Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၂)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၂)
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၉

● နွမ်စစ်ဟန်
ရဲရင့်လူငယ်စစ်သည်တော်ဟု အဓိပ္ပါယ်ရသော နွမ်စစ်ဟန်သည် ၁၉၅၈ ခုနှစ်တွင်ပေါ်ထွက်လာခဲ့သော ပထမဆုံးသော ရှမ်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ နွမ်စစ်ဟန်ကို စတင်တည်ထောင်သူမှာ စောယန္တ ဖြစ်သည်။ သူသည်မူလက မုန်းနစော်ဘွားထံစစမှု ထမ်းနေသူဖြစ်သည်။ရှမ်းမြောက် မူစယ်၊ နမ့်ခမ်း၏ မြောက်ဖက်နှင့် အနောက်မြောက်ဘက် ယနေ့ တရုတ်ပိုင်နယ်ထဲတွင် မုန်ခွမ်၊ မုန်းမော၊ မုန်းနဟူသည့် ရှမ်းစော်ဘွားများ အုပ်ချုပ်သည့် ရှမ်းနယ်များရှိသည်။ ယနေ့ကာလ တွင် မုန်ခွမ်အား မန်စီဟု၎င်း၊ မုန်းမောအား ရွှေလီဟု၎င်း၊ မုန်းနအား ယင်ကျန်းဟု၎င်းလူသိများသည်။ တရုတ် - မြန်မာ နယ်စပ်အနီး တရုတ်ပိုင်နက်တွင်းရှိ မြို့များဖြစ်သည်။

မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအိုစသည့် တိုင်းပြည်နယ်နိမိတ်များကွဲပြားသွားကြသော်လည်း ရှမ်းစော်ဘွားနယ်ပယ်များနှင့် ရှမ်းတို့၏ဆက်ဆံရေးကို ဖြတ်တောက်၍မရနိုင်ပေ။ အင်္ဂလိပ်ကိုလိုနီခေတ်က တရုတ်ပြည်တွင်းသို့ ခိုဝင်ခဲ့ရသော ဝန်းသိုစော် ဘွား ဦးအောင်မြတ်အား မန်စီ ခေါ် မုန်ခွမ်စော်ဘွားက သံလွင်မြစ်ဘေးမှ ရှမ်းရွာ ၃ ရွာအပိုင်စားပေး၍ စောင့်ရှောက်ပေး ခဲ့ရသည်။ အလားတူ ၁၉၅၈ ခုနှစ် တရုတ်ပြည် ဘုံအဖွဲ့များဖွဲ့စည်းစဉ်ကာလကမြန်မာပြည်တွင်း ထွက်ပြေးခိုလှုံခဲ့ရသော မုန်းခွမ်စော်ဘွားအား သိန္နီစော်ဘွားနှင့် သီပေါစော်ဘွားတို့က စောင့်ရှောက်ထားခဲ့သည်။ မုန်ခွမ်စော်ဘွား၏သားပင်လျင် မြန်မာပြည်၌ အထက်တန်းထိ ပညာသင်ခဲ့သည်။ ၁၉၈၀ ခုနှစ်နောက်ပိုင်း တရုတ်ပြည်ပေါ်လစီပြောင်းပြီး မုန်းခွမ်စော်ဘွား၏ နေအိမ်အပါ ပိုင်ဆိုင်မှုများပြန်လည်ပေးအပ်သည့်အပြင် ထောက်ပံ့ကြေးများပေးသောအခါမှ မုန်းခွမ်စော်ဘွားလည်း တရုတ် ပြည် မန်စီခေါ် မုန်းခွမ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ရှမ်းစော်ဘွားများနှင့် ရှမ်းတို့၏ ရှမ်း အချင်းချင်းဆက်ဆံမှု ကို တိုင်းပြည်နယ်နမိတ်များက တားဆီးမရနိုင်ဟု ဆိုရပါမည်။

စောယန္တသည် မုန်းနစော်ဘွားထံတွင် စစမှုထမ်းဘူးခဲ့သူဖြစ်သည်။ ထို့ုနောက် မိုင်းရယ်စော်ဘွားထံရောက်ရှိလာခဲ့သည်။ ၁၉၅၆ ခုနှစ် စော်ဘွား လက်အောက်ခံအရာရှိများ ပုန်ကန်ရန် ပြင်ဆင်ကြချိန်တွင် ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် စောယန္တ သည် ကျိုင်းတုံစော်ဘွားထံသို့ရောက်ရှိလာခဲ့သည်။ ထိုစဉ်က ကျိုင်းတုံစော်ဘွားက သူ၏တပ်ဖွဲ့အား နွမ်ဆေဟန်ဟုအမည် ပေးထားသည်။ ရဲရင့်သောကျားပျိုများဟု အဓိပ္ပါယ်ရသည်။ ထို့ုပြင် ကျိုင်းတုံစော်ဘွားတွင် စဝ်နွဲ့ဟူသော ညီတယောက်ရှိ သည်။ စောယန္တသည် လက်နက်ကိုင်ပုန်ကနမှုစသောအခါ ကျိုင်းတုံစော်ဘွား၏ညီ စဝ်နွဲ့၏ အမည်ယူခဲ့သကဲ့သို့ သူ၏တပ်ဖွဲ့ အားလည်း စော်ဘွားတပ်ဖွဲ့အမည်အား တုပပေးခဲ့သည်ဟု ဆိုရမည်။ သူ၏အမည်အား စဝ်နွဲ့ဟု ပြောင်းလဲခေါ်ဆိုလိုက်သဖြင့် ကျိုင်းတုံစော်ဘွားအနွယ်ဟု ထင်မှတ်မှားခဲ့ကြသည်။ ထို့ုပြင်စော်ဘွားတပ်ဖွဲ့အမည်မှ ကျားဟုအဓိပ္ပါယ်ရသော "ဆေ" နေရာတွင်စစ်သည်တော်ဟု အဓိပ္ပါယ်ရသည့် "စစ်" ဟူသော စကားလုံးပြောင်း၍ နွမ်ဆေဟန်နှင့် မရိုးမစွဲ နွမ်စစ်ဟန်ဟု အမည်ပေးခဲ့သည်။ သို့ဖြစ်ရာ ကျိုင်းတုံနယ်အတွင်း ရှမ်းလက်နက်ကိုင်ပုန်ကနမှုကို စတင်ခဲ့သော စောယန္တသည် ကျိုင်းတုံ စော်ဘွား၏ အရှိန်သြဇာကို ကောင်းစွာအသုံးပြုခဲ့သည်ဟု ဆိုရမည်။ ကျိုင်းတုံစော်ဘွားကလည်း ဤသို့အသုံးပြုရန် အခွင့် ပေးခဲ့သည်ဟုလည်းဆိုကြသည်။

၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့ မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်း တောတွင်းတနေရာတွင် စောယန္တ ခေါ် စဝ်နွဲ့ဦးစီး ရှမ်းလူ ငယ် ၃၁ ဦးသည် သစ္စာရေသောက်၍ နွမ်စစ်ဟန်ခေါ် ရဲရင့်သောလူငယ်စစ်သည်တော်ဟူသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်ပုန်ကနမှုကို စတင်ခဲ့သည်။ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာတွင် စတင်ခဲ့သော ရှမ်းတိုင်းသားလက်နက်ပိုင်ပုန်ကန်မှုသည် ယနေ့ကာလထိဆိုလျင် နှစ် ၆၀ တိုင်ခဲ့ပြီဖြစ်ပေ သည်။

ပုန်ကနမှု စတင်ခဲ့သော စဝ်နွဲ့သည် ဦးစွာပူးပေါင်းခဲ့သောအဖွဲ့မှာ ထိုင်းနယ်စပ်တွင်အခြေပြုနေသော ပေါလိမ့်ကုဏ္ဏ အဖွဲ့ နှင့်ဖြစ်သည်။ ပေါလိမ့်ကုဏ္ဏအဖွဲ့သည် ထိုင်းမြန်မာနယ်စပ်တွင် အခြေပြု၍ ဘိန်းကုန်ကူးနေသောအဖွဲ့ဖြစ်သည်။ စဝ်နွဲ့ သည့် ထိုအဖွဲ့အားစည်းရုံး၍ လူအင်အား၊ လက်နက်အင်အား၊ ငွေကြေးအင်အားပြဿနာတို့ကို ဖြေရှင်းခဲ့ပုံရသည်။ ပေါ့လိမ့် ကုဏ္ဏနှင့် ပူးပေါင်းပြီးနောက် ပေါလိမ့်ကုဏ္ဏက ဥက္ကဌတာဝန်ယူခဲ့ပြီး စဝ်နွဲ့က စစ်ဦးစီးချုပ်တာဝန်ယူခဲ့သည်။ စဝ်နွဲ့တို့အင်အားစုစည်း၍မကြာမီပင် ပုံပါကျင်တွင်အခြေစိုက်နေသည့် အစိုးရစစ်တပ် ခလရ ၂၃ ၏ လာရောက်တိုက်ခိုက်ခြင်းကိုခံရသည်။ သို့နှင့် စဝ်နွဲ့တို့အဖွဲ့လည်း မူလအခြေစိုက်ရာ လွယ်မတ်အန်းခန်း (ကြက်ဟင်းခါးသီးတောင်) တောင်သို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ရသည်။ သို့နှင့် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များ၏ လက်နက်ကိုင်တိုက်ခိုက်မှုများ စတင်ခဲ့တော့သည်။

နွမ်စစ်ဟန်အဖွဲ့သို့ စောစီးစွာရောက်ရှိလာခဲ့သော ရှမ်းပညာတတ်ကျိုင်းတုံနယ်သားတဦးမှာ စိုင်းပန် ခေါ် စဝ်ပွန်တိုင်းဖြစ် သည်။ ဆေးတက္က္တသိုလ်တွင် တက်ရောက်သင်ကြားနေစဉ် ဆရာဝန်မဖြစ်မီ လက်နက်ကိုင်ပုန်ကန်မှုသို့ ရောက်လာသူဖြစ် သည်။ စဝ်ပွန်တိုင်းသည် စော်ဘွားခေတ် ကတ်တောင်ကို အုပ်ချုပ်သူ လုံယီဆိုင်း၏သားဖြစ်သည်။ ၎င်းနောက်တွင်လည်း နွမ်စစ်ဟန်သို့ ရန်ကုန်တက္ကသိုလ်မှ ရှမ်းပညာတတ်လူငယ်များ ထပ်မံရောက်ရှိလာကြသည်။

နွမ်စစ်ဟန်အဖွဲ့အား သိန္နီစော်ဘွား၊ မဟာဒေဝီစဝ်နန်းဟိန်းခမ်း၊ သီပေါစော်ဘွား၊ မိုင်းရှူးစော်ဘွား၊ လဲချားစော်ဘွား၊ ကျေး သီးစော်ဘွား၊ မိုင်းရယ်စော်ဘွား၊ မိုင်းလင်စော်ဘွားနှင့်ညောင်ရွှေစော်ဘွားတို့က နောက်ကွယ်မှ ထောက်ပံ့ကူညီခဲ့သည်ဟု တပ်မတော်က မှတ်ယူထားသည်ကို တွေ့ရသည်။

"ဆေ" ခေါ်ကျားအဖွဲ့
ထိုစဉ်ကာလက ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်နေကြသောရှမ်းကျောင်းသားများမှာလည်း နိုင်ငံရေးအရ တက်ကြွ လှုပ်ရှားနေကြပြီဖြစ်သည်။ နိုင်ငံရေးတက်ကြွသော ရှမ်းကျောင်းသားများအား ဦးစီးပြီး "ဆေ" ခေါ်ကျားအဖွဲ့အား ဖွဲ့စည်း သူမှာ မိုင်းနောင်ဇာတိ ရှမ်းဘုန်းကြီး ဦးနာဂိန်ဖြစ်သည်။ ဦးနာဂိန်သည် ရန်ကုန်မြို့ ဗားဂရာကျောင်းတိုက်တွင် သီတင်းသုံး နေစဉ်ကာလက ရှမ်းတက္ကသိုလ်ကျောင်းသားများအားဦးစီး၍ ကျားအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ကျားအဖွဲ့ဝင်များအား ဆရာ တော် ဦးနာဂိန်ကပင် ဆေးမှင်စုတ်ထိုးပေးခဲ့သည်။ ထိုစဉ်ကာလက ကျားအဖွဲ့ဝင် ရှမ်းကျောင်းသား ၃၅ ယောက်ရှိခဲ့သည်။ ကျားအဖွဲ့ဝင်များသည် ၎င်းတို့အမည်အား ကျားဟုအဓိပ္ပါယ်ရသည့် "ဆေ" ပါသောအမည်များ ပြောင်းလဲမှည့်ခေါ်ခဲ့ကြပြီး အများစုသည် ရှမ်းလက်နက်ကိုင်ပုန်ကန်မှုများတွင် တက်ကြွစွာပါဝင်ခဲ့ကြပြီး အဓိကခေါင်းဆောင်ပိုင်းများတွင် တာဝန် ယူခဲ့ကြသည်။

( မှတ်ချက်။ အဆိုပါ" ဆေ" အဖွဲ့မှ ယနေ့ထိ ကျန်ရစ်သူ ၃ ဦးရှိပါသည်။
၁။ စဝ်ဆေထင်၊ နာယက/SSPP-SSA။
၂။ စိုင်းခမ်းလျံ ၊ လားရှိုး။
၃။ စိုင်းအောင်ထွန်း၊ မဆလခေတ် နိုင်ငံတော်ကောင်စီ၊ သုဝဏ္ဏတို့ဖြစ်သည်)

အဆိုပါ ကျားအဖွဲ့မှ ရှမ်းကျောင်းသားများဖြစ်သည့် စိုင်းထွန်းအေး၊ စဝ်ကျော်ထွန်း (မိုင်းရယ်စော်ဘွား၏တူ)၊ စဝ်ဆေထင်တို့ ၃ ဦးသည် ၁၉၅၉ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွါပြီး နွမ်စစ်ဟန် အခြေစိုက်ရာ လွယ်မတ်အန်းခမ်းတောင်သို့ ရောက်ရှိလာခဲ့ကြသည်။ အဆိုပါတောင်သည် မိုင်းတုံအရှေ့ဖက်၊ ထိုင်းနိုင်ငံ မုန်းဖန်၏ အနောက်ဖက်ဖြစ်ရာ မြန်မာ၊ ထိုင်း ၂ ဖက်လုံးမှ သွား၍ရသည်။ သို့နှင့် အင်အားတဖြည်းဖြည်းတိုးပွားလာပြီး အင်အား ၄၀၀ ခန့်အထိရှိလာသည်။

အဆိုပါ ၁၉၅၉ ခုနှစ် နှစ်ဆန်းတွင် စဝ်နွဲ့နှင့် စဝ်ဆေထင်တို့နှစ်ဦးသည် ကျိုင်းတုံစော်ဘွားနှင့်သွားရောက်တွေ့ဆုံခဲ့ပြီး စော် ဘွားထံမှ လက်နက်အချို့ရရှိခဲ့သည်။ လက်နက်အင်အားတစုံတရာရှိလာပြီးနောက် ကျိုင်းတုံနှင့်တာကော်ကြားတွင် အစိုးရ စစ်တပ်ယဉ်တန်းကိုတိုက်ခိုက်ရာ လက်နက်အချို့ထပ်မံရရှိခဲ့သည်။ ၁၉၅၉ ခုနှစ် မေလ ၂၁ ရက်တွင် နွမ်စစ်ဟန် တည် ထောင်သည့် နှစ်ပတ်လည်အခန်းအနားကို မိုင်းပျဉ်းအနီးတာအော့တွင် ကျင်းပရာတပ်မတော်မှ လေကြောင်းမှတိုက်ခိုက်သဖြင့်နွမ်စစ်ဟန်တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုများရှိခဲ့သည်။

၁၉၅၉ ခုနှစ်အတွင် ကျားအဖွဲ့မှရောက်လာသည့် ရှမ်းကျောင်းသားတဦးဖြစ်သည့် စဝ်ကျော်ထွန်းခေါ် စဝ်ဆေဝမ်သည် စစ်ရဲ တပ်ရင်း ၁၂ ၌တာဝန်ယူနေသော ဝ လူမျိုး ဘိုမောင်အားသွားရောက်စည်းရုံးသည်။ ဘိုမောင်သည် ဝ နယ်ပန်ယန်းဒေသ မိုင်းလင်းစော်ဘွားခမ်းဆောင်အား ပုန်ကန်ရာမှ အရေးနိမ့်ပြီး လွယ်မော်ဒေသသို့ ရောက်ရှိအခြေစိုက်နေသူဖြစ်သည်။ စဝ်ဆေဝမ်သည် ဘိုမောင်နှင့်သူ၏ ဝ တပ်ဖွဲ့အား စည်းရုံးနိုင်ခဲ့သည်။ သို့နှင့် ရှမ်းရှေ့ ထိုင်းနယ်စပ် မိုင်းတုံနယ်အတွင်း စတင်ဖွဲ့စည်းခဲ့သော နွမ်စစ်ဟန်တပ်ဖွဲ့သည် သံလွင်အနောက်ခြမ်းသို့ ကူး၍ လားရှိူး၊ တန့်ယန်းနယ်မြေသို့ ခြေဆန့်နိုင် ခဲ့သည်ဟုဆိုရပါမည်။

သို့နှင့် စဝ်ဆေဝမ်နှင့် ဘိုမောင်တို့သည် လားရှိူးမှ လစာပေးအဖွဲ့ လွယ်မော်သို့တက်အလာတွင် လမ်းဖြတ်တိုက်ခိုက်ပြီး သံလွင်အနောက်ခြမ်းတွင် နွမ်စစ်ဟန်၏ တိုက်ပွဲများ စတင်ခဲ့တော့သည်။ သို့နှင့်တန့်ယန်း၊ လားရှိူး၊ ပန်ကူ၊ လွယ်ပန်ဖရား၊ ဟိုရ စသည့် လားရှိူး၊ တန့်ယန်းနှင့်မိုင်းရယ်ကြားတွင် တိုက်ပွဲများ ဖြစ်ပွါးလာခဲ့သည်။ တချိန်ထဲတွင် ဗိုလ်ဒေဝေက မုန်းမား၊မုန်းတောင်နယ်အားတိုက်ခိုက်သိမ်းပိုက်သည်။ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် စဝ်ဆေဝမ်နှင့် ဘိုမောင်တို့က အင် အား ၁၀၀၀ ကျော်ခန့်ဖြင့် တန့်ယန်းကို တိုက်ခိုက်သိမ်းပိုက်သည်။ တန့်ယန်းထောင်အားဖွင့်၍ အဖမ်းခံနေရသော စဝ်ဆေဝမ်ဖခင်အားပြန်လွှတ်ပေးနိုင်ခဲ့သည်။ မိုင်းကောင်နှင့် မန်မန်းဆိုင်ရှိ တပ်နှင့်ရဲအဖွဲ့ဝင်များအညံ့ခံခဲ့ကြသည်။ သို့သော် လားရှိူး အခြေစိုက် အစိုးရတပ်မတော် တပ်မဟာ ၆ ဗိုလ်မှူးကြီးချစ်မြိုင်ကွပ်ကဲမှုအောက်ရှိသော ခလရ ၄ (ဂေါ်ရခါးတပ်) က ၁၉၅၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် တန့်ယန်းအား ပြန်လည်သိမ်းပိုက်ခဲ့ရာ စဝ်ဆေဝမ်နှင့် ဘိုမောင်တို့သည် ပန်တောင်းသို့ ပြန် လည်ဆုတ်ခွါခဲ့ရသည်။

ထို့ုပြင် ၁၉၅၉ ခုနှစ် စော်ဘွားများအာဏာစွန့်ပြီးနောက် နွမ်စစ်ဟန်အဖွဲ့သို့ ကျိုင်းတုံနယ်မြေမှ ရှမ်းလူငယ် ၂၀၀ ခန့်ထပ်မံ ရောက်လာပြီး အင်အားကောင်းလာခဲ့သည်။

မိုးဟိန်း ခေါ် စဝ်ကွမ်းဇိဏ်း
၁၉၅၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် နွမ်စစ်ဟန်အဖွဲ့အား ထပ်မံလာရောက်ပူးပေါင်းသူမှာ မိုးဟိန်းဟုလူသိများသော စဝ်ကွမ်းဇိဏ်း ဖြစ်သည်။ စဝ်ကွမ်းဇိဏ်းသည် ဟိုပုန်းမြို့နယ် လဲသယ်တိုက်နယ်ဇာတိဖြစ်သည်။ ဒုတိယကမ္ဘာစစ်က ၁၀၁ တပ်ဖွဲ့တွင် ပါဝင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ရပ်စောက်မြောက်ဖက်ရှိ ကျောက်ဂူ၊ နောင်ချိုနှင့်အင်းလေးဒေသတွင် လှုပ်ရှားနေသည့် ဗမာ ပြည်ကွန်မြူ နစ်ပါတီ ရှမ်းပြည်အလယ်ပိုင်းသို့ တောခိုခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ရှမ်းပြည်အလယ်ပိုင်းတွင် တိုက်ခိုက် ရေးထူးချွန်သူအဖြစ် ၁၉၅၄ ခုနှစ်ခန့်တွင် ထင်ပေါ်လာခဲ့သည်။ ထိုကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေယာတော်လှန်ရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ ပါတီနှင့်သဘောထားကွဲပြီး အမျိုးသားညီညွတ်ရေးအမြင်ကို ဆုပ်ကိုင်ခဲ့သူဖြစ်သည်။ ထိုသ ဘော ထားကွဲလွဲမှုများမှသည် ပါတီတွင်းမှ ဒေသခံရှမ်းရဲဘော်များအား စည်းရုံး၍ ၁၉၅၆ ခုနှစ်တွင် ရှမ်းပြည်ကွန်မြူ နစ်ပါတီဟူ၍ ခွဲထွက်ခဲ့သည်။

ဤသို့ခွဲထွက်ပြီးနောက် ၎င်းတပ်ဖွဲ့မှ ဗိုလ်မင်းသောင်အား တရုတ်ပြည်သို့ စေလွှတ်၍ ဆက်သွယ်မှု ပြုခဲ့သည်။ သို့သော် တိုင်းပြည်တခုတွင် ပစ္စည်းမဲ့တပ်ဦးပါတီတခုသာရှိသည်ဆိုသည့် မူဝါဒကို ဆုပ်ကိုင်ထားသည့် တရုတ်ပြည်ကွန်မြူ နစ်ပါတီ က ဗမာပြည်ကွန်မြူနစ်ပါတီအား အသိအမှတ်ပြု ပြီးဖြစ်၍ စဝ်ကွမ်းဇိဏ်း၏ ရှမ်းပြည်ကွန်မြူ နစ်ပါတီအား အသိမှတ်မပြု ခဲ့ပေ။ စဝ်ကွမ်းဇိဏ်းနှင့် လိုက်ပါလာသော ရှမ်းရဲဘော်အချို့သည်လည်း ၎င်းအားအယုံအကြည်မရှိတော့၍ ဗမာပြည်ကွန်ပါတီ ရှမ်းပြည်အလယ်ပိုင်းတပ်ဖွဲ့သို့ ပြန်လည်ပူးပေါင်းသွားခဲ့ကြသည်။ဤသို့သော အခြေအနေအောက်တွင် ဦးနု၏ လက်နက်နှင့်ဒီမိုကရေစီလဲရေးလှုံ့ဆောမှု များနှင့်အတူ ၁၉၅၈ ခုနှစ် မေလ ၁၀ ရက်နေ့၌ စဝ်ကွမ်းဇိဏ်းသည် သီပေါတွင်လက်နက်ချ ခဲ့သည်။ စဝ်ကွမ်း ဇိဏ်းတို့နှင့်တပြို င်တည်းလိုလို ပအိ့ုဝ်အဖွဲ့ကလည်းတောင်ကြီးတွင် လက်နက်ချခဲ့သည်။

လက်နက်ချ ပြီး သီပေါအနီးတောရွာတွင်သာ နေထိုင်နေသော မိုးဟိန်းသည် စဝ်နွဲ့တို့ နွမ်စစ်ဟန် ထူထောင်သည့် သတင်း ကြားသည့်အခါ ၁၉၅၉ ခုနှစ်တွင်စဝ်နွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ ပုံပါကျင်အနီး ဟွေအောရှိ အစိုးရတပ်စခန်းအား သွားရောက်တိုက်ခိုက်သည့် တိုက်ပွဲတွင် ဒဏ်ရာရပြီး စဝ်ကွမ်း ဇိဏ်း လက်တဖက်ဖြတ်ခဲ့ရသည်။

သို့နှင့် ၁၉၅၈ မေလ ၂၁ ရက်မှ စတင်ဖွဲ့စည်းခဲ့သော နွမ်စစ်ဟန်အဖွဲ့သည် ဘိန်းကုန်ကူးနေသော ရှမ်းလက်နက်ကိုင် အဖွဲ့များအား စည်းရုံးသိမ်းသွင်းခြင်း၊ ရန်ကုန်တက္ကသိုလ်မှ ရှမ်းကျောင်းသား လာရောက်ပူးပေါင်းခြင်း၊စစ်ရဲ တပ်ရင်း ၁၂ မှ ဝ လူမျိုး ဘိုမောင်အား စည်းရုံးသိမ်းသွင်းနိုင်ခြင်း၊ စဝ်ကွမ်းဇိဏ်းကဲ့သို့ ပုန်ကန်လိုသူများ လာရောက်ပူးပေါင်းခြင်းတို့အပြင်စော်ဘွားများ၏ အားပေးကူညီမှုများရရှိခြင်းတို့ကြောင့် ၁၉၅၈/၁၉၅၉ ခုနှစ် များအတွင်း အင်အားတဖြေးဖြေးကောင်းလာပြီး တပ်ရင်း ၁၁ ရင်းခန့်ထိ ဖွဲ့စည်းနိုင်ခဲ့သည်။ စတင်အခြေပြုသည့် ရှမ်းအရှေ့တွင်သာမက သံလွင်မြစ် အရှေ့ဘက်ခြမ်း ရှမ်းပြည်မြောက်ပိုင်းသို့ပါ တိုးချဲ့လှုပ်ရှားနိုင်ခဲ့ပြီး တိုက်ပွဲများဖေါ်ဆောင်လာနိုင်ခဲ့သည်။

တချိန်တည်းတွင်း မြို့ပေါ်ဥပဒေတွင်း ရှမ်းပြည်နိုင်ငံရေးအခြေအနေ မှာ လျင်မြန်စွာပြောင်းလဲနေပြီး ပြောင်းလဲနေသည့်အခြေအနေများကလည်းရှမ်းတိုင်းရင်းသားလက်နက်ကိုင်ပုန်ကနမှုကို ပိုမိုအားပေးနေသည့် အခြေအနေဟု ဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး