Breaking News

မာန်သီဟထွန်း – လူချင်းခွဲခြားမှု




မာန်သီဟထွန်း –  လူချင်းခွဲခြားမှု 

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၉
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

Sapiens - 50
လူတော်တော်များများက သူတို့ရဲ့လူ့အဖွဲ့အစည်းဟာ တရားတယ်၊ မျှတတယ်။ တခြားလူ့အဖွဲ့အစည်းတွေသာ မှားယွင်းတဲ့ အူကြောင်ကြောင်သတ်မှတ်ချက်တွေပေါ် အခြေခံကြတာလို့ ကြွေးကြော်ကြပါတယ်။ လူမျိုးရေးခွဲခြားမှုစနစ်ဆိုတဲ့ အယူအဆကို ရှုတ်ချဖို့ ခုခေတ်အနောက်တိုင်းသားတွေ ကျောင်းမှာသင်ရတယ်။ လူဖြူတွေရဲ့အိမ်နီးဝန်းကျင်မှာ လူမည်းတွေနေခွင့်မပြုတဲ့ ဥပဒေတွေ၊ လူဖြူတွေတက်တဲ့ကျောင်းမှာ တက်ခွင့်မပြုတာ ဒါမှမဟုတ် လူဖြူတွေတက်တဲ့ ဆေးရုံမှာ ဆေးကုသခွင့်မပြုတဲ့ လူမျိုးရွေးခွဲခြားမှုတွေ ခုချိန်မှာ သူတို့ကြားရရင် မယုံနိုင်ဖြစ်ပြီး အလန့်တကြားအံ့သြကြတယ်။ ဒါပေမယ့် ဆင်းရဲချမ်းသားကွဲပြားမှုစနစ်ကြောင့် လူဖြူတွေက ပိုဇိမ်ကျတဲ့နေရာတွေမှာ သီးသန့်နေကြတာ၊ ပိုကောင်းတဲ့ တကယ့်ကျောင်းကောင်းဆိုတဲ့နေရာတွေမှာ သီးသန့်တက်ကြတာ ပြီးတော့လည်း ကိရိယာတွေ ပိုခေတ်မှီကောင်းမွန်တဲ့ သီးသန့်ဆေးရုံတွေမှာ ပိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူကြတာကိုတော့ သူ့ဟာသူ မှန်နေတယ် ထင်ကြတာပဲ။ ဒီ ဆင်းရဲချမ်းသာကွဲပြားမှုဟာ အမေရိကန်တွေ၊ ဥရောပသားတွေအတွက် ဘာပြဿနာမဟုတ်တဲ့အပြင် သူ့ဟာသူ အဆင်ပြေနေတာပဲ။ သို့ပေမယ့်လည်း ချမ်းသာတဲ့လူတွေ အများစုဟာ ချမ်းသားတဲ့မိသားစုမှာမွေးဖွားလို့သာ ချမ်းသာကြတာဖြစ်ပြီး ဆင်းရဲသားအများစုဟာ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာလို့သာ ဆင်းရဲကြတာဆိုတာ သက်သေပြလို့ရတဲ့ အချက်အလက်တစ်ခုပါ။

စိတ်မကောင်းစရာကောင်းတာက ရှုပ်ထွေးသိမ်မွေ့တဲ့ လူသားတွေရဲ့ လူမှုအသိုင်းအဝိုင်းတွေဟာ စိတ်ကူးယဉ်အထက်အောက်ခွဲခြားမှုတွေ နှင့် မတရားဖိနှိပ်ဆက်ဆံမှုတွေရှိမှ အလုပ်ဖြစ်တဲ့ပုံစံ ဖြစ်နေတာပါပဲ။ အထက်အောက်ခွဲခြားဆက်ဆံမှုပုံစံတွေ အကုန်လုံးတော့ မတူကြဘူးပေါ့။ တစ်ချို့သော လူ့အဖွဲ့အစည်းတွေက တခြားအဖွဲ့အစည်းတွေထက် ပိုမိုအစွန်းရောက် ခွဲခြားဆက်ဆံကြတာပဲ။ ဒါပေမယ့် ပညာရှင်တွေအနေနဲ့ ဒီလိုမျိုး လူလူချင်းခွဲခြားဆက်ဆံမှုစနစ်ကို လုံးဝစွန့်ပစ်နိုင်တဲ့ လူ့အဖွဲ့အစည်းရယ်လို့ ရှာမတွေ့သေးပါဘူး။ ထပ်ဖန်တလဲလဲပါပဲ.. လူ့အဖွဲ့အစည်းတစ်ခုကို လူသားတွေ စုစည်းတည်ဆောက်ကြတဲ့အခါတိုင်း လက်အောက်ခံ ပြည်သူလူထုကို စိတ်ကူးတွေနဲ့မှန်းဆပြီး အဆင့်အတန်းခွဲခြားတာတွေ အမြဲဖြစ်လာတာပါပဲ။ ဥပမာ.. ရှေးခေတ်ကဆို အထက်တန်းစားလူ၊ သာမန်လူ၊ ကျွန် ဆိုပြီးရှိတယ်။ အမေရိကန်မှာက လူဖြူ နှင့် လူမည်း၊ ရောမခေတ်က အုပ်ချုပ်သူ ပက်ထရီရှန် နှင့် သာမန်လူ ဖလေပီယန်၊ အိန္ဒိယက ဗြဟ္မာဏ ဇတ်မြင့် နှင့် ရှုဒရ ဇတ်နိမ့်၊ ခုနောက်ဆုံး.. ဒီခေတ်ကျတော့ ချမ်းသာသူ နှင့် ဆင်းရဲသား။ ခုလိုမျိုး ခွဲခြားဆက်ဆံမှုအမျိုးမျိုးဟာ သန်းနဲ့ချီတဲ့လူသားတွေကြား လည်ပတ်ဖြစ်ပျက်နေတာကြောင့် တစ်ချို့သောလူတွေဟာ တရားဥပဒေအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရေ ကျန်တဲ့လူတွေထက် ပိုပြီးအဆင့်မြင့်နေပါတော့တယ်။

ဒီအထက်အောက်ခွဲခြားဆက်ဆံမှုစနစ်က အရေးကြီးတဲ့တာဝန်တစ်ရပ်တော့ ထမ်းဆောင်တာ ရှိပါတယ်။ အချင်းချင်းလုံးဝမသိကြတဲ့ တစိမ်းနှစ်ယောက် တစ်ဦးနဲ့တစ်ဦးသိကျွမ်းရင်းနှီးလာဖို့ အချိန်ဘယ်လောက်မှ၊ ဘာမှလုပ်စရာမလိုဘဲ တစ်ဦးကိုတစ်ဦး ဘယ်လိုဆက်ဆံရမလဲဆိုတာ သိစေတာပဲ။ ဂျော့ဂျ်ဘားနတ်ရှောရဲ့ ပစ်ဂ်မာလီယွန် ပြဇတ်မှာဆိုရင် ဟင်နရီ ဟစ်ကင်း က အဲလစ်ဇာ တူးလစ်တဲလ်ကို ဘယ်လိုပြုမူဆက်ဆံရမလဲဆိုတာ သူမနဲ့ တရင်းတနှီးသိကျွမ်းလို့ သိတာမဟုတ်ပါဘူး။ အဲလစ်ဇာ စကားပြောတဲ့ပုံစံကို ကြားလိုက်တာနဲ့ သူမဟာ အောက်တန်းစားကလာပြီး သူလုပ်ချင်ရာ လုပ်လို့ရတယ်ဆိုတာ ဟင်နရီသိတာပဲ။ 

ဥပမာ - ပန်းသည်တစ်ယောက်ကို မြို့စားကတော်တစ်ယောက်အဖြစ် ပုံသွင်းပေးဖို့ အလောင်းအစားလုပ်တဲ့နေရာမှာ အဲလစ်ဇာကို အသုံးခံအဖြစ် အသုံးချတာမျိုးပေါ့။ ပန်းအလှဆိုင်မှာလုပ်တဲ့ ဒီနေ့ခေတ် အဲလစ်ဇာတွေကတော့ တနေ့..တနေ့ ဆိုင်ကိုလာတဲ့ ဒါဇင်နဲ့ချီတဲ့လူတွေကို နှင်းဆီတွေ၊ သစ္စာပန်းတွေ ဘယ်လိုရောင်းရမလဲဆိုတာပဲ သိဖို့လိုတာပါ။ ဆိုင်ကိုလာတဲ့လူ တစ်ဦးချင်းရဲ့ ပန်းကိုဘယ်လိုကြိုက်ပုံ၊ ပိုက်ဆံအိတ်ထဲ ငွေဘယ်လောက်ပါတယ် စတာတွေ မစုံစမ်းနိုင်ပါဘူး။ အဲဒီအစား စျေးဝယ်သူတွေရဲ့ လူမှုသဲလွန်စတွေကိုပဲ သူမကြည့်မှာပါ။ လူတစ်ယောက် ဝတ်စားတဲ့ပုံစံ၊ အဲဒီလူရဲ့အသက်၊ ဒါမှမဟုတ် အဲဒီလူ့အသားအရေ စတာတွေပေါ့။ ဒီလိုနည်းနဲ့ စျေးကြီးတဲ့နှင်းဆီပန်းတွေ အများကြီး အော်ဒါမှာနိုင်တဲ့ စာရင်းစစ်ကုမ္ပဏီတစ်ခုရဲ့ ပါတနာတစ်ယောက်နဲ့ ဒေစီပန်း နည်းနည်းပဲဝယ်နိုင်တဲ့ တောက်တိုမယ်ရကောင်လေးတစ်ယောက်ရဲ့ ခြားနားချက်ကို မြင်မြင်ချင်း ခွဲနိုင်ပါတယ်။

မွေးကတည်းက ပါလာတဲ့မွေရာပါအစွမ်းအစတွေကလည်း လူမှုအဆင့်အတန်းတွေခွဲခြားတဲ့နေရာမှာ အကျုံးဝင်ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုးမွေးရာပါ အစွမ်းအစ၊ အကျင့်စရိုက်တွေ ကွဲပြားမှုဟာ လူတွေဖန်တီးတဲ့အထက်အောက်ခွဲခြားမှုစနစ်မှာ နစ်မြုပ်အသားကျနေပါတယ်။ အဲဒီလိုဖြစ်ပျက်ပုံ ၂ မျိုးရှိပါတယ်။ ပထမတစ်ခုနဲ့ အဦးဆုံးဖြစ်တဲ့အရာကတော့ မွေးရာပါအစွမ်းအစတွေဟာ ပြုစုပျိုးထောင်ပေးမှ တိုးတက်လာတာပါ။ အတယ်လို့ တစ်စုံတစ်ယောက်ဟာ ထူးခြားတဲ့အစွမ်းအစတစ်ခုနဲ့ မွေးဖွားလာတယ်ဆိုရင်တောင်မှ အဲဒီအစွမ်းအစဟာ မြေတောင်မြှောက်မခံရချင်း၊ ပျိုးထောင်မခံရချင်း၊ လေ့ကျင့်ခံမရမချင်း အငုပ်စိတ်တစ်ခု အဖြစ်နဲ့ပဲ ရှိနေမှာပါ။ လူတိုင်း..လူတိုင်း သူတို့ရဲ့အစွမ်းအစကို ပြုစုပျိုးထောင်ခွင့်၊ လေ့ကျင့်တိုးတက်ခွင့်ကို တန်းတူညီအခွင့်အရေး မရကြပါဘူး။ အဲဒီလို အခွင့်အရေး ရ, မရ ဆိုတာ သူတို့နေထိုင်တဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်ကူးယဉ်အထက်အောက်ခွဲခြားမှုစနစ်မှာ ဘယ်အဆင့်အတန်းကနေ သူမွေးဖွားလာသလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ 

ဟယ်ရီပေါ်တာ ဟာ တကယ့်ဥပမာကောင်းပါပဲ။ ထက်မြက်ထူးခြားတဲ့ မှော်မိသားစုကနေ သူဟာ ခွဲခွာခဲ့ရပြီး မသိသာဆိုးဝါးတဲ့ မွေးစား လူသားမိဘတွေဆီမှာ ကြီးပြင်းလာရတော့ ဟော့ဂ်ဝတ်ကျောင်းတော်ကြီးလည်းရောက်ရော ဟယ်ရီခမျာ.. မှော်အတတ်နဲ့ပတ်သက်လို့ ဘာအတွေ့အကြံုမှ မရှိရှာဘူး။ ဟယ်ရီပေါ်တာ ဝတ္ထု ခုနစ်အုပ်မြောက်ကျမှပဲ သူ့စွမ်းအားတွေကို နိုင်နိုင်နင်းနင်းအသုံးပြုနိုင်ပြီး သူ့ရဲ့ထူးခြားတဲ့ အစွမ်းအစတွေအကြောင်း သူသိနားလည်တော့တယ်။

ဒုတိယတစ်ခုကတော့ အစွမ်းအစရှိပုံချင်း တူပေမယ့် အဆင့်အတန်းမတူညီတဲ့ လူတွေဟာ တူညီတဲ့အောင်မြင်မှုတွေ ရကြမှာ မဟုတ်ပါဘူး။ ကစားကွင်းထဲမှာ သူတို့တစ်ဦးချင်စီ ကစားရမယ့် စည်းကမ်းတွေက ကွဲပြားနေမှာကိုး။ ဗြိတိသျှတို့အုပ်ချုပ်တဲ့ အိန္ဒိယမှာ ဇတ်နိမ့်တစ်ယောက်၊ ဗြာဟ္မဏတစ်ယောက်၊ အိုင်းရစ်ကက်သလစ်တစ်ယောက်၊ အင်္ဂလိပ် ပရောတက်စတင့်တစ်ယောက် စတဲ့လူတွေမှာ ထပ်တူညီ ထက်မြက်တဲ့ စီးပွားရေးအမြင်တွေရှိကြတယ်ဆိုပါစို့။ သို့တိုင်အောင် သူတို့အားလုံးချမ်းသာလာဖို့ တန်းတူညီအခွင့်အရေးတွေ ရှိမှာမဟုတ်ပါဘူး။ အဲဒီခေတ်က စီးပွားရေးကစားပွဲတွေဟာ ဥပဒေကန့်သတ်ချက်တွေ၊ တရားမဝင်ဖိနှိပ်မှုတွေအောက်မှာ တဖက်သတ်ဖြစ်နေပြီးသားပါ။

သန့်စင်သော အမေရိကတိုက်
ဒီနေ့ခေတ် အမေရိကတိုက်မှာလည်း လူမျိုးရေးခွဲခြားမှုတွေဟာ စောစောကလိုမျိုး ရုန်းထွက်လို့မရတဲ့ ဝဲသြဃတစ်ခုအဖြစ် ရှိနေဆဲပါ။ ၁၆ ရာစုကနေ ၁၈ရာစုအထိ ဥရောပနယ်ပယ်ချဲ့ထွင်သူတွေက အမေရိကတိုက်က မိုင်းတွင်းတွေ၊ စိုက်ခင်းတွေမှာ အလုပ်လုပ်ဖို့ အာဖရိကကျွန်တွေ သန်းနဲ့ချီ တင်ပို့ခဲ့တယ်။ ဥရောပ သို့မဟုတ် အရှေ့အာရှကနေ မတင်သွင်းဘဲ အာဖရိကတိုက်က ကျွန်တွေတင်သွင်းဖို့ သူတို့ရွေးချယ်ခဲ့တာ အချက် ၃ ချက်ကြောင့် ဖြစ်ပါတယ်။ ပထမအချက်ကတော့ အာဖရိကတိုက်က အမေရိကတိုက်နဲ့ ပိုနီးပါတယ်။ ဒါကြောင့် ဗီယက်နမ်ကနေ ကျွန်တွေတင်ပို့မယ့်အစား ဆီနီဂေါကနေ တင်ပို့တာ အကုန်အကျပိုသက်သာတယ်။

ဒုတိယအချက်ကတော့ အာဖရိတိုက်မှာ အရင်ကတည်းက ရောင်းဝယ်ဖောက်ကားကြတဲ့ ကျွန်ကူးသန်းရောင်ဝယ်ရေးလမ်းကြောင်း ရှိနှင့်ပြီးသားပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဥရောပမှာတော့ ကျွန်ဆိုတာအလွန်ရှားပါးခဲ့တယ်။ သေချာတာကတော့ ငွေဝယ်ကျွန်စနစ်ကို ကကြီးကနေစပြီး တည်ထောင်ဖို့ထက် ရှိနှင့်ပြီးသား ငွေဝယ်ကျွန်စျေးကွက်ကနေ ကျွန်တွေဝယ်တာက အများကြီးပိုလွယ်ကူတယ်ဆိုတာပါပဲ။

တတိယအချက်လည်းဖြစ် အရေးကြီးဆုံးအချက်လည်းဖြစ်တာကတော့ အမေရိကတိုက်က စိုက်ခင်းတွေရှိတဲ့ ဗာဂျီးနီးယားပြည်နယ်၊ ဟေတီ၊ ဘရာဇီးလ် စတဲ့နေရာတွေဟာ ငှက်ဖျားတွေ၊ ငန်းဝါ ငှက်ဖျား(အာဖရိကတိုက်ကနေ အစပြုခဲ့တဲ့) တွေ ထူပြောလှပါတယ်။ အာဖရိတိုက်က လူတွေမှာတော့ မျိုးဆက်ပေါင်းများစွာကြာလာလို့ အဲဒီရောဂါတွေကို ခံနိုင်တဲ့ မျိုးရိုးဗီဇခုခံအား ရှိပါတယ်။ သို့ပေမယ့် ဥရောပတိုက်သားတွေကတော့ အဲဒီရောဂါတွေနဲ့ လုံးဝကယ်ရာမဲ့ဖြစ်ပြီး အစုလိုက်အပြုံလိုက် သေကျေကြတာပဲ။ ဒါကြောင့် စိုက်ခင်းတစ်ခုပိုင်ရှင်တစ်ဦး အနေနဲ့ ဥရောပကကျွန်တွေ၊ စာချုပ်နဲ့လုပ်မယ့် အလုပ်သမားတွေထက် အာဖရိကကျွန်တွေပေါ်မှာ မြှပ်နှံတာ သူ့အတွက် ပိုတွက်ချေကိုက်တာပေါ့။ ဒီနေရာမှာ ဆန့်ကျင်ဘက်ဝိရောဓိသဘော ဖြစ်နေတာကတော့ (ကိုယ်ခံအားနဲ့ပတ်သက်လာရင်) မျိုးရိုးဗီဇအရသာလွန်တဲ့လူတွေက လူမှုအသိုင်းအဝိုင်းမှာ အောက်ခြေကသိမ်ငယ်ရတဲ့လူတွေဖြစ်နေတာပဲ။ အာဖရိကတိုက်သားတွေက ဥရောပတိုက်သားတွေနဲ့ယှဉ်ရင် အပူပိုင်းရာသီဥတုမှာ ပိုသန်မာကြပေမယ့် ဥရောပသားတွေကို အရှင်သခင်တင်ပြီး ကျွန်ခံခဲ့ရတာပဲ။ အခုလို အချက်တွေကြောင့် အမေရိကတိုက်က အလျင်အမြန်ဖွံ့ဖြိုးလာတဲ့ လူ့အဖွဲ့အစည်းအသစ်တွေမှာ အုပ်ချုပ်သူ လူဖြူဥရောပသားတွေ နှင့် အုပ်ချုပ်ခံ လူမည်းအာဖရိကသားတွေအဖြစ် ကွဲပြားသွားပါတယ်။


Sapiens - 51
ဒါပေမယ့် လူတွေက ဘယ်လူမျိုး သို့မဟုတ် ဘယ်ဇာတိကလူကိုတော့ ကျွန်ပြုရတာတော့ဖြင့် သူတို့အတွက် အကျိုးအမြတ်များတယ်လို့ ထုတ်မပြောချင်ကြပါဘူး။ အိန္ဒိယကို တိုက်ခိုက်အောင်မြင်ခဲ့တဲ့ အာရိယန်လူမျိုးတွေလိုပဲ လူဖြူဥရောပသားတွေဟာ အမေရိကတိုက်မှာ စီးပွားရေးအကျိုးအမြတ်တင်ပဲ လိုချင်ခဲ့တာ မဟုတ်ဘူး။ သူတို့ကို ဘာသာတရားကိုင်းရှိုင်းတဲ့၊ တရားမျှတတဲ့၊ ဘက်လိုက်မှုမရှိတဲ့ ဖြောင့်မတ်သူတွေလို့ လူတွေကမြင်ကြဖို့ကိုလည်း လိုချင်ကြပါသေးတယ်။ ဒါကြောင့်ပဲ အခုလို ခွဲခြားဆက်ဆံမှုတွေကို တရားမျှတသယောင်ယောာင်ဖြစ်အောင် ဘာသာရေးဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာ လုပ်ကြံဇတ်လမ်းတွေနဲ့ လုပ်ကြံပြောဆိုကြတော့တာပါပဲ။ ခရစ်ယာန် ဓမ္မပညာရှင်တွေက အာဖရိကသားတွေဟာ သမ္မာကျမ်းစာထဲက နောဧရဲ့သား ဟဲမ်ကနေ ဆင်းသက်လာပြီး သူ့ရဲ့နောင်မျိုးဆက်တွေ ကျွန်တွေဖြစ်ပါစေလို့ အဖေဖြစ်သူရဲ့ ကျိန်စာတိုက်တာခံခဲ့ရတယ်လို့ ဆိုတယ်။ ဇီဝဗေဒပညာရှင်တွေကတော့ လူမည်းတွေဟာ လူဖြူတွေထက် ဉာဏ်ရည်ပိုနိမ့်ပြီး ကိုယ်ကျင့်တရားပိုင်းမှာလည်း ပိုနိမ့်ပါးကြတယ်လို့ ပြောတယ်။ ဆရာဝန်တွေကဆို လူမည်းတွေဟာ ညစ်ပတ်စွာနေထိုင်ကြပြီး ရောဂါတွေကို ပြန့်ပွားစေသူတွေပါလို့ စွပ်စွဲတဲ့အထိပါပဲ။ နောက်တနည်းနဲ့ပြောရရင် လူမည်းတွေဟာ လူတွေအတွက် ညစ်ညမ်းမှု အရင်းအမြစ်တွေ်ပါလို့ ပြောလိုက်တာပါပဲ။

ခုလိုမျိုး လုပ်ကြံဇတ်လမ်းတွေဟာ အမေရိကတိုက်ရဲ့ ယဉ်ကျေးမှု၊ အနောက်တိုင်းယဉ်ကျေးမှုထဲမှာ ထဲထဲဝင် စွဲနစ်နေခဲ့ပါတယ်။ ကျွန်စနစ်ကို ဖြစ်စေခဲ့တဲ့အခြေအနေ ၊ ကျွန်စနစ် ပျောက်ကွယ်သွားပြီး အခြေအနေမှာတောင် စောစောက လုပ်ကြံဇတ်လမ်းတွေရဲ့ လွှမ်းမိုးမှုဟာ ရှိနေတုန်းပါပဲ။ ၁၉ ရာစုအစောပိုင်း ဗြိတိသျှအင်ပါယာမှာ ကျွန်စနစ်ကို တရားမဝင်ကြောင်း ကြေငြာလိုက်ပြီး အတ္တလန္တိတ်ကျွန်ကုန်ကူးမှုကို ရပ်ဆိုင်းခဲ့တယ်။ နောက်ဆယ်စုနှစ် အနည်းငယ်ကြာတဲ့အခါမှာလည်း အမေရိကတိုက်တဝှမ်းလုံးမှာ ကျွန်စနစ်ကို တဖြည်းဖြည်း ဖျက်သိမ်းခဲ့တယ်။ သတိပြုစရာက သမိုင်းတလျှောက် ကျွန်တွေကိုပိုင်ဆိုင်တဲ့ လူ့အဖွဲ့အစည်းတွေက ကြည်ကြည်ဖြူဖြူနဲ့ ကျွန်စနစ်ကို ဖျက်သိမ်းလိုက်တာ ဒါဟာ ပထမဆုံးအကြိမ် နဲ့ တစ်ခုတည်းသောအကြိမ် ဖြစ်ပါတယ်။ ကျွန်တွေဟာ လွတ်လပ်သူတွေဖြစ်သွားကြပေမယ့် ကျွန်စနစ်ဟာတရားကြောင်း ကြွေးကြော်ထားတဲ့ လူမျိုးရေးခွဲခြားလုပ်ကြံဇတ်လမ်းတွေကတော့ အခိုင်အမာ အမြစ်တွယ်တည်ရှိနေဆဲပါ။ ဒါကြောင့် လူမျိုးရေးခွဲခြားမှုဆိုတဲ့အရာဟာ အသားရောင်ခွဲခြားတဲ့ဥပဒေ၊ လူမှုကန့်သတ်ချက် ဆိုတဲ့ပုံစံတွေနဲ့ ဆက်လက်ဖြစ်ပျက်တည်ရှိနေခဲ့ပါတယ်။


ရလဒ်ကတော့ ကိုယ့်ရှုးကိုယ်ပတ် သံသရာဝဲသြဃထဲမှာ ရုန်းမထွက်နိုင်ဘဲ ပိတ်မိတာပါပဲ။ ဥပမာ အမေရိကန် ပြည်တွင်းစစ်ပြီးခါစ တောင်ပိုင်းပြည်နယ်တွေကို ကြည့်ပါ။ ၁၈၆၅ ခုနှစ်က အမေရိကန်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုက ကျွန်စနစ်ကို တရားမဝင်ကြောင်းကြေငြာခဲ့ပြီး ၁၄ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုက ဘယ်လူမျိုးကိုမဆို နိုင်ငံသားပေးအပ်ပြီး တရားဥပဒေရဲ့အကာအကွယ်ကို တန်းတူညီရရှိဖို့ ပြဋ္ဌာန်းထားပါတယ်။ သို့ပေမယ့်လည်း နှစ်ပေါင်း ၂၀၀ ကျော် ကျွန်တွေအဖြစ်နဲ့ပဲ ရှိခဲ့တော့ လူမည်းမိသားစုတော်တော်များများဟာ လူဖြူမိသားစုတွေထက် အများကြီး ပိုဆင်းရဲ၊ ပညာမဲ့ ခဲ့ကြတယ်။ ၁၈၆၅ ခုနှစ်က အယ်လ်ဘားမားပြည်နယ်မှာမွေးတဲ့ လူမည်းတစ်ယောက်ဟာ သူ့အိမ်နီးချင်း လူဖြူတစ်ယောက်နဲ့ယှဉ်ရင် ကောင်းမွန်တဲ့ပညာရေးရဖို့၊ လစာကောင်းတဲ့အလုပ်ရဖို့ဆိုတာ အခွင့်အရေးအများကြီး ပိုနည်းပါးပါတယ်။ ၁၈၈၀၊ ၁၈၉၀ ဝန်းကျင်မှာ သူ့သားသမီးတွေ မွေးဖွားလာရင်လည်း သူတို့ရဲ့ဘဝကို သူတို့အဖေတွေလိုမျိုး အားနည်းချက်တွေနဲ့ပဲ ဘဝကို စတင်ရမှာပါ။ ပညာမတတ်၊ ဆင်းရဲတဲ့ မိသားစုမှာပဲ လူဖြစ်လာကြတာကိုး။

စီးပွားရေး ချို့တဲ့မှုဆိုတဲ့ အားနည်းချက်တစ်ခုတည်းနဲ့ ဒီဖြစ်ကြောင်းကုန်စင်ကို မသိနိုင်ပါဘူး။ အယ်လ်ဘားမားပြည်နယ်မှာဆို ချမ်းသားကြွယ်ဝတဲ့ တခြားလူဖြူတွေလို ဘာအခွင့်အရေးမှ မရှိဘဲ ဆင်းရဲမွဲတေတဲ့ လူဖြူမိသားစုတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒါအပြင့် စက်မှုထုတ်လုပ် ပြောင်းလဲမှုကြီးကြောင့် အမေရိကန်ကို ရွေ့ပြောင်းအခြေချသူတွေ တစ်သုတ်ပြီးတစ်သုတ် ရောက်လာခဲ့တယ်။ အဲဒါကြောင့် အမေရိကန်ဟာ လူမျိုးပေါင်းစုံရောမွေထူထပ်ခဲ့ပြီး အမှိုက်တွေရောင်းပြီး မြန်မြန်ချမ်းသာနိုင်တဲ့အခြေအနေရှိခဲ့တယ်။ တကယ်လို့ ငွေကြေးစီးပွားရေးကြောင့်သာ ခုလိုဖြစ်နေတာဆိုရင် လူဖြူ လူမည်းကြားက ကွဲပြားခြားနားမှုဟာ ခုချိန်လောက်ဆို မှိန်ဝါးသွားသင့်ပါပြီ။ တခြားအရာတွေကြောင့်မှ မဟုတ်ရင်တောင် အနည်းဆုံးတော့ လူဖြူ၊လူမည်းကြား ရောနှော လက်ထပ်ကြတာနဲ့တင်ပေါ့။

ဒါပေမယ့် အဲဒီလို ဖြစ်မလာပါဘူး။ ၁၈၆၅ ခုနှစ်လောက်လည်းကျရော လူဖြူတွေ အမှန်တရားတစ်ခုလို ယူဆတာတဲ့ (လူမည်းတော်တော်များများကလည်း ယုံကြပါတယ်) လူမည်းတွေဟာ လူဖြူတွေလောက် ဉာဏ်ရည်မရှိဘူး။ သူတို့ဟာ ပိုမို ကြမ်းတမ်းခက်ထန်တဲ့အပြင်၊ လိင်ဆိုင်ရာ စောင့်စည်းခြင်းလည်း မရှိကြဘူး။ ပိုအပျင်းကြီးပြီးတော့ တကိုယ်ရေသန့်ရှင်းမှုလည်း လူဖြူတွေလို ဂရုမစိုက်ကြဘူး။ ဒါကြောင့် လူမည်းတွေဟာ အကြမ်းဖက်မှု၊ ခိုးမှု၊ မုဒိမ်းမှု၊ ရောဂါဘယ ပေါင်းစုံရဲ့ ကိုယ်စားလှယ်.. တစ်နည်းအားဖြင့် လူ့အညစ်အကြေးတွေလို့ သတ်မှတ်ကြတာပါပဲ။ တကယ်လို့ ၁၈၉၅ ခုနှစ် အယ်လ်ဘားမားက လူမည်းတစ်ယောက်ဟာ ဘုရားသိကြားမလို့ ပညာတတ်တစ်ယောက် ဖြစ်သွားတယ်ဆိုပါစို့။ ဒါနဲ့ပဲ လူတကာလေးစားရတဲ့ ဘဏ်စာရေးလိုမျိုး အလုပ်တစ်ခု သူလျှောက်မယ်။ သို့တိုင်အောင် တခြားသူနဲ့တန်းတူပညာရေးရှိတဲ့ လူဖြူတစ်ယောက်နဲ့ယှဉ်လိုက်ရင် အဲဒီအလုပ်ကို သူရနိုင်မယ့်အခွင့်အလမ်းဟာ အလွန်ဆိုးဝါး နည်းပါးသွားပါလိမ့်မယ်။ လူမည်းတွေဟာ ပင်ကိုသဘာဝကိုက ယုံကြည်လို့မရဘူး၊ အပျင်းထူတယ်၊ ဉာဏ်မရှိဘူးဆိုတဲ့ အမည်းစက်ကြီးကြောင့် သူ့ကို ဖယ်ကျဉ်ထားကြမှာပါ။

ခုလို အမည်းစက်တွေဟာ လုပ်ကြံဖန်တီးမှုတွေသာ ဖြစ်ပြီး အမှန်တွေမဟုတ်ဘူးဆိုတာ အချိန်ကြာလာရင် လူတွေသိလာမှာပဲလို့ ခင်ဗျားထင်ရင်ထင်မယ်။ လူမည်းတွေကလည်း လုပ်ရည်ကိုင်ရည်ရှိတာ၊ တရားဥပဒေကို လိုက်နာတာ၊ တစ်ကိုယ်ရေသန့်ရှင်းတဲ့ နေရာတွေမှာ လူဖြူတွေနဲ့တန်းတူရှိကြောင်း အချိန်ကြာလာရင် သက်သေပြလာကြမှာပဲလို့ ထင်ရတယ်။ ဖြစ်ချင်တော့ ခုလိုမျိုး လူမည်းတွေကို မလိုမုန်းထား တဖတ်သတ် အထင်သေးတာတွေဟာ အချိန်တွေ ကြာလာတာနဲ့အမျှ ပိုနက်ရှိုင်းလာခဲ့တာပါပဲ။ အလုပ်အကိုင်ကောင်းတွေအားလုံးကို လူဖြူတွေကပဲ လုပ်ကိုင်နေတော့ လူမည်းတွေဟာ တကယ်ပဲ ပိုယုတ်နိမ့်ကြပါတယ်လို့ ယူဆရတာ ပိုလွယ်ကူလာတယ်။ သာမန်လူဖြူတစ်ယောက်ကပြောမယ်.. “ကဲကြည့်.. လူမည်းတေ ွလွတ်လပ်လာတာ မျိုးဆက်နဲ့ချီကြာပေါ့။ ဒါတောင် ခုထက်ထိ လူမည်းပါမောက္ခတွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေ၊ ဘဏ်စာရေးတွေ ဘယ်မှာရှိလို့လဲ။ အဲဒါဟာ လူမည်းတွေဟာ ဉာဏ်မကောင်းတဲ့အပြင် အပျင်းပါထူကြတယ်ဆိုတဲ့ သက်သေမဟုတ်လို့လား။” ဆင်းရဲမွဲတေမှုသံသရာစက်ဝန်းထဲ ချောင်ပိတ်မိနေတော့ လူမည်းတွေမှာ လစာကောင်းတဲ့အလုပ်တွေ လုပ်ခွင့်မရကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ဉာဏ်မကောင်းတဲ့လူတွေလို့ ယူဆကြတာကိုး။ ပြီးတော့ လစာကောင်းတဲ့အလုပ်တွေမှာ လူမည်းတွေမရှိတာကိုက လူဖြူတွေနဲ့ယှဉ်လိုက်ရင် သူတို့က ပိုနိမ့်ကျနေတယ်ဆိုတဲ့ သက်သေ သာဓကပါပဲ။

ဒီဆင်းရဲမှု သံသရာဝဲကြီးဟာ ဒီမှာတင်မရပ်ပါဘူး။ လူမည်းတွေကိုမုန်းတီးတဲ့ အမည်းစက်ကြီးလာတာနဲ့အမျှ ဒီအမည်းစက်တွေဟာ ‘ဂျင်မ်ခရိုး ဥပဒေ’ တွေ ဖြစ်လာခဲ့ပါတယ်။ ဒီဥပဒေ ကန့်သတ်ချက်တွေကြောင့် လူမျိုးရေးခွဲခြားမှုတွေဟာ ဆက်လက်တည်မြဲနေခဲ့ပါတယ်။ ရွေးကောက်ပွဲတွေမှာ လူမည်းတွေ မဲပေးခွင့်ကို တားမြစ်ထားပါတယ်။ လူဖြူတွေတက်တဲ့ကျောင်းမှာ တက်ဖို့၊ လူဖြူတွေဝယ်တဲ့စတိုးဆိုင်မှာ စျေးဝယ်ဖို့၊ လူဖြူစားသောက်ဆိုင်မှာ စားသောက်ဖို့၊ လူဖြူတွေရဲ့ဟိုတယ်မှာ တည်းခိုဖို့ စတာတွေကို တားမြစ်ထားတယ်။ လူမည်းတွေဟာ ညစ်ပတ်ပျင်းရိပြီး နံစော်ကြတဲ့အတွက် သူတို့လိုလူတွေကနေ လူဖြူတွေကို ကာကွယ်ဖို့အတွက် ခုလိုတားမြစ်ချက်တွေအားလုံး တရားမျှတပါတယ်။ လူဖြူတွေကလည်း ရောဂါဘယတွေကို ကြောက်လို့ လူမည်းတွေ တည်းတဲ့ဟိုတယ်မှာ မတည်းချင်သလို၊ လူမည်းတွေစားတဲ့ စားသောက်ဆိုင်မှာလည်း မစားချင်ပါဘူး။ သူတို့သားသမီးကိုလည်း လူမည်းသားသမီးတွေနဲ့အတူ ပညာမသင်ယူစေချင်ပါဘူး။ အကြမ်းဖက်ခံရမှာ၊ အကျင့်ဆိုးတွေကူးကုန်မှာ စိုးလို့ပါ။ လူမည်းတွေကို ရွေးကောက်ပွဲမှာ မဲပေးခွင့် မပြုစေချင်ကြပါဘူး ဘာကြောင့်ဆိုလဲတော့ လူမည်းတွေက ကိုယ်ကျင့်တရားမရှိတဲ့အပြင် တုံးအကြတာကိုး။ ခုလိုမျိုး ကြောက်ရွံ့စိုးရိမ်မှုတွေအားလုံးဟာ သိပ္ပံစာတမ်းတွေအရ သက်သေပြထားသယောင်ဖြစ်လို့ ခိုင်လုံနေသလိုပါပဲ။ လူမည်းတွေဟာ တကယ်ပဲ ပညာပိုမတတ်ကြဘူး။ သူတို့ကြားမှာ ရောဂါဘယတွေ ပိုထူပြောတယ်။ သူတို့ရှိတဲ့နေရာတွေမှာဆို ရာဇဝတ်မှုတွေ ပိုများပြားတယ် (လူမည်းတွေကို ခွဲခြားဆက်ဆံမှုတွေရှိတာကြောင့် ခုလိုမျိုး အချက်အလက်တွေ ဖြစ်လာတာကိုတော့ အဲဒီစာတမ်းတွေက လျစ်လျူရှုထားပါတယ်)။

၂၀ ရာစု အလယ်ပိုင်းလည်းရောက်ရော ဒီလူဖြူလူမည်းခွဲခြားမှုဟာ ၁၉ရာစုနှောင်းပိုင်း ယခင်တောင်ပိုင်းပြည်နယ်တွေမှာဖြစ်ခဲ့တဲ့ လူဖြူလူမည်းခွဲခြားမှုထက် ပိုဆိုးဝါးနေခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မစ္စစပီတက္ကသိုလ်ကို ဝင်ခွင့်လျှောက်ခဲ့တဲ့ ကလီနွန်ကင်းဆိုတဲ့ လူမည်းကျောင်းသားတစ်ဦးဟာဆိုရင် အတင်းအဓမ္မပဲ အရူးဆေးရုံကို အပို့ခံခဲ့ရပါတယ်။ အဲဒီအမှုကို စီရင်ခဲ့တဲ့ တရားသူကြီးက လူမည်းတစ်ယောက်ဟာ မစ္စစပီတက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရမယ်လို့ ထင်နေတာ တကယ်အမှန်အကန်ကို ရူးနေလို့ပဲဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။

ဘာသာပြန် - မာန်သီဟထွန်း

စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..
ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://www.emaze.com/@AOTICZRL
https://en.wikipedia.org/wiki/Jim_Crow_laws
https://www.papermasters.com/racial-segregation.html


ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://medium.com/…/the-ku-klux-klan-loves-more-than-it-ha…
https://www.reddit.com/…/the_difference_between_young_and_…/
https://schoolworkhelper.net/pygmalion-transformation-of-e…/