Breaking News

လင်းဝေး - မန္တလေး

www.mutualart.com,ArtworkGateway to Mandalay
မန္တလေး
လင်းဝေး
(မိုးမခ) အောက်တိုဘာ ၂၀ ရက်  ၂၀၁၉

မန္တလေးတဲ့ 
"ရုယဲ့ကစ်ပလင်"ကပြောခဲ့တယ် သိပ်လှတဲ့
ဂရိဒဏ္ဍာရီထဲက ဖီးနစ်ငှက်ပါတဲ့
ရှမ်းရိုးမတောင်စွယ်ကြားမှာ
မြူခိုးတွေရဲ့ ငိုသံ ကြားလိုက်ရတယ်

ခြသေ့င်္ကြီးနှစ်ကောင်ဟာ
အဆိပ်မရှိတော့သလို သားကောင်ကို ခုန်အုပ်ဖို့
ခွန်အားတွေမဲ့နေတယ် ထင်ပါရဲ့ 
တိတ်ဆိတ်ငြိမ်သက်လို့ 

လှပတဲ့ပေါင်တံညိုညိုနဲ့ ဧရာဝတီ အပျိုမလေးဟာ
ယန်စီရဲ့သွေးနှောခြင်းခံရလို့ သွေးသားအရင်းဖြစ်တဲ့
ငါ့ကိုတောင်မမှတ်မိတော့ဘူး
ငါဝမ်းနည်းမိတယ်

သမိုင်းကိုမအအောင် ကုသိုလ်တော်နဲ့ 
ဦးခန္တီကျောက်စာ ငါသွားသင်တယ်
ရလာခဲ့တဲ့သင်ခန်းစာဟာ
နာကျည်းချက်မဲ့ ဒဏ်ရာတွေသာဖြစ်တယ်
ငါ့ကိုငါ အံ့သြမိပေါ့

မန္တလေး ရေ...
ဂေါဝိန်ဆိပ်ကမ်းက မင်းနှစ်ပါးပါတော်မူခန်းဟာ
ရွှေကျောင်းကြီးကမျက်ရည်ကျတယ်
နန်းမြို့ရိုးနဲ့ ကျုံးဟာ တောက်ခေါက်တယ်
သုဓမ္မာဇရပ်တန်းကို စာအံသံတိတ်စေတယ်

 မန္တလေး...တဲ့
သိပ်အလှမ်းမဝေးသေးတဲ့ အတိတ်ရဲ့ အရိပ်မှာ
 မွဲပြာကျနေတဲ့ မြိုသူမြို့သားတွေ
သက်သေအဖြစ်တည်လို့ 

ခန့်ငြားငြား သပ်သပ်ရပ် ကျော့ကျော့ မော့မော့ 
ဝတ်ဆင်ထားတဲ့ သမိုင်းဟာ သူ့ကိုသူမေ့လို့

သမိုင်းဟာ
အတုန်းအရုန်းလဲပြိုသွားခဲ့ပြီ
စျေးချိုနာရီစင်ဟာ
ခုထိနာကျင်စွာအော်မြည်နေတုန်း ။ ။

-
မှတ်ချက် ။ သမိုင်းကို မအအောင်သင်
ဒေါက်တာသန်းထွန်းရဲ့စာသားဖြစ်ပါသည် ။