၊ သူတို့ရထားပေါ်က အခမဲ့ဝိုင်ဖိုင်သုံးတယ်၊ သူတို့ ဘူတာကြီးမှာ ဆင်းပြီး သူတို့တရုတ်တန်းမှာ ခေါက်ဆွဲပြုတ်တပွဲ ဝယ်စားတယ်။ သူတို့ညစျေးကနေ မြန်မာပြည်က ဘုရားစျေးတန်းလို ပုတီးတွေ အရုပ်တွေ အမှတ်တရ ဝယ်တယ်။ တောတွေ တောင်တွေနဲ့ မြို့ပြ မိုးပျံတိုက်တွေ၊ လယ်ကွင်းတွေ၊ လူနေရပ်ကွက် ပြားပြားတွေ ရထားပေါ်ကနေ တွေ့ရပါတယ်။ အဲသည်တခေါက်တုန်းက ကျနော်တွေ့ချင်မိတာက တိုင်ဝမ်ကိုပြောင်းသွားကြတဲ့ ကျနော့်ဝမ်းကွဲအဒေါ်တို့မိသားစုပါ။ နှစ်ပေါင်းများစွာ ကွဲနေကြတာ ကျနော် သူတို့ဆီ ဝင်နှုတ်ဆက်ချင်ရင် ဖြစ်နိုင်တယ် မဟုတ်လားလို့ တွေးမိပါတယ်။

ကာတွန်းရုပ်ရှင်ထဲက ကလေးမလေးကို မွေးတော့ သူတို့ခေါင်းဆောင်ကြီး ချန်ကေရှိတ် ကွယ်လွန်တဲ့နေ့လို့ ပြထားတယ်။ ၁၉၇၅ မှာ ကလေးမလေး မွေးတာပေါ့။ တိုင်းပြည်ကလည်း တိုးတက်တဲ့လမ်းပေါ် စရောက်နေတဲ့အချိန်။ လူတွေကတော့ စက်ရုံလုပ်သားတွေအဖြစ် နေ့မီးညမီးနဲ့ အလုပ်တွေ ဖိလုပ်နေကြရတာပေါ့။ သူ့အဖေက မုန့်စက်ရုံမှာ လုပ်တယ်။ ကလေးမလေးက နေ့စဉ် လမ်းပေါ်က မြောင်းကူးတံတားလေးကနေ စက်ရုံက လွင့်ပျံ့လာတဲ့ ကိတ်မုံ့နံတွေ ရှုရှိုက်ရင်း စိတ်ကူးယဉ်တယ်။ သူတို့တွေ မူလဘာသာစကားက ဟုတ်ကင်တရုတ်စာ။ အဲသည်ကနေ မန်းဒရင်းပြောင်းသင်ကြရတယ်။ ကျောင်းမှာ ကလေးတွေက စရိုက်မျိူးစုံ။ တယောက်က ကပြားမလေး။ အမေရိကန်တွေ တိုင်ဝမ်မှာ စစ်စခန်းချသွားတော့ အမေရိကန်လူဖြူတွေနဲ့ အိမ်ထောင်ကျပြီး မွေးခဲ့တဲ့ သမီးလေး။ သူနေ့တိုင်းစိတ်ကူးယဉ်တာက သူအမေရိကန်အဖေကြီးက တနေ့ကျရင် သူ့အမေနဲ့ သူ့ကို ပြန်လာခေါ်သွားလိမ့်မယ်။ အမေရိကန်ပြည်ကြီးမှာ နေကြရလိမ့်မယ်တဲ့။ တကယ်တမ်းမှာတေ့ာ သူတို့သားအမိဟာ ဝမ်းကွဲအမတယောက်ဆီမှာ ရေခဲခြစ်ဆိုင် ကွမ်းယာဆိုင်လေး ဝိုင်းကူရင်း အသက်မွေးကြရတာပါ။ ဇာတ်ကောင်ကလေးမလေးက သူ့သူငယ်ချင်းကပြားမလေးနဲ့ အတူတူ ပျော်ကြတယ်ပေါ့လေ။

မြန်မာပြည်က ရန်ကုန်လေဆိပ်ကို ဆင်းလိုက်တဲ့အချိန်မှာ အားလုံးဟာ ပြောင်းလဲတိုးတက်နေသလိုလိုပါပဲနော်။ တကယ်တမ်း ကိုယ့်အိမ်ကိုပြန်ရောက် ကိုယ့်ရပ်ကွက်ထဲ ပြန်ရောက်တဲ့အခါ နည်းနည်းတော့ လိုနေသေးတယ်လို့ ခံစားမိကြတယ် မဟုတ်လား။ တချို့ကတော့ အများကြီးကို လိုအပ်နေသေးတယ်လို့ ပြောကြလိမ့်မယ်။ ၁၉၈၈ တုန်းကနဲ့တော့ မတူတော့ဘူးပေါ့။ တချို့တွေ အိမ်ပြန်ကြတဲ့အခါ ပြန်စရာ အိမ်လည်း မရှိတော့ဘူး၊ ပြန်စရာ မိဘသားချင်းတွေလည်း မရှိတော့ဘူး။ သည်လိုမျိုး ဘ၀တွေလည်း အများကြီးပါပဲ။ နေအိမ်ဟောင်း မရှိတော့တဲ့အခါ သူတို့တွေ လမ်းခုလတ်ကနေအိမ်တွေကိုပဲ ပြန်လှည့်သွားကြရပါတယ်။ မူလအိမ်မရှိတော့ ကြားစခန်း လမ်းခုလတ်မှာနေခဲ့တာကိုပဲ အိမ်လုပ်ပြီးနေဖို့ သူတို့တွေ အမေရိကန်ကိုပဲ လှည့်ပြန်ရတာတွေ တွေ့ရပါတယ်။ သူတို့တွေ လှည့်ပြန်ကြတဲ့ အိမ်တွေက တိုင်ဝမ်၊ ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဥရောပ၊ အာဖရိက အဲသည်မှာ မြန်မာတွေ အိမ်လုပ်နေနေကြရတာ အများကြီးပဲ မဟုတ်လား။

ကာတွန်းထဲက ဇာတ်ကောင်ကလေးမလေး စိတ်ကူးက သူသူ ငါငါတွေလိုပါပဲ။ ကျောင်းတက်မယ်၊ ပျော်မယ်၊ ကစားမယ်။ အဲသည်မှာ သူ့အကိုဝမ်းကွဲတယောက် ဇာတ်လမ်းထဲရောက်လာတယ်။ သူ့အကိုဝမ်းကွဲက အရောင်ကန်းနေတယ်။ အဖြူနဲ့အမည်းပဲ မြင်တော့တယ်တဲ့။ သူက အစတုန်းကတော့ ဆေးရောင်စုံမြင်နိုင်တယ်။ နောက်တော့ တိုင်ဝမ်ပညာရေးစနစ်က မောင်းသွင်းလိုက်တော့ ပုံစံချပစ်လိုက်တော့ သူတို့မျိူးဆက်ဟာ ဆေးရောင်စုံမမြင်နိုင်တော့ဘူး။ အဖြူနဲ့အမည်းပဲ မြင်တော့တယ်တဲ့။ သည်တော့ အကိုဝမ်းကွဲက သူ့ညီမလေးကို ပြောတယ်။ ညီမလေး ဆေးရောင်စုံမြင်နိုင်ဘို့ သူတို့တွေးခိုင်းတာတွေ ရိုက်သွင်းတာတွေနဲ့ မစဉ်းစားနဲ့ မရှုမြင်နဲ့ ကိုယ့်နှလုံးသားနဲ့ လောကအလှကို ကြည့်ပါ တဲ့။ အဲသည်ပြကွက်ကလေးက ချစ်စရာပါ။

ကျနော်ကတေ့ာ မြန်မာပြည်ပြန်ရောက်တိုင်း ဟိုတယ်တွေ အထင်ကရနေရာတွေ ခရီးသွားဆွဲဆောင်တဲ့နေရာတွေဆီ မသွားဘူး။ မက်ခဲ့တဲ့ အိပ်မက်နဲ့ ရူးသွပ်နေဆဲ အလုပ်အပိုင်းအစတွေနဲ့ အသွင်တူတဲ့ လူတွေဆီ လိပ်ပြာတွေဆီ နေရာတွေဆီကို သွားပါတယ်။ စာရေးဆရာတွေ၊ သတင်းသမားတွေ၊ သူတို့လဘက်ရည်ဆိုင်၊ သူတို့ထိုင်တဲ့ အခြားဆိုင်တွေ၊ ဆိပ်ကမ်းသာလမ်းက မိုးမခဝပ်ကျင်းလေး၊ စာအုပ်ဆိုင်တွေ၊ အယ်ဒီတာစာပွဲတွေ၊ အိပ်မက်တွေ ထုတ်လုပ်တဲ့ ရိပ်သာစခန်းတွေ ... အဲသည်နေရာတွေ အဲသည်လူတွေနဲ့ အသက်အတူတူ ရှုကြည့်တယ်၊ အိပ်မက်တွေ မက်ကြည့်တယ်ပေါ့လေ။ ဟိုတုန်း က လျောက်ခဲ့တဲ့လမ်းကလည်း မညီညာဘူး၊ အခု လျောက်တော့လည်း မချောမွေ့သေးပါဘူး။ ပျော်ခဲ့တဲ့လမ်း၊ ပျော်နေတဲ့လမ်းပေါ့။

ဇာတ်ကောင်ကလေးမလေးဟာ ဆယ်ကျော်သက်မှာ စိတ်ကူးယဉ်တယ်။ ပြီးတော့ ဆေးရောင်စုံကို မြင်ကြည့်ချင်တယ်။ အဖေတွေ အမေတွေက နေဝင်မိုးချုပ် တကုပ်ကုပ် အလုပ်လုပ်ပြီး ကျောင်းကောင်းကောင်းပို့တယ်။ ကျူရှင်မျိူးစုံထားတယ်။ သူတို့ဖြစ်စေချင်တာက အများသူငှာဖြစ်စေချင်သလို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး။ အလုပ်ကောင်းကောင်းလုပ်ရမယ်၊ ပိုက်ဆံတွေ အများကြီးရှာမယ်။ မိဘကို လုပ်ကျွေးမယ်။ မိသားစုအကြီးကြီးထူထောင်မယ်။ သည် အိပ်မက်မျိူးမက်တယ်။ သမီးကိုလည်း မက်စေချင်တယ်လေ။ ကလေးမလေးဟာ ကောလိပ်စတက်ကတည်းက တိုင်ဝမ်မျိူးဆက်သစ် သူပုန်ဖြစ်တေ့ာတာပဲ။ ခြစားနေတဲ့ နိုင်ငံရေးစနစ်ကို တော်လှန်တယ်၊ ဆန္ဒပြတယ်၊ တရားဟောတယ်၊ စာမေးပွဲကျတယ်၊ အမှတ်နည်းနည်းနဲ့ ဘွဲ့ရတယ်။ တိုင်းပြည်ကြီးကို ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့ မိဘတွေက နင်းလုပ်ကြချိန်မှာ သားသမီးတွေက စိတ်ပိုင်းဆိုင်ရာပြည့်စုံဖို့ အဖြေရှာကြတဲ့ နိုင်ငံတိုင်းရင်ဆိုင်နေရတဲ့ သံသရာစက်ဝိုင်းကို တွေ့ရပါတယ်။

၂၀၁၉ မတ်လမှာ တိုင်ဝမ်လေဆိပ်ကနေ ထွက်လာတော့ ကျနော်တွေ့ချင်တဲ့ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ညီဝမ်းကွဲကို တွေ့ရပါတယ်။ သူအသက်က အစိတ်ကျော်ပြီပေါ့။ သူ့အမေ ကျနော့်အဒေါ်ဝမ်းကွဲနဲ့ သူ့ယောကျ်ားတို့ တိုင်ဝမ်ကို အနာဂတ်အိပ်မက်တွေအတွက် ထွက်သွားကြတယ်။ အဲသည်မှာ အဲသည် သားလေးနဲ့ သမီးလေးကို မွေးကြတယ်။ ကျနော်ကတော့ မတွေ့ဖူးခဲ့ပါဘူး။ ကျနော်လည်း အိပ်မက်တွေနောက် လျောက်လိုက်နေတော့ ဘယ်ဆုံခဲ့ကြမှာလဲ။ ခုတော့ ဆုံပြီ။ အရွယ်ရောက်နေပြီ။ သူက ရထားဘူတာကနေစောင့်တယ်။ သူနဲ့ မြို့တော်ဘူတာကြီးဆီကို သွားကြတယ်။ မြေအောက်စားသောက်ဆိုင်တွေထဲက တခုမှာ ကိုရိုးယားခေါက်ဆွဲပြုတ် ထိုင်သောက်ရင်း စကားပြောဖြစ်ကြတယ်။ ဗမာစကားလည်း မပြော၊ ဟုတ်ကင်စကားလည်း မပြောပါ။ ကျနော်တို့ အင်္ဂလိပ်စကားပြောကြတာပေါ့။ ရေမြေခြားတဲ့ ဗမာ ၂ယောက်။

On Happiness Road ကာတွန်းဇာတ်ကားထဲက ကလေးမလေးဟာ ဘွဲ့ရပြီး မိန်းမပျိုလေး ဖြစ်လာပြီ။ စိတ်ကူးယဉ်နဲ့ လက်တွေ့ဟာ အများကြီးကွာခြားတာကို သူတွေ့ရတယ်။ သူရတဲ့ ဘွဲ့နဲ့ အလုပ်ရဖို့ မလွယ်ဘူး။ နောက်ဆုံးတော့ သတင်းစာတိုက်မှာ ရုံးအလုပ်လုပ်တယ်။ သတင်းစာတိုက်ကလည်း အစိုးရဝါဒဖြန့်တာတွေချည်းနဲ့ အာဏာလက်ရှိအစိုးရနောက်လိုက်ပဲ။ ခဏခဏ သတင်းစာတိုက်ဟာ ဆန္ဒပြခံရ၊ အတိုက်ခိုက်ခံရ။ အဖေနဲ့ အမေဟာ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားလှိုင်းတွေကြားမှာ။ အစိုးရက လူတွေကို တိုက်ပေါ်တင်ပေးတယ်။ အဲသည်တိုက်တွေဟာ ခြစားထားကြတော့ ငလျင်တွေ လှုပ်တိုင်း ပြိုကျကြတယ်။ လူတွေ သေကြတယ်။ ဘ၀ဆိုတာမှာ ထွက်ပေါက်အလင်းရောင်ဆိုတာ ဘာလဲ။ ကျောင်းတုန်းက သိခဲ့တဲ့ မြို့တော်ဝန်ရဲ့သားကတော့ ကျောင်းကောင်းကောင်းတက်၊ အလုပ်ကောင်းကောင်းလုပ်နေပြီ။ အဲသည်တုန်းက မြို့တော်ဝန်ဆိုတာက အခုချိန်မှာ အာဏာရနိင်ငံရေးသမားကြီးဖြစ်နေပြီ။ လက်တွေ့ဘ၀မှာ နိုင်ငံရေးဆိုတာက ဘာမှ ထူးပြီးပြောင်းလဲသွားတယ် မရှိပါဘူးလို့ ပြချင်တာ နေမှာပါ။

ကျနော့်ညီဝမ်းကွဲလေးကတော့ ကျောင်းပြီးတော့ အွန်လိုင်းအရောင်းသမားလုပ်တယ်။ ကျနော့်ညီမဝမ်းကွဲကလည်း အရောင်းသမားပဲ။ တရုတ်ပြည်ကြီးလိုပဲ တိုင်ဝမ်မှာ အွန်လိုင်းစျေးရောင်းတာ တွင်ကျယ်တယ်။ အလုပ်တွေ ရကြတယ်။ အရင်က စက်ရုံအလုပ်ရုံတွေက တရုတ်ပြည်ကြီးကို ရွှေ့ခဲ့ကြပြီ။ တိုင်ဝမ်တချို့က ပြည်ကြီးကို သွားအလုပ်လုပ်နေကြတယ်။ ပြည်ကြီးသားတွေကလည်း တိုင်ဝမ်မှာ လာပြီး ရင်းနှီးမြှပ်နှံနေကြတယ်တဲ့။ တိုက်ခန်းတွေ စျေးကြီးတယ်၊ မိဘတွေနဲ့ သားသမီးတွေ အတူတူနေကြတယ်။ သူ့အဖေဆရာဝန်က ပုဂ္ဂလိကဆေးရုံမှာ အလုပ်လုပ်တယ်တဲ့။ အဆိုင်း ၂ ဆိုင်းတောင် ဆင်းရတယ် ပြောတယ်။ ကျနော့်အဒေါ်ကတော့ အိမ်မှာပဲ။ အရင်က သူလည်း အလုပ်လုပ်ရတယ် ဆိုပဲ။ တိုင်ဝမ်လည်း စင်ကာပူလိုပဲ ထင်တယ်။ လူရွယ်တိုင်း အလုပ်လုပ်ကြတယ်၊ လူကြီးတွေလည်း ရှိတဲ့အလုပ် ဆက်လုပ်နေကြရတာပဲ။ ညီလေးက ကွန်ဖြူးရှပ်အတွေးအခေါ်တွေ မကြိုက်ဖူးတဲ့။ အစဉ်အလာတွေ ရိုးရာတွေ လူကြီးသူမတွေကို ရိုသေ နေရာပေးလွန်းတာ သူတို့လူငယ်တွေ ပျံသန်းချင်တိုင်း ပျံသန်းဖို့ အဟောင်းတွေက ကန့်သတ်ထားတာတွေကို သူ နှစ်သက်ပုံမရပါ။

ကာတွန်းကားထဲက မိန်းကလေးဟာ တနေ့မှာ သူ့အကိုဝမ်းကွဲဆီက စာတစောင်ရတယ်။ သူ့အကိုဝမ်းကွဲ အရောင်ကန်းနေသူဟာ အမေရိကားကို ရောက်သွားပြီ။ သူ့ကို ခေါ်မယ်၊ အလုပ်ရှာပေးမယ် အဲသည်မှာ ဘ၀ဝမ်းကြောင်းဖို့ အကြံပေးတယ်။ မိန်းကလေးလည်း အမေရိကားကို ရွေးချယ်ခဲ့ပါတယ်။ မိဘတွေကလည်း မျော်လင့်ချက်ကိုယ်စီနဲ့ ပျော်ကြတယ်ပေါ့လေ။ တိုင်ဝမ်သားတွေအတွက် အမေရိကားဟာ ပျော်ချင်ရင် ပျော်စရာ ဖြစ်မှာပါ။ နေ့တဒူ၀ အလုပ်လုပ်နေရပေမယ့် သူတို့အားလပ်ချိန် ကိုယ်ပိုင်ချိန် ဝါသနာပါရာ လိုက်စားချိန် ပြီးတော့ နောက်ကျောကနေ မျက်စောင်းထိုး စောင့်ကြည့်သူတွေ မရှိတဲ့ နေရာဆိုတော့ ပျော်ချင်ရင် ပျော်စရာ ဖြစ်မှာပါ။ သူ အမေရိကန်နိုင်ငံသား (လူဖြူလို့ ခေါ်ကြတယ်) တယောက်နဲ့ တွေ့တယ်၊ ချစ်ကြိုက်တယ်၊ လက်ထပ်တယ်၊ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေထိုင်ဖြစ်ကြတယ်တဲ့။ ဒါကို အမေရိကန်တွေက အမေရိကန်အိပ်မက်လို့ ဝါဒဖြန့်ကြတယ်။ ကာတွန်းကားထဲမှာလည်း သည်လိုအိပ်မက်ကို သာမန်တပြည်သားမိန်းကလေးတဦး မက်နိုင်တာကို အရိပ်အမြွက်ပြတယ် ထင်ပါတယ်။

ကျနော့်ညီလေးကတော့ ကြည့်ရတာ တိုင်ဝမ်မှာ ပျော်နေပြီ ထင်ပါတယ်။ ဒါကို သူ့အိုးသူ့အိမ်လို့ သဘောထားလိုက်ပုံရတယ်။ သူ့အဖေနဲ့ အမေလည်း မြန်မာပြည် သိပ်ပြန်ဖြစ်ပုံမရပါ။ ပြန်လည်း ခနပဲပေါ့။ ဘုရားတွေဖူး၊ အလှူအတန်းတွေလုပ်၊ ဟိုးတုန်းက အတိတ်ကို ပြန်တမ်းတ၊ အလွမ်းလေး ဘာလေး သယ်ကြ။ နောက်တော့ အိမ်ကို ပြန်ကြ၊ ပျံကြ။ သည်လိုပဲ နေမှာပါလေ။ သူတို့အိမ်က တိုင်ဝမ်မှာကိုး။ ညီမဝမ်းကွဲကတော့ အိမ်ထောင်ကျတော့မယ် ထင်တယ်။ ညီလေးမှာလည်းပဲ ကောင်မလေးနဲ့တဲ့။ အိမ်ထောင်ပြုဖို့ ပြင်ဆင်နေကြပြီလို့ ပြောပါတယ်။ အမေရိကားကြီးမှာကော ဘယ်လိုတဲ့လဲ။ ကျနော်ထင်တာကတော့ သူတို့လိုပဲ နေမှာပါပဲလို့ ကျနော် ဖြေလိုက်ပါတယ်။ ကျနော်ကတော့ အိမ် ၂ ခုကြားထဲ ကူးလိုက်သန်းလိုက်ဆိုတော့ ဘယ်လိုဖြေရမှာလဲ။

ကာတွန်းကားရဲ့အစမှာ မိန်းကလေးရဲ့ အဘွားနာရေးသတင်းနဲ့ စဖွင့်တာပါ။ အမေရိကားမှာ နေပျော်နေသူ မိန်းကလေးဟာ နာရေးဖုန်းသတင်းနဲ့ အိပ်ယာက နိုးသွားတယ်။ အိမ်မှာ ခင်ပွန်းက အလုပ်ကိုသွားပြီ။ တအိမ်လုံးမှာ သူတဦးပဲ ကျန်ရစ်တယ်။ သူ့အကိုဝမ်းကွဲကို လှမ်းဆက်တော့ အကိုက မသွားနိုင်ဘူးတဲ့။ သူ့စာရင်းအင်းအလုပ်က အလုပ်တွေပိနေတယ်။ ခင်ပွန်းကတော့ သူမလိုက်နိုင်ပေမယ့် သူမကို သွားဖို့ တိုက်တွန်းတယ်။ သည်တော့ မိန်းကလေး တိုင်ဝမ်ကို ပျံလာတယ်၊ ပြန်လာတယ်။ Happiness Road လေးက အရင်တုန်းကအတိုင်းပဲတဲ့။ မြောင်းကျော်တံတားလေးကနေ သူမ အဖေ့စက်ရုံရှိရာကို လှမ်းကြည့်တယ်။ ကလေးတွေ ပြေးလွှားကစားနေကြတာကို ငေးရင်း သူမလည်း အတိတ်ကို ပြန်ငေးကြည့်မိပြန်တယ်။ သည်လိုမျိူး ဇာတ်ကားက ဆွဲခေါ်သွားတာပါ။

ကျနော်တို့တွေ ဘယ်အရပ်ကို အိမ်လုပ်၍ နေကြပါသလဲ။ ရွှေ့ပြောင်းလုပ်သားတွေအတွက်ကတော့ အိမ်တွေဟာ သူတို့ရောက်ရှိနေတဲ့ ကွန်တိန်နာတွေ၊ တဘက်ရပ်တဲတွေ၊ တန်းလျားတွေ။ အိမ်ဆိုတာက သူတို့ ဟင်းဖုန်းထဲက ဖေ့စ်ဘွတ်အကောင့်ထဲက မတ်စိတွေ၊ ဓာတ်ပုံတွေ၊ အမှတ်တရတွေ။ အဲသည်လိုများ ပြောကြလေမလား။ မိဘတွေက ကလေးတွေအတွက် ရွေ့ကြတယ်၊ သားသမီးတွေကလည်း အနာဂတ်အတွက် ရွှေ့ကြတယ်။ အိမ်တွေဆိုတာ အခုလက်ရှိရောက်နေတဲ့ ကိုယ့်ခေါင်းပေါ်က အမိုး၊ ကိုယ့်ဘေးက နံရံလေးဘက်ပါပဲ လို့ ဆိုရမယ် ထင်ပါတယ်။ ကိုယ်တိုင်မရှိတော့တဲ့ အတိတ်ကအိမ်မှာ ဘယ်လို သွားနေလို့ရမှာလဲ။ အိမ်တွေထဲမှာကော မိသားစုတွေ ရှိနေသေးရဲ့လား။ အိမ်တွေက ဟောင်းလောင်းတွေချည်းလား။ ကျနော့်ညီလေးကတော့ သူ့အိမ်သူ ပြန်သွားပြီ။ ကျနော်ကတော့ သူတို့ မိုးပျံရထားကြီးစီးပြီး လေဆိပ်ကို ပြန်တယ်။ ကျနော်တို့ အိမ်တွေက ဝေးကွာလွန်းတော့ ကျနော်တို့တွေဟာ လမ်းခုလတ်က ရထားပေါ်မှာ လေဆိပ်မှာ စားသောက်ဆိုင်တွေမှာပဲ တွေ့ကြရတော့တယ်။ အိမ်တွေအထိတောင် မရောက်နိုင်ကြတော့ပြန်ပါဘူး။

ကာတွန်းထဲက မိန်းကလေးက သူတိုင်ဝမ်ပြန်ရောက်တဲ့အခါ အရာအားလုံးဟာ နဂိုအတိုင်း မပြောင်းမလဲ ရှိနေတာကို တွေ့ရတယ်တဲ့။ သူ့သူငယ်ချင်းကပြားမလေးဟာ ကလေး ၂ယောက်နဲ့ စတိုးဆိုင်လေးမှာ ဂျင်ဂျင်လည်လို့။ သူတို့ ပျော်ကြတယ်။ အဘွားရဲ့နာရေးမှာ အဝေးက ပြန်လာသူဆိုလို့ မိန်းကလေးပဲ ရှိတယ်။ သူ့အကိုဝမ်းကွဲ ပါမလာဘူးလေ။ ကျန်ရစ်သူ လူကြီးတွေက သူတို့အဝေးက ပြန်မလာနိုင်တော့တဲ့ သားသမီးတွေ မြေးမြစ်တွေအကြောင်းကို ကြားဖူးနား၀ရှိတာလေးတွေ ပြောပြောပြီး အလွမ်းဖြေကြတယ်၊ အပမ်းဖြေနေကြတာကို ပြပါတယ်။ ဟိုကောင်တွေ အရမ်းအောင်မြင်နေပြီ၊ ဒီကောင်တော့ ခွေးဖြစ်နေပြီ။ ငါတို့တုန်းကတော့ ဘယ်ဒင်းဘယ်ပုံ နေမှာပေါ့လေ။ ကွယ်လွန်သွားတဲ့အဘွားဟာ တိုင်ဝမ်မြို့ပေါ်တက်လိုက်မလာတဲ့ တောသူအဘွားကြီးပါ။ တောဓလေ့ တောစရိုက်နဲ့ နေပျော်ပါတယ်။ သို့သော် သူ့မြေးကိုတော့ တခုပဲ ငယ်ငယ်တုန်းက မှာခဲ့တယ်။ မြေးလေး စိတ်ထဲက ယုံကြည်တာကိုသာ စွဲစွဲမြဲမြဲလုပ်ပါ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာရမှာ ... တဲ့။ အဲသည်လိုမှာခဲ့တဲ့အဖွားကို မိန်းကလေးက လွမ်းမိတာပေါ့။

ကျနော်တို့မှာလည်း သိပ်မကျန်ရစ်တော့ပါဘူး။ နေရတဲ့သက်တမ်း တဝက်ကျော်နေတော့ အချိန်သိပ်မကျန်တော့ဘူး။ မိဘဆွေမျိူး မိတ်သင်္ဂဟတွေလည်း သိပ်မကျန်တော့ဘူး။ မိတ်ဆွေသစ် ဆွေသစ်မျိူးသစ်တွေလည်း သိပ်မတိုးလာတော့ဘူး။ အဲသည်လိုကြီးလား။ ညီဝမ်းကွဲလေးကို နှုတ်ဆက်ပြီး ကိုယ့်အိမ်ကိုပြန်ကြတော့ သူတို့ကို နောက်ထပ် တွေ့ဦးမှာလားလို့ ကိုယ့်ကိုယ်ကို မေးမိတယ်။ သိပ်မသေချာဘူးနော်။ အမေရိကားရောက်လည်း လာလည်ပေါ့။ သည်လိုတော့ နှုတ်ဆက်လိုက်တယ် ထင်ပါတယ်။ လူတွေကို တဦးနဲ့ တဦး နီးကပ်နေအောင် ခင်မင်ရင်းနှီးနေအောင် တွဲချီတဲ့ နှောင်ကြိုးတွေဆိုတာ ဘယ်လိုများလဲလို့ မေးချင်မိတယ်။

ကာတွန်းထဲက မိန်းကလေးကတော့ ကျနော်တို့လို အရွယ်သိပ်မဟိုင်းသေးပါ။ ရင့်ကျက်တဲ့အပိုင်း ရောက်ခါစ။ သူ့ခင်ပွန်းနဲ့ သူမနဲ့ လင်မယားဘ၀ကနေ ရင်သွေးလေး လွယ်ထားပြီးလို့ မိသားစုတခု အဖြစ်် ဆက်လက်ချီတက်ချင်နေချိန်ပါ။ သို့သော် သူခင်ပွန်းကတော့ ကလေးမလိုချင်။ သူ့အရွယ်မှာ မိသားစုဝန်ထုပ်တွေ မထမ်းချင်သေးဘူးတဲ့။ သည်လိုနဲ့ သူတို့လင်မယားဟာ အမေရိကားမှာ တကျက်ကျက်နဲ့ နေ့ရက်တွေ တိုးပွားလာခဲ့တယ်။ သည်အချိန်မျိူးမှာ သူ့အဘွားဆုံးလို့ တိုင်ဝမ်ပြန်လာချိန်။ တိုင်ဝမ်ကို သမင်လည်ပြန်ကြည့်ရင်းနဲ့ အတိတ်ကနေ မျက်မှောက်ကို ပြန်ရောက်လာ။ မိန်းကလေး ဘာလုပ်မှာလဲပေါ့။

လူတွေအချင်းချင်းနီးကပ်နေအောင် ခင်မင်ရင်းနှီးနေအောင် တွဲချည်တာတွေက အာရုံချင်းတူတာ၊ ခရီးချင်းတူတာ၊ ပန်းတိုင်အိပ်မက်ချင်း တူတာ။ ခံစားချက် ခံယူချက် အတွေးအမြင်ချင်း တူတာတွေက မြစ်ဖျားခံလိမ့်မယ် ထင်ပါတယ်။ တူရာလူတွေ တွဲဖြစ်ကြတာကိုး။ မိသားစုတွေကျတော့ကော ... မတူညီမှုတွေ ကြားထဲက သွေးချင်းလိုသဘောထားနဲ့ သွေးချင်းနီးပြီး ခင်တွယ်ကြတယ်နဲ့တူပါတယ်။ အာရှသားတွေဆီမှာက ဝတ်တွေများတယ်။ ကြီးမားလေးလံတယ်။ သားသမီးဝတ်၊ မိဘဝတ်၊ ဆရာဝတ်၊ တပည့်ဝတ် ... အဲဒါတွေ ရှိတယ်။ နိုင်ငံတော်ရဲ့ဝတ် နဲ့ နိုင်ငံသားဝတ်တွေလည်း ရှိတယ်။ ဒါတွေကလည်း မိသားစုတွေကို တွဲချည်ထားတာပဲ။ နိုင်ငံတော်တွေနဲ့ နိုင်ငံသားတွေကို တွဲချည်ထားလိုက်တာပဲ။

ကာတွန်းကားထဲက မိန်းကလေး တိုင်ဝမ်ကို ပြန်ရောက်လာချိန်ဟာ သူနုပျိူချိန်မဟုတ်တော့ဘူး။ သူရဲ့ ရင့်ကျက်ချိန်ပေါ့။ ဗမာတွေကတော့ ဒုတိယအရွယ်လို့ ပြောကြတယ် ထင်တယ်။ သူမရဲ့မိဘတွေအတွက်ကတော့ တတိယအရွယ်။ မိဘတွေ အိုမင်းတဲ့ အချိန်။ အိုချိန်။ အမေက အိမ်မှာ ပစ္စည်းအဟောင်းတွေ မစွန့်နိုင် မပစ်ရက် ကောက်ယူစုဆောင်းတဲ့ စိတ္တဇနဲ့ နေထိုင်တယ်။ အဖေက ပင်စင်လစာနဲ့ မလောက်ငှတော့ အရင်စက်ရုံမှာ ညစောင့်လုပ်တယ်။ သူတို့အတွက် ပျော်ရွှင်မှုကတော့ ကာရာအိုကေဆိုကြတာပဲ။ သမိုင်းအသစ်ရေးတဲ့အထဲမပါကြတဲ့အခါ သူများရေးပြီးသား ဆိုပြီးသား သီချင်းတွေကို ကာရာအိုကေဆိုပြီးတော့ စိတ်ကို ဖြေနေကြတယ်လို့ တွေးမြင်မိစရာပါ။ မိန်းကလေးကတော့ တွေဝေသံသယစိတ်တွေ ပိုင်းဖြတ်လို့ မရနိုင်တဲ့အတွေးတွေနဲ့ အိမ်ကို ပြန်လာတယ်။ မိဘတွေကိုကြည့်ပြီး အံ့ဩတယ်။ ဝမ်းထဲမှာ ရင်သွေးလေး လွယ်ထားပြီး ခင်ပွန်းကို အသိပေးရမလား၊ ခင်ပွန်းနဲ့ သဘောထားချင်း မတူတော့လို့ လမ်းခွဲရမလား၊ မိဘတွေကို ဖွင့်ပြောရမလား ... အတွေးတွေနဲ့။

ကျနော်တို့ နုခဲ့ချိန်မှာ အိပ်မက်တွေကို မိုက်မိုက်မဲမဲ မက်ခဲ့ကြတာက ပျော်စရာပါ။ သူများတွေနောက် မလိုက်ဘဲ စိတ်ကူးယဉ်တဲ့နောက် လိုက်ခဲ့ကြတာကိုး။ ရင့်လာတဲ့အချိန်မှာတော့ သင်ခန်းစာတွေ အများကြီးနဲ့ပေါ့။ စာရေးတဲ့သူဟာ ရေးချင်စရာတွေ ပြောချင်စရာတွေ အများကြီး ဖြစ်လာသလား။ ဆက်ပြီး လုပ်ချင်တာတွေ ဖြစ်ချင်တာတွေကော ရှိသေးလား။ ကျနော်ကတော့ မြန်မာပြည်ကအိမ်ကို ပြန်လာတိုင်း သူငယ်ချင်းတွေကို ပြောချင်တာတွေ တွေးမိတာတွေ ဝေငှချင်တာတွေ အပြည့်အသိပ်နဲ့ပဲ။ သူတို့ဆီကလည်း ပြန်လည် သင်ကြား နားလည် စဉ်းစားစရာတွေ အများကြီး ပြန်ရတယ်။ ကိုယ်ဆက်လုပ်နေတာတွေ လုပ်ချင်တာတွေအတွက် adjustment လို့ ခေါ်မလား ပြန်ပြီး ချိန်ညှိပြင်ဆင်ပြောင်းလဲရတာတွေ ရှိတယ်။ တခါတလေကျတော့ ကလေးတွေကို တနေရာမှာ စွဲစွဲမြဲမြဲကျောက်ချပြီး တခုခုကို ပြုလုပ်တည်ဆောက်နေစေချင်တယ်။ တခါတလေကျတော့လည်း ကိုယ်လုပ်ချင်တာတွေနောက် တကောက်ကောက်လိုက်နေစေချင်တယ်။ ပျံသန်းနိုင်တုန်း ပျံသန်းနေစေချင်တယ်။ အမေရိကန်က ကိုယ့်မိတ်ဆွေတွေနဲ့ ပြန်ဆုံကြပြန်တော့လည်း သူတို့ကို ရာသီဥတုမျိူးစုံထဲမှာ ရွက်လွှင့်နေစေချင်ပြန်ရော။ တကယ်တမ်းကျတော့ ပျော်မယ်ထင်တဲ့ဟာကို လူတွေက ရွေးချယ်ကြတာပါ။ တကယ်ပျော်လား မပျော်လားတော့ ကာယကံရှင်တွေပဲ သိမှာလေနော်။

ကာတွန်းကားထဲက မိန်းကလေးကတော့ သူရင့်ကျက်လာချိန်မှာ သူ့တိုင်ဝမ်အိမ်က သူ့မိသားစု သူ့သူငယ်ချင်းနဲ့ သူ့အသိုင်းအဝိုင်းကို ရွေးချယ်ပါတယ်။ သူမနဲ့ သူမသူငယ်ချင်း ကပြားမလေးတို့ သူတို့ငယ်ငယ်တုန်းကလို အိမ်ခေါင်းမိုးသွပ်ပြားတွေပေါ် ပြေးကြတယ်။ ဇာတ်လမ်းသဘောအရဆိုရင်တော့ ဇာတ်သိမ်းဖို့ အလှည့်အပြောင်းတခုပေါ့။ သူမ ခေါင်မိုးကနေ ကျွံကျတယ်။ ဆေးရုံရောက်သွားတယ်။ အဖေ အမေကော သူ့ခင်ပွန်းကောပါ သူမမှာ ကိုယ်ဝန်ရှိနေတာကို သိသွားကြတယ်။ ခင်ပွန်းက အမေရိကားကနေ မိန်းကလေးဆီ လူနာလာကြည့်ရတာပေ့ါ။ ခင်ပွန်းသည်နဲ့ မိန်းကလေးတို့ ဆုံးဖြတ်ချက်ချတယ်။ ကွာရှင်းပြတ်စဲကြတယ်။ မိန်းကလေးက သူ့ဖာသာသူပဲ ကလေးမွေးမယ် ပြုစုပျိူးထောင်တော့မယ်ပေါ့။ သူ့သူငယ်ချင်းကပြားမလေးက သူ့ကိုပြောခဲ့တယ်လေ ဘ၀မှာ အဓိပ္ပါယ်ဆိုတာ ကိုယ့်သားသမီးတွေရဲ့ မျက်နှာ၊ သူတို့ပျော်ရွှင်ခြင်းဟာ ကိုယ့်ပျော်ရွှင်ခြင်းပဲ တဲ့။ သူတို့တွေအတွက် အချိန်ရောက်ပြီ ဆိုတဲ့သဘောပေါ့။

ကျနော်တို့တွေမှာကော ဘယ်လိုအလှည့်အပြောင်းတွေ ကြုံခဲ့ကြသလဲ၊ ဘယ်လိုမျိူး ပြောင်းလဲဖို့ ဆုံးဖြတ်ချက်တွေ ချခဲ့ပါသလဲ။ တယောက်နဲ့ တယောက်ကတော့ ပျော်ရွှင်ကျေနပ်မှု အညွှန်းကိန်းချင်း တူကြမယ် မထင်ပါ။ ကိုယ့်ဖာသာကိုယ်ရွေးလိုက်သလား၊ မိသားစုက ရွေးပေးလိုက်သလား၊ ကိုယ့်ပတ်ဝန်းကျင်က ရွေးလိုက်သလား။ နိုင်ငံရဲ့ သမိုင်းအလှည့်အပြောင်းတွေက ရွေးပေးလိုက်ကြသလား။

ကာတွန်းထဲက မိန်းကလေးကတော့ သူ့အဘွားပြောခဲ့သလို ... စိတ်ထဲက ယုံကြည်တာကိုသာ စွဲစွဲမြဲမြဲလုပ်ပါ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာရမှာ ... ဆိုတာကို ကြားယောင်ခဲ့သလားပဲ။ နောက်သူ့အကိုဝမ်းကွဲပြောခဲ့သလို ဆေးရောင်စုံကို မြင်နိုင်ဖို့ ထပ်မံရွေးချယ်လိုက်လေသလားပဲ။ ပြီးတော့ သူ့သူငယ်ချင်းကပြားမလေးပြောသလို ရင်သွေးတွေအတွက် ရှင်သန်ခြင်းဟာ ပျော်စရာပါလို့ တွေးလိုက်မိလေသလားပဲ။ မိန်းကလေးရဲ့ မိဘတွေအတွက်လည်း အပြောင်းအလဲပါပဲ။ သူမရဲ့မိဘတွေက ပျော်ကြတယ်။ သူမကို ကြိုဆိုတယ်။ သူမရင်သွေးလေးကိုလည်း ကြိုဆိုတယ်။ သူတို့အိမ်ကလေးကို ပြန်လည်ရှင်းလင်းသန့်စင်ကြတယ်။ သူတို့သမီးနဲ့ သူတို့မြေးလေးအတွက် သီရိဂေဟာလေး တခု ပြန်လည်မွေးဖွားဖို့။ မိန်းကလေးဆေးရုံက ဆင်းလာတော့ သူတို့အိမ်က ရှင်းသန့်နေပြီ။ သူမအမေရဲ့ ပစ္စည်းအဟောင်းအမြင်းတွေလည်း မရှိတော့ဘူး။ သူမအဖေကလည်း သူတို့ကာရာအိုကေစက်ထဲမှာ သီချင်းတွေ ဆိုကြ ပျော်ကြဖို့ မိုက်စမ်းနေပြီ။ သူတို့အတွက် သူတို့အိမ်ကလေးဟာ သူတို့ရဲ့ Happiness Road ပေါ်က အိမ်ကလေးပဲပေါ့။

တကယ်တန်း ဇာတ်လမ်းရေးသား ရိုက်ကူးသူဟာ အမေရိကန်ရောက် တိုင်ဝမ်သူ Sung Hsin-yin  ဖြစ်ပါတယ်။ သူ့ဘ၀အစိတ်အပိုင်းတို့ကို ထင်ဟပ်တဲ့ သည်ဇာတ်ညွှန်းကို သူမအမေရိကန်တက္ကသိုလ်က ရုပ်ရှင်သင်တန်းမှာ ကျောင်းအဆိုင်းမင့်အဖြစ် ရေးသားခဲ့တာ ဖြစ်ပါတယ်။ သည်နောက် သူ့အမေရိကန်ခင်ပွန်းသည်ရဲ့ အားပေးမှုနဲ့ ရုပ်ရှင်ပညာသည်ဖြစ်လာပါတယ်။ သည်ဇာတ်ကားဟာ ဝင်ငွေထိပ်တန်းမရောက်ပေမယ့် နိုင်ငံတကာက ရုပ်ရှင်ပွဲတော်တွေမှာ ဂုဏ်ပြုဆုတွေ ချီးမြှင့်ခံခဲ့ရတဲ့ နာမည်ကျော် ဇာတ်ကားဖြစ်ခဲ့ပါတယ်။ ၂၀၁၈ မေလ ခန့်မှာ ရုံတင်တယ်လို့ ဆိုပါတယ်။ တကားလုံးကို တိုင်ဝမ်မှာ လုပ်သည် လို့ ဖြစ်စေချင်ပေမယ့် ပြည်ပက စတူဒီယိုတွေမှာ အလုပ်အပ်ပြီး လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ တိုင်ဝမ်နဲ့ အာရှသားတွေကကြိုက်နှစ်သက်အားပေးကြတယ်ဆိုပေမယ့် သူက အရှေ့နဲ့ အနောက် ၂ခုကြားကနေ ခံစားချက် အတွေးအမြင်တွေ ပေးထားတာဆိုတော့ ပရိသတ်တွေမှာတော့ mixed feeling ရောနှောသော ခံစားချက် ရကြမှာ ဖြစ်တယ် ထင်ပါတယ်။ အရှေ့ကလူတွေက အရှေ့အမြင်နဲ့ ကြည့်ပြီး အနောက်ကလူတွေကတော့ အနောက်က သဘောသဘာ၀နဲ့ ကြည့်ကြမှာ ဖြစ်ပါတယ်။

ကျနော်ကတော့ အရှေ့နဲ့ အနောက် ကူးခပ်ပျံသန်းနေတဲ့ လေယျာဉ်ပျံပေါ်မှာ ကြည့်ပါတယ်။ ကောင်းကင်ပေါ်ကနေ မြေပြင်ပေါ်က လင်းလိုက် မိုက်လိုက်ဖြစ်နေတဲ့ လူနေမြင်ကွင်းတွေ တောတွေ တောင်တွေ ကျွန်းတွေ ရေပြင်တွေကို သေးသေးမှုန်မှုန်လေး မြင်နေရပေမယ့် အဲသည်အောက်ကလူတွေကတော့ တဦးနဲ့ တဦး သိပ်မကွာခြားကြတဲ့ ခံစားချက် ဘ၀အတွေးအမြင်နဲ့ ရှင်သန်နေကြလိမ့်မယ်လို့ တွေးနေမိစေပါတယ်။

ကာတွန်းကားဆုံးသွားတော့ ကျနော် ငယ်ငယ်ကကြည့်ခဲ့တဲ့ ဘန်ဘီသမင်လေးအကြောင်း ဒစ္စနီကာတွန်းကားကို သတိရတယ်။ ဘန်ဘီလေးလည်း တောထဲမှာ ငယ်ရာက ကြီးလာတယ်၊ တက်လိုက် ကျလိုက်၊ ရှုံးလိုက် နိုင်လိုက်။ နောက်ဆုံးခန်းမှာ သူ့ချစ်သူ သမင်မလေးနဲ့ ပြန်ပေါင်းရတယ်၊ ဘန်ဘီမှာ သူ့ကလေး ၂ကောင်တောင် ရနေပြီ။ ပျော်ရွှင်စရာ ဇာတ်သိမ်းခန်းပေါ့။ သို့သော် အဲသည်တုန်းက မူလတန်းကျောင်းသား ကျနော်က ရုပ်ရှင်ပြီးတော့ ငိုတယ်။ ဝမ်းမသာဘဲ ဝမ်းနည်းပက်လက်ငိုတယ်။ မိဘတွေက မေးတယ်၊ မင်း ဘာများ ဖြစ်တာလဲပေါ့။ ကျနော်က ပြန်ဖြေတယ်။ ဘန်ဘီရဲ့ကလေးတွေအတွက် စိတ်မကောင်းလို့ပါလို့။ သူတို့တွေလည်း ဘန်ဘီလိုမျိုး ဘ၀မှာ ပင်ပန်းဆင်းရဲမှုတွေ ရင်ဆိုင်ကြ၊ ဝမ်းသာတလှည့် ဝမ်းနည်းတလှည့် သံသရာကို ခံစားကြရဦးမှာဆိုတော့ သူတို့အတွက် စိတ်မကောင်းဖြစ်ပြီး ငိုမိတာပါလို့ ဖြေခဲ့ပါတယ်။

ဒီတခါတော့ ကျနော် မငိုတော့ဘူးလား။ အော် ဒါက သဘာ၀တရားကြီးကိုး။ ပျော်နိုင်တုန်းမှာ ပျော်ကြပါစေပေါ့။ ကျနော်လည်း အခုတော့ ပျော်ပါတယ်လို့ အဖြေပေးချင်ပါတယ်။