Breaking News

မောင်မိုးသူရဲ့ သားသမီးနှင့်မြေး မြစ်များ

Photo - မောင်ပြေ၏ ဖေ့စ်ဘွတ်


မောင်မိုးသူရဲ့ သားသမီးနှင့်မြေး မြစ်များ

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၉

အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ မောင်မိုးသူမှာ သားသမီး ၃ယောက်ရှိပါတယ်၊ သားကြီးက ထွန်းမြတ်ဦး ခေါ် ပန်းသီးဖြစ်ပါတယ်။ သူက ယခုလက်ရှိ ဆန်ဖရန်စစ္စကိုမှာနေပါတယ်၊ သမီးလတ် အေးသီတာကတော့ ယခုမောင်မိုးသူနှင့် အတူနေပါတယ်။ အေးသီတာမှာလည်း သားငယ်တစ်ယောက် ရှိပါတယ်၊ သူ့နာမည်က တော့ ဘိုဘိုတဲ့၊ သားငယ် ညီညီမိုးသူကတော့ မောင်မိုးသူရဲ့ စာပေမိတ်ဆွေ  ရဲ့သမီး မေဝါညိုနှင့်အိမ် ထောင်ကျပြီး သားတစ်ယောက်မွေးဖွားပြီး မြောက်ဒဂုံမှာနေပါတယ်၊ သူတို့ကတော့ သူတို့သားကို မိုးသောက်လို့ နာမည်ပေးပါတယ်၊ မောင်မိုးသူကတော့ ဘန်ဘန်လို့ခေါ်ပါတယ်။

 သားကြီးမောင်ပန်းသီးရဲ့ပထမအိမ်ထောင် နှင့် ဘုတ်ဘုတ်နှင့် ဘုံဘုံဆိုပြီး သားသမီးနှစ်ယောက်ထွန်းကားပါတယ်။ သားကြီးမောင်ပန်းသီးဟာ သူ့ရဲ့ဒုတိ ယအိမ်ထောင် မငယ်နဲ့ ဆန်ဖရန်စစ္စကိုမှာနေပါတယ်၊ သူတို့လင်မယားမှာလည်း သားကလေးတစ်ယောက် မွေး ထားပါတယ်၊ မောင်မိုးသူရဲ့မြေးပေါ့၊ သူတို့က ဘယ်လိုနာမည်ပေးထားသလဲမသိပါဘူး၊ မောင်မိုးသူကတော့ ဘွန်ဘွန်းလို့ခေါ်ပါတယ်၊ မောင်မိုးသူကတော့ သားငယ်ညီညီမိုးသူကို ဘူးဘူးလို့ ပေးခဲ့ရာက မောင်ပန်းသီး ရဲ့သားနှင့်သမီးဖြစ်တဲ့ မြေးအကြီးမကို ဘုတ်ဘုတ်၊ မြေးအငယ်ကောင်ကို ဘုံဘုံ၊ မောင်ပန်းသီးရဲ့သားအငယ် ဆုံးကို ဘွန်ဘွန်းလို့နာမည်ခေါ်ထားလေတော့ သမီးလတ်အေးသီတာ သားကို ဘိုဘို၊ ဘူးဘူးရဲ့သားငယ် အ ငယ်ဆုံးမြေးလေးဟာ (ဘ)မျိုးဆက် အငယ်ဆုံးဖြစ်လေတော့ ဘန်ဘန်းလို့ပဲခေါ်ခဲ့တာဖြစ်ပါတယ်။

မြေးအ ကြီး မဘုတ်ဘုတ်က ဒူဘိုင်းမှာ ဟိုတယ်မန်နေဂျာလုပ်ကိုင်ပြီး သူ့မှာ အမြွှာသမီးလေးနှစ်ယောက်ထွန်းကားပါ တယ်၊ သူတို့အမေကတော့ ဖြူစင်နဲ့ ကြယ်စင်လို့နာမည်ပေးထားသတဲ့၊ မောင်မိုးသူကတော့ ချစ်လို့ ပိစိနဲ့ ကွစလို့ခေါ် ပါတယ်၊ 

ဘုတ်ဘုတ်ရဲ့မောင် ဘုံဘုံက ယခုလက်ရှိ နေပြည်တော်မှာ သတင်းထောက်လုပ်ပြီး ပိုပိုဆိုတဲ့မိန်းက လေးနဲ့အိမ်ထောင်ကျပါတယ်၊ သားကလေးတစ်ယောက်ထွန်းကားပြီး မူကြိုတက်နေပါတယ်၊ သူတို့သားကို ဘယ်လိုနာမည်ပေးထားသလဲတော့မသိဘူး၊ မောင်မိုးသူက အဲဒီကလေးကို ကုလားလေးလို့ ခေါ်ပါတယ်၊ မဲတာကို၊

ပြီးခဲတဲ့ အပါတ် မတ်လ ၂၁ ရက်နေ့မှာ သားငယ် ဘူးဘူးခေါ် ညီညီမိုးသူဟာ ဆန်ဖရန်စစ္စကို ကိုအ လည်သွားပါတယ်၊ အဲဒီတော့မှ သူ့အကိုပန်းသီးရယ် ဇနီးမငယ်ရယ် သူ့သား ဘွန်ဘွန်ရယ် သူတို့လေးယောက် တွဲပြီး ဓါတ်ပုံရိုက်တာကို လူမှုကွန်ရက်မှတဆင့် ပို့လိုက်လို့ မောင်မိုးသူဆီရောက်လာပါတယ်၊ အဲဒီရောက်လာ တဲ့ ပုံကို ဓါတ်ပုံအဖြစ်ကူးပြီး မောင်မိုးသူရဲ့ သားသမီးများ မြေးမြစ်များဆိုတဲ့ ဆောင်းပါးကိုရေးဖြစ်တာပါ၊ 

မောင် မိုးသူဟာ ၁၉၅၈ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌအဖြစ်တာဝန်ထမ်းရွက်စဉ်မှာ ဇနီးဖြစ်သူ မအမာနှင့် အိမ်ထောင်ကျပါတယ်၊ မောင်မိုးသူနဲ့ အမာတို့ရဲ့ မင်္ဂလာပွဲမှာ မင်္ဂလာစကားပြောကြားပေးတဲ့သုံးဦး ကတော့ ဦးလေးလှ(လူထုဦးလှ)၊ ဆရာဦးချမ်းမြ(မြကေတု)၊ ဆရာဦးကြည်မြ တို့က မင်္ဂလာစကားပြောခဲ့ကြရ တာဖြစ်ပါတယ်၊ မောင်မိုးသူဟာ အိမ်ထောင်ကျတာနဲ့ အဖမ်းခံရတာ တစ်နှစ်ထဲလို့ ပြောရမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ၅၈ အိမ်စောင့်အစိုးရတက်လာတဲ့အခါမှာ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်တစ်ဖွဲ့လုံး ထိန်းသိမ်းအဖမ်းခံရပါတယ်၊ (ခြွင်းချက် အမှုဆောင်အဖွဲ့ထဲမှာပါတဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ မောင်စွမ်းရည် ကတော့ ခေတ်အဆက်ဆက်မှာ အဖမ်းခံရဖို့ဇာတာမပါဘူးထင်ပါရဲ့ အမှုဆောင်အဖွဲ့ထဲမှာ လွတ်မြောက်ကျန် ရစ်သူဖြစ်ပါတယ်)၊

 ကျောင်းသားခေါင်းဆောင်နာမည်က ယခုမောင်မိုးသူရဲ့ အမည်အရင်းက မောင်စိန်မြင့်ဖြစ် ပါတယ်၊ မောင်စိန်မြင့်ဟာ ၅၆ တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီး မန္တလေးတက္ကသိုလ်တက်ရပါတယ်၊ ကျောင်း ရောက်တော့ အဲဒီနှစ်မှာ စတင်ဖွဲ့စည်းတဲ့ မန်းတက္ကသိုလ်ကလောင်ရှင်အသင်းမှာ အမှုဆောင်အဖြစ်ပါဝင် ဖြစ် ပါတယ်၊ အဲဒီမန်းတက္ကသိုလ်ကလောင်ရှင်အသင်းမှာ အတူနေ စာရေးဖော် စာရေးဖက်များကတော့ မန္တလေး တက္ကသိုလ်ရဲ့ ထင်ရှားတဲ့ကဗျာဆရာများဖြစ်တဲ့ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်နှင့် ကိုလေး(အင်းဝဂုဏ် ရည်)တို့ဖြစ်ပါတယ်၊

 ၅၈ မှာ မောင်စိန်မြင့်အဖမ်းခံရတော့ ကျန်တဲ့ကျောင်းသားခေါင်းဆောင်တွေကို ထောင်ထဲ ပို့ပြီး မောင်စိန်မြင့်ကတော့ စိန်ပန်းဂတ်တဲမှာချုပ်နှောင်ထားပါတယ်၊ အဲဒီခေတ်ကတော့ နိုင်ငံရေးအကျဉ်းသား ဆိုတာ အထူးအခွင့်အရေးရပါတယ်၊ ထောင်ထဲမှာဆိုရင် ဘီကလပ်ရဆိုပဲ၊ ရဲစခန်းမှာရှိတဲ့မောင်စိန်မြင့်ကိုလည်း ရဲစာရေးရဲ့အိမ်မှာပဲ စပါယ်ရှယ်ချက်ပြုတ်ကျွေးမွေးပါတယ်၊ အဲဒီအချိန်မှာ မောင်စိန်မြင့်က အင်မတန်လွတ်လပ် ပြီး ပြင်ပကစာဆောင်တွေမှာ စာရေးလို့ရပါတယ်၊ ဒါပေမယ့် ကျောင်းသားခေါင်းဆောင် မောင်စိန်မြင့်အမည် နဲ့ လည်းရေးလို့မဖြစ်၊ တက္ကသိ်ုလ်သုံးခဲ့တဲ့ မောင်သက်ဦးကလောင်နာမည်ကလည်းရေးလို့မဖြစ်လေတော့ စိန်ပန်း အချုပ်ထဲမှာပဲ စာရေးဆရာမကြည်အေးကိုလည်းကြိုက် ဒေါ်ကြည်အေးက တစ္ဆေဆိုတဲ့ ကဗျာတစ်ပုဒ်ကို မိုးသူ ဆိုတဲ့ကလောင်နဲ့ရေးဖူးတာကိုအမှတ်ရပြီး မိမိရဲ့ကလောင်အမည်ကိုလည်း စိန်ပန်းအချုပ်ထဲမှာ မောင်မိုး သူလို့ အမည်ယူခဲ့ပါတယ်၊ 

အိမ်စောင့်အစိုးရဟာ တစ်နှစ်တာပဲတာဝန်ယူပြီး ပထစ အစိုးရကိုပြန်လွှဲပေးလိုက်တော့ မောင်မိုးသူတို့အားလုံး အချုပ်နှောင်မှလွတ်လာပါတော့တယ်၊ အချုပ်အနှောင်မှလွတ်လာတဲ့မောင်မိုးသူဟာ စာပေလောကထဲကို ခြေစုံပစ်ပြီးဝင်ရောက်ဖြစ်သွားပါတော့တယ်၊ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ အမှုဆောင် မန်းခေတ်သတင်းစာရဲ့ ညအယ်ဒီတာ၊ ခေတ်ဂျာနယ်ရဲ့ အယ်ဒီတာအဖြစ်လုပ်ဖြစ်ပါတယ်၊ 

ထို နည်းတူ မိုးဦးပန်းစာပေတိုက်ကိုလည်းတည်ထောင်ပြီး ဆရာကြီးရွှေဥဒေါင်း၊ ဆရာဇေယျ၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာတက်တိုးတို့ရဲ့ဆောင်းပါးတွေကိုလည်း စာအုပ်အဖြစ်ထုတ်ခဲ့သလို သူငယ်ချင်းကဗျာဆရာ တွေဖြစ်တဲ့ ဘုတလင်ချစ်လေး၊ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်နှင့် ကိုလေး(အင်းဝဂုဏ်ရည်)တို့ရဲ့ကဗျာ စာအုပ်တွေလည်းထုတ်ခဲ့ပါတယ်၊ ဝတ္ထုတွေမှာတော့ ဒဂုန်တာရာရဲ့မေ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ မုန်းရစ်လေဦးနှင့် ပန်းတောက်ချင်းတော့မတူပါလေ၊ သိန်းသန်းထွန်းရဲ့ မပန်ပါနဲ့ ကြွေချင်တယ်၊ ထွန်းထွန်း(ဆေးသိပ္ပံ)ရဲ့ ဝေဝေ ဝတ္ထုစာအုပ်များထုတ်ဝေတဲ့အပြင် တက္ကသိုလ်နှစ်လည်မဂဇင်းမှာ မောင်သက်ဦးအမည်နဲ့ရေးခဲ့တဲ့ “ည” ဝတ္ထုကို လည်း မိုးဦးပန်းတိုက်မှာ မောင်မိုးသူနာမည်နဲ့ လုံးချင်းပြန်ထုတ်ခဲ့ပါတယ်၊

 မောင်မိုးသူ မန္တလေးမှာရှိစဉ် မောင်မိုး သူရဲ့ စာအုပ်များအဖုံများကိုရေးဆွဲပေးရသူ သုံးဦးကတော့ မြန်မာ့ရိုးရာဦးအေးမြင့်၊ ပန်းချီပေါ်ဦးသက်နှင့် ပန်းချီ ဝင်းဖေတို့ပဲဖြစ်ပါတယ်၊ ပန်းချီဝင်းဖေကတော့ ခေတ်ဂျာနယ်မှာမောင်မိုးသူ အယ်ဒီတာအဖြစ်တာဝန်ယူခဲ့တဲ့ ပင် တိုင်ပန်းချီဆရာပဲဖြစ်ပါတယ်၊ ခေတ်ဂျာနယ်မှာ အပါတ်စဉ်ဂျာနယ်ဖြစ်ပြီး ၂၄ပါတ်သာ ထုတ်ဝေခွင့်ရခဲ့ပါတယ်၊ ခေတ်ဂျာနယ်ရပ်ဆိုင်းသွားတဲ့အခါမှ ဝင်းဖေဟာ လူထုသတင်းစာမှာရောက်ရှိနေပြီဖြစ်တဲ့ သူငယ်ချင်းပေါ်ဦး သက်ရှိရာ လူထုကိုရောက်သွားတာဖြစ်ပါတယ်၊ အဲဒီမှာတင် လူထုသတင်းစာမှာ ပေါ်ဦးသက်၊ ဝင်းဖေတို့ရဲ့ ပုံတွေဝေဝေဆာဆာဖြစ်ခဲ့ကြတာပေါ့၊ 

မောင်မိုးသူ မအမာနဲ့အိမ်ထောင်ကျပြီး သားကြီးထွန်းမြတ်ဦးကို မန္တလေးမှာပဲ မွေးဖွားခဲ့တာဖြစ်ပါတယ်၊ ထွန်းမြတ်ဦး လို့ပေးခဲ့ရတဲ့အကြောင်းကတော့ ဆရာကြီးရွှေဥဒေါင်းရဲ့ နာမည်ကြီး ရတနာပုံဝတ္ထုထဲကဇာတ်လိုက် မောင်ထွန်းမြတ် ကိုသဘောကျပြီး ထွန်းမြတ်ဦးလို့ပေးခဲ့တာဖြစ်ပါ တယ်၊ သမီးလတ် အေးသီတာကလည်း မန္တလေးမှာမွေးခဲ့တာဖြစ်ပါတယ်၊ 

စာပေလောကမှာ စာရေး စာအုပ် ထုတ်နေရာက သူငယ်ချင်းဒါရိုက်တာ တက္ကသိုလ်ကိုကိုလေးကိုအကြောင်းပြုပြီး မောင်မိုးသူရုပ်ရှင်လောကကို ရေပွက်ပမာ၊ ရန်ကုန်သားနဲ့မန္တလေးသူ တိုု့ကို ဇာတ်ညွှန်းရေးပေးပြီး ရုပ်ရှင်လောကကိုရောက်လာပါတယ်၊ ရုပ်ရှင်လောကရောက်တော့မှ မောင်မိုးသူက ဇနီးအမာနဲ့ သမီးအေးသီတာတိုု့ကို ရန်ကုန်ခေါ်ထားပါတယ်။ သားကြီးထွန်းမြတ်ဦးကတော့ သူ့အဖွားဆီမှာပဲနေခဲ့ပါတယ်၊ အဲဒီတုန်းက မောင်မိုးသူက ကျောက်မြောင်း အိစာသရ လမ်းမှာနေတာပါ၊ နောက်မှ ရန်ကုန်မြို့ထဲက ၃၁လမ်း အထက်လမ်းက အိမ်နံပါတ် ၁၈၈ တိုက်ခန်း ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်၊ ရန်ကုန်တိုက်ခန်းကို ပြောင်းရွှေ့ပြီးတဲ့အချိန်မှာ မောင်မိုးသူဟာ ရုပ်ရှင်ဒါရိုက် တာအဖြစ် ကျွန်တော့်နာမည်ကျော်ကျော်၊ မှုန်နံ့သာချယ်ကာသပါလို့ ဇာတ်ကားများကိုရိုက်ကူးဖြစ်ခဲ့ပါတယ်၊ မှုန်နံ့သာ ဇာတ်ကားကိုရုံတင်ချိန်မှာ မန္တလေးမှာရှိစဉ်က သားကြီးနှင့်သမီးလတ်ကို မွေးဖွားပေးခဲ့တဲ့ မအမာက ကိုယ်ဝန်အရင့်အမာရှိပြီး မှုန်နံ့သာ ဇာတ်ကားရုံတင်ချိန်မှာ မွေးဖွားဖို့ဖြစ်လာလေတော့ သမီးလေးရလာရင် မှုန်နံ့သာလို့ပေးမယ်လို့ စိတ်ကူးထားပြီး မွေးဖွားလာတဲ့ကလေးက သားငယ်သားလေးဖြစ်လေတော့ သူ့ကို ညီညီမိုးသူလို့ နာမည်ပေးခဲ့ခြင်းဖြစ်ပါတယ်၊

ဒီလို ဒီလိုနဲဲ့ပဲ မောင်မိုးသူမှာ သားသမီးသုံးယောက် မောင်ပန်းသီး၊ အေးသီတာ၊ ညီညီမိုးသူ ၊ မြေးငါးယောက်ဖြစ်တဲ့ ဘုတ်ဘုတ်၊ ဘုံဘုံ၊ ဘိုဘို၊ ဘွန်ဘွန်း၊ ဘန်ဘန်းတို့ဖြစ်ပါတယ်၊ ဒူဘိုင်းမှာနေတဲ့ မြေးအကြီးမက ကိုယ်ဝန်ရှိတော့ ဒူဘိုင်းဆိုတာ သူတို့တိုင်းပြည်မှာ မွေးဖွားတာကိုလက်မခံတဲ့အတွက် မြေးမလေးဘုတ်ဘုတ်ခင်ဗျာမှာ မြန်မာပြည်ပြန်ပြီး ဆရာဦးစိုးလွင်နဲ့မွေးဖွားရပါတယ်၊ ဘုတ်ဘုတ်မွေးတဲ့ ကလေးကတော့ အမြွှာမိန်းကလေးနှစ်ယောက်ဖြစ်ပါတယ်၊ မောင်မိုးသူထံမှာ တစ်နှစ်ထားခဲ့ပြီးမှာ နောက်နှစ် မှပြန်ခေါ်သွားတာဖြစ်ပါတယ်၊ ဘုတ်ဘုတ်ရဲ့မောင် ဘုံဘုံကလည်း နေပြည်တော်မှာ သတင်းထောက်လုပ်ရာက ပိုပိုနဲ့အိမ်ထောင်ကျပြီး ကုလားလေးဆိုတဲ့ မြစ်ကလေးတစ်ယောက်မွေးဖွားပါတယ်၊ ဒါကြောင့်မောင်မိုးသူမှာ သားသမီးသုံးယောက်၊ မြေးငါးယောက်နဲ့ မြစ်သုံးယောက်ရှိနေကြောင်းပါ၊ အားလုံးအားလုံး ရန်ကုန်မှာအတူ နေကြတဲ့ သားငယ်ကလည်း မြောက်ဒဂုံမှာ၊ မောင်မိုးသူ၊ သမီးလတ်နဲ့မြေးဘိုဘိုတို့ကတော့ ၃၁လမ်းအထက် လမ်းမှာနေကြပြီး၊ သားကြီးမောင်ပန်းသီးတို့က ဆန်ဖရန်မှာ ၊ မြေးဘုတ်ဘုတ်နဲ့မြစ်မလေးနှစ်ယောက်က ဒူဘိုင်းမှာ၊ မြေးဘုံဘုံ၊ ပိုပိုနဲ့ မြစ်ကလေးဖြစ်တဲ့ကုလားလေးတို့ကနေပြည်တော်မှာနေကြလေတော့ အားလုံးတကွဲတပြားစီနေကြရကြောင်းပါ။