Breaking News

တင်အေး (၈၈ မျိုးဆက်၊ ဗကသ) - အိုင်ဒီယာပွဲတော်

အိုင်ဒီယာပွဲတော်
တင်အေး (၈၈ မျိုးဆက်၊ ဗကသ)
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၉


    ကိုယ့်စကားလုံးတော့ မဟုတ်ပါဘူး၊ လာမယ့် နိုဝင်ဘာလ၊ စင်ကာပူမှာ ကျင်းပတော့မယ့် Festival of IDEAS ဆိုတဲ့စကားလုံးကို မြန်မာလိုပြန်ရေးကြည့်ထားတာပါ။ အတွေးအခေါ်၊ အမြင်အယူအဆ၊ အိုင်ဒီယာတွေကို ပွဲတော်ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးတာလေး သဘောကျလို့ပါ။

    မှတ်မိသေးတယ်၊ ၁၉၈၀ ခုနှစ်များကာလ၊ ရန်ကုန်တက္ကသိုလ်၊ တောင်ငူဆောင်၊ တောင်ပိန္နဲပင်အရိပ်နဲ့ မြန်မာစာ ဌာနမှာခိုလှုံခဲ့စဉ်ကပေါ့။ ဌာနရဲ့စာတမ်းဖတ်ပွဲတစ်ခုမှာ ဆရာဇော်ဇော်အောင်က “ကဗျာ၏ရသဒီဇိုင်း” ဆိုတဲ့ ကဗျာပညာ ရပ်ဆိုင်ရာစာတမ်းတစ်စောင် ဖတ်ခဲ့ဖူးတယ်။ ရသကိုးပါးသင်ရိုးနဲ့ ရိုးမြေကျသစ္စာရှိရှိပေါင်းသင်း လာခဲ့တဲ့ မြန်မာစာဌာန အတွက်တော့ ရသကို ဒီဇိုင်းဆိုတဲ့စကားလုံးနဲ့တွဲခဲ့တဲ့ ဆရာ့အသုံးအနှုန်းအပေါ် အသံဗလံ လေးတွေထွက်ခဲ့တာလည်း ပြန်ကြားယောင်မိသေး။ ဘာပဲဖြစ်ဖြစ် ဂန္တဝင်တွေကြားမှာ လန်းဆန်းခဲ့ရတာတော့ လွမ်းစရာပါ။
    ငယ်ငယ်ကတည်းက အတွေးအခေါ် အမြင်အယူအဆတွေနဲ့ပတ်သက်ရင် ဝါသနာထုံတတ်တဲ့အလေ့ရှိခဲ့တာ။ မက်မက်စက်စက်သိချင်တာရှိခဲ့ပါတယ်၊ အစားအသောက်နဲ့နှိုင်းပြောရရင် အတွေးအခေါ်အမြင်အယူအဆဝါဒတွေ အကြောင်းကြားရတဲ့အခါ သိချင်စိတ်နဲ့သားရေယိုတတ်တယ် ပြောရမယ်ထင်တယ်။ အခု စင်ကာပူမှာ အတွေးအခေါ် အယူအဆတွေ အမြင်တွေအစုံစုံ ဈေးဗန်းခင်းကြမယ့်ပွဲတော်လို့ ကြားတော့ သားရေယိုမိတယ်။ အဲဒါနဲ့ သူတို့ ဘာတွေများ ခင်းကျင်းကြမှာလဲပေါ့၊ မစပ်စုဘဲ မနေနိုင်။

    ၂၀၁၉၊ နိုဝင်ဘာလ ၂၀ ရက်နေ့က ၂၃ ရက်နေ့အထိ စင်ကာပူမှာကျင်းပမှာတဲ့။ ပွဲတော်ရဲ့ခေါင်းစဉ်ကို အပြည့် အစုံရေးပြရရင် “2019, LEE KYUAN YEW School of Public Policy, FESTIVAL of IDEAS, Governance for the Future: Asia’s Perspective”။

    ၄ ရက်ကျင်းပမယ့် ပွဲတော်မှာ ပါဝင်မယ့်အကြောင်းအရာတွေက Globalizaion & Deglobalization၊ Public Well-being၊ Data & Connectivity၊ Urbanization နဲ့ Others ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီ့အကြောင်းအရာတွေကို ပြောကြမယ့်သူတွေက အခု အဲဒီ့ပွဲတော်ဝက်ဘ်ဆိုက်မှာ ဓာတ်ပုံတွေနဲ့ဖော်ပြထားတာ ၂၈ ယောက်ရှိပါတယ်။ နိုင်ငံအများ အပြားကပါပေမယ့် အများစုကတော့ အာရှသူအာရှသားတွေပါပဲ။ နာမည်ကျော် ဂျာနယ်လစ်တွေရော၊ ပါမောက္ခတွေရော၊ လွှတ်တော်အမတ်တွေရော၊ နာမည်ကြီးစီးပွားရေးကုမ္ပဏီက ရာထူးအကြီးကြီးတွေရော အမယ်စုံပါတယ်။ ကိုယ့်အချင်း ချင်းကြားပြောခဲ့ဖူးတဲ့အသုံးအနှုန်းနဲ့ပြောရရင် နိုင်ငံတကာနယ်ပယ်အသီးသီးက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေချည်း ပြောကြ ဆွေးနွေးကြမယ့်ပွဲလို့ ပြောလို့ရပါတယ်။

    အခုထိ ကြေညာထားတဲ့ ဆွေးနွေးမယ့် စာတမ်းတွေက “Globalization vs Deglobalization: What is the World’s Future?”၊ “SafeJoy(Global Public Network Conference 2019 – Best Project Award)”၊ “Serious Journalism Matter: The Future of News”၊ “Public Policy in a World of Superheors”၊ “Public Lecture by Prof Wang Gungwu”၊ “Year Towards Zero Waste: Changing Household Recycling Behaviour”၊ “External Tour -  INN X CSC Learning Journey” ဆိုပြီးတွေ့ရပါတယ်။ နောက်စာတမ်းတွေကို ဆက်ပြီးကြေညာဦးမယ့် သဘောရှိ ပါတယ်။
    နယ်ပယ်အသီးသီးက အမြင်အယူအဆအစုံကိုသိရမှာမို့ မက်စရာကြီးပါ။ အဲဒီ့ အိုင်ဒီယာပွဲတော်ကနေ ကမ္ဘာကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာလည်း တွေးဆစဉ်းစားစရာ အချက်အလက်တွေ ရလာမယ်ထင်ပါတယ်။

    အဲသလို အယူအဆအစုံစုံထွန်းကားတာနဲ့ပတ်သက်ပြီး မှတ်သားဖူးတာလေးတစ်ခုနဲ့ ဆက်စပ်တွေးမိပါတယ်။ တခြားတော့မဟုတ်ပါဘူး။ အတွေးအခေါ်အရ တည်ဆောက်တယ်ဆိုတဲ့ကိစ္စပါ။ တည်ဆောက်ရေးဆိုတာ အလွန် အရေး ကြီးတဲ့ကိစ္စပါ။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာဆိုရင် အတွေးအခေါ်အရ တည်ဆောက်ရေးဆိုတာ ကိုယ့်ရဲ့ ကိုယ်နှုတ် နှလုံး သုံးပါးအမူအရာကို သက်ရောက်မှု အကြီးအကျယ်ဖြစ်စေပါတယ်။ အတွေးအခေါ်အရ တည် ဆောက်ပုံမှားရင် ကိုယ် လုပ်သမျှ၊ ရေးသမျှ၊ ပြောသမျှ မှန်တယ်ထင်ပြီး အစွန်းရောက်လို့ ရောက်နေမှန်း မသိ၊ လွဲချော်လို့လွဲချော်နေမှန်းမသိ ဖြစ် နေတတ်ပါတယ်။ ပိုဆိုးတာက ကိုယ်အရမ်းသဘောကျတဲ့အတွေးအခေါ် တစ်ရပ် ရပ်အတိုင်း ကိုယ့်ကိုယ်ကိုယ်စဉ်းစားတွေး ခေါ်လုပ်ကိုင်နေတယ်ထင်ပြီး၊ တကယ်တော့ ကိုယ်သဘောကျနေတဲ့ အတွေးအခေါ်နဲ့ ဆန့်ကျင်ဖီလာဖြစ်ပြီး တွေးခေါ် လုပ် ကိုင်ဆောင်ရွက်နေတယ်ဆိုတာမသိဘဲ၊ သေတဲ့အထိ လွဲချော်ပြီး သေသွားနိုင်တာပါပဲ။

    အဲသလိုမဖြစ်ဖို့ အတွေးအခေါ်အရတည်ဆောက်တဲ့အခါမှာ ကိုယ်နှစ်သက်သဘောကျရာ၊ ကိုယ်ယုံကြည်ရာ တစ်ခုတည်းကိုရွေးချယ်လေ့လာပြီး တည်ဆောက်နေလို့မရပါဘူး။ ကိုယ်ယုံကြည်တဲ့အတွေးအခေါ်အယူအဆတွေကို ဆန့် ကျင်တဲ့ အတွေးအခေါ်အယူအဆတွေနဲ့လည်း နှိုင်းယှဉ်လေ့လာပြီးတည်ဆောက်ရမယ်လို့ မှတ်သားဖူးပါ တယ်။ အဲဒီတော့ မှသာ မှန်ကန်တဲ့ ဘက်စုံတဲ့အသက်ပါတဲ့ အတွေးအခေါ်တည်ဆောက်ရေးဖြစ်မှာပါ။
    စင်ကာပူမှာလုပ်မယ့် အိုင်ဒီယာပွဲတော်က ပေါ်ထွက်လာမယ့် အတွေးအခေါ် အမြင်အယူအဆတွေကို စောင့်ပြီး နားထောင်ပါဦးမယ်။

    ကိုယ်နဲ့မတူတဲ့ အတွေးအခေါ် အမြင်အယူအဆတွေကို များများသိပြီး၊ ဆန်းစစ်တည်ဆောက်လေလေ၊ ကိုယ် ယုံကြည်တဲ့အတွေးအခေါ်အယူအဆဟာ အမြဲဆန်းသစ်နေပြီး၊ ကိုယ့်ယုံကြည်မှုဟာ ခိုင်မာလေလေဖြစ်မယ်မဟုတ် လား။

တင်အေး (၈၈ မျိုးဆက်၊ ဗကသ)
Festival of IDEAS: https://festivalofideas.nus.edu.sg/