Breaking News

ဇင်လင်း ● အပြန်အလှန် ယုံကြည် နားလည်မှုရှိမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်

ဇင်လင်း ● အပြန်အလှန် ယုံကြည် နားလည်မှုရှိမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်
(မိုးမခ)  အောက်တိုဘာ ၁၉၊ ၂၀၁၉

မြန်မာပြည်သူလူထု မျှော်လင့်နေသော ငြိမ်းချမ်းရေးဆုလာဘ်ကြီးသည် ကြာလေဝေးလေ ဖြစ်နေပြီလားဟု ပြည်သူများ အကြား ယုံကြည်မှုကျဆင်းစ ပြုနေသည်။ ယခု အောက်တိုဘာ ၁၅ ရက်တွင် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၄ နှစ် မြောက်ပြီ ဖြစ်သည်။ သို့သော် NCA တွင် အားလုံးပါဝင်လက်မှတ်ထိုးခွင့် အလားအလာမှာ မှေးမှိန်နေဆဲ ဖြစ်သည်။ စက်တင်ဘာ ၂၁ ရက်က တပ်မတော်၏ ၉-လကြာ အပစ်ရ့ပ်သက်တမ်း ကုန်ဆုံးခဲ့သည်။ ထို့နောက် တပ်မတော်က အပစ်ရပ်သက်တမ်း ထပ်မံတိုးခြင်း မလုပ်တော့ပေ။ တအာင်းအဖွဲ့(TNLA)၊ကိုးကန့်အဖွဲ့(MNDAA) နှင့် ရခိုင်အဖွဲ့(AA) တို့၏ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အပြုသဘောမဆောင်တော့၍ အပစ်ရပ် သက်တမ်း နောက်ထပ်မတိုးတော့ဟု စက်တင်ဘာ ၂၈ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော်က အပစ်ရပ် ကြေညာခဲ့သည့်  ၉ လအတွင်း ကချင်ပြည် နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ အပါအဝင် တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခု အတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားမှု ၂၂၂ ကြိမ်၊ တိုင်းရင်းသား အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှု ၄၅ ကြိမ်အထိ ရှိကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီကပြောခဲ့ သည်။ ယင်းအခြေအနေကို ထောက်ရှု၍ နိုင်ငံရေးစောင့်ကြည့်အကဲခတ်များက ငြိမ်းချမ်းရေးကိုမဆိုထားနှင့် အပစ်အခတ် ရပ်စဲရေး တပြေးညီရရှိရန်ပင် မလွယ်ကူနိုင်ဟု သုံးသပ်ကြသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက်၆နာရီခန့်က ရှမ်းပြည်မြောက်ပိုင်း သိန္နီ မြို့အလယ် သိန္နီဈေးအနီးတွင် တပ်မတော် စစ်ကြောင်း ဖြတ်သန်းနေစဉ် ပလောင်(တအောင်း) အမျိုးသားလွတ်မြောက်ရေး တပ်(TNLA) က ကြားဖြတ်တိုက်ခိုက်ခဲ့ သည်ဟု ဆိုသည်။ တပ်မတော်ဘက်မှ ၃ ဦးကျဆုံး၍ အရပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီသတင်း၌ ဖေါ်ပြ သည်။ သိန္နီမြို့ အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “အထိအခိုက်က ဒေသခံ ၇ ဦးရှိ ပါတယ်။ စိုးရိမ်ရတဲ့အခြေအနေရှိတဲ့ သူတော့ မရှိသေးပါဘူး။ သူတို့ကို လတ်တလော ထောက်ပံကြေး တသိန်း ပေးထား ပါတယ်။ တပ်မတော်သားတွေကတော့ ၃ ဦး ကျဆုံးတယ်။” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးဦးစီးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း TNLA လက်နက် ကိုင် ၅၀ ခန့်သည် သိန်းနီမြို့တွင်းရှိ အဆောက်အဦများကို အကာကွယ်ယူ၍ တပ်မတော် ယာဉ်တန်းကို ပစ်ခတ်ခြင်းဖြစ် ကြောင်း တပ်မတော်ဘက်မှ ကျဆုံး ဒဏ်ရာရသူများ ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ မည်သည့် ဘက်က ကျဆုံး သည်ဖြစ်စေ နစ်နာသူမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ပင်ဖြစ်သည်။ ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးစားပွဲဝိုင်း ပေါ် တွင် မဖြေရှင်းနိုင်သဖြင့် မြေစာပင် လူငယ်လူရွယ် စစ်သားများ တိုက်ပွဲအတွင်း သေဆုံးနေကြရသည်။ နိုင်ငံအတွက် အဖိုးတန် လူသားအရင်းအမြစ်များ ဆုံးရှုံးနေရခြင်ဖြစ်သည်ကို စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များ သတိချပ်စေလိုသည်။

လက်ရှိ အခြေအနေသည် နိုင်ငံရေးသဘောကွဲလွဲမှုများကို စစ်ရေးနည်းဗျူဟာ အမြင်ဖြင့် ဖြေရှင်းနေသည်ဟု မြင်တွေ့ နေရသည်။ စိတ်ရှည်သည်းခံကာ အပြန်အလှန်လေးစားမှုဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရမည့်အစား လက်နက်အားကိုး အနိုင်ယူလိုစိတ် လွှမ်းမိုးနေသောကြောင့် နိုင်ငံနှင့် ပြည်သူတို့ စစ်ဘေးဒုက္ခ သံသရာ၌ တဝဲလည်လည် ဖြစ်နေရသည်။ တပ်မတော်အနေဖြင့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs) အား စစ်ရေးဖိအားပေးသည့်နည်းဖြင့် လက်နက်ချခိုင်း နေခြင်းသည် မှားယွင်းသည့် မူဝါဒ ဖြစ်သည်။ စစ်ရေးဖိအားပေးမှုက အမျိုးသားရင်ကြားစေ့ရေး ပျက်ပြားစေရုံမက  အမုန်း တရား ကြီးထွားလာစေပြီး၊ လက်စားခြေရေး အမြင်ဖြစ်ပေါ်လာစေသည်။ အစိုးရအနေဖြင့် မိမိ၏ ငြိမ်းချမ်းရေး မူဝါဒ လမ်းစဉ်ကို တပ်မတော် ခေါင်းဆောင်များအကြား ယုံကြည်လက်ခံလာအောင် ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်း သင့်သည်။ ပြည်သူတို့အမြင်တွင် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒနှင့် တပ်မတော်၏ မူဝါဒလမ်းစဉ် နှစ်ရပ်အကြား ကွဲလွဲမှု အချို့ရှိနေသည်ဟု ထင်မြင်နေကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖေါ်ဆောင်ကြရာ၌ အစိုးရ၏ မူဝါဒနှင့် ကတိကဝတ်များ ကို တပ်မတော်ကလည်း လက်ခံစောင့်ထိန်းလျှက်ရှိကြောင်း သက်သေပြမှသာ EAOs အဖွဲ့များက ယုံကြည်နိုင်ပေမည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စ၊  တပ်မတော် တစ်ခုထဲ ထားရှိရေး ကိစ္စများကို ညီလာခံတွင် ထည့်သွင်း ဆွေးနွေးခဲ့ပြီးနောက်၊ EAOs များနှင့် အစိုးရ တပ်မတော်တို့အကြား အပြန်အလှန် ယုံကြည်မှု ကျဆင်းလာခဲ့သည်။ ငြိမ်းချမ်းရေးကိစ္စတွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ရာတွင် NCA စာချုပ်ပါ သဘောတူညီချက်များကို လက်ခံ လိုက်နာရေးသည် ပဓါနကျင့်ဝတ်ဖြစ်သည်။

အစိုးရ၏ သဘောထားအယူအဆ (သို့မဟုတ်) နိုင်ငံရေးမူဝါဟု ဆိုနိုင်သည့် ဖေါ်ပြချက်အချို့ကို “(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ” တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၏ ဆွေးနွေးချက်တွင် တွေ့ရသည်။  (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၏ ပဉ္စမနေ့အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် ၌ကျင်းပခဲ့သည်။ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်၍ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း တွေ့ရသည်။ ပြည်ထောင်စုဝန်ကြီးက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အရည်အသွေးမြင့် ပညာရေး ဖော်ဆောင်မှု၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းမှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေ‌သော အခြေအနေများအား ဖြေရှင်းရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိပေးပြောကြားခဲ့သည်။

ဦးကျော်တင့်ဆွေ က “မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလျက်ရှိရာမှာ ပြည်တွင်းပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြုလုပ်လျက်ရှိပါတယ်။ ရေရှည်တည်တံ့ပြီး၊ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးမှုဆီသို့ ဦးတည် လျက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ခရီးလမ်းကြောင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ ယှဉ်တွဲပါဝင် နေပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ ဒီမိုကရေစီအုပ်ချုပ်မှုမှာ အခြေခံကျတဲ့ မူဝါဒတစ်ခုအဖြစ် ကျွန်တော်တို့က ရှုမြင်ပါတယ်။ အစိုးရနဲ့ ဥပဒေပြု လွှတ်တော်တို့အနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွား ဖော်ဆောင်နိုင်စေဖို့အတွက် ဥပဒေတွေကို ပွင့်လင်းမြင်သာမှုရှိစေဖို့နဲ့ ဥပဒေရဲ့ ရှေ့မှောက်မှာ အားလုံးတန်းတူညီမျှ ဖြစ်စေဖို့ ဆောင်ရွက်လျက်ရှိပါ တယ်။ နိုင်ငံတစ်ဝန်းမှာ သဟဇာတရှိမှုနဲ့ တရားမျှတမှုတို လွှမ်းမိုး စေဖို့အတွက် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ တရားရုံးများ သီးခြားလွတ်လပ်ခွင့် ပိုမိုရှိစေရေးနဲ့ တရားစီရင်မှုတွေ ပွင့်လင်းပြီး မျှတမှုရှိစေရေးတို့အတွက်လည်း စီမံဆောင်ရွက်လျက် ရှိပါတယ်။”  ဟု နိုင်ငံတကာ စင်မြင့်တွင် ပြောကြားသွားသည်။

ဦးကျော်တင့်ဆွေ၏ ပြောကြားချက်များသည် အလွန်ဖြစ်သင့်သော အစိုးရ၏ မူဝါဒလမ်းစဉ်ဟု ဆိုရမည်။ သို့သော် ထို အမြင် အယူအဆများကို တပ်မတော်ခေါင်းဆောင်ပိုင်းက သဘောတူညီမှု ရှိ/မရှိ ဆိုသည်ကို ပြည်သူများက စောကြော နေကြသည်။ အထူးသဖြင့် ဥပဒေ၏ ရှေ့မှောက်တွင် အားလုံးတန်းတူညီမျှ ဖြစ်စေရေး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသော်လည်း မြေပြင်အခြေအနေ၌ တရားဥပဒေစိုးမိုးရေး ဖရိုဖရဲဖြစ်နေသဖြင့် ပြည်သူတို့ ဘဝင်မကျနိုင် ဖြစ်နေသည်။ ထို့ပြင် သဟဇာတရှိမှုနှင့် တရားမျှတမှု လွှမ်းမိုးစေရန် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တရားရုံးများ သီးခြားလွတ်လပ် ခွင့် ပိုမိုရှိစေရေးအတွက်  တရားစီရင်မှုများ ပွင့်လင်းမြင်သာ၍ မျှတမှုရှိစေရေးကိုလည်း စီမံဆောင်ရွက်နေသည်ဟု ဆို သည်။ သို့သော် လက်တွေ့မြေပြင်တွင် တရားဥပဒေ၏ အထက်၌ လက်မည်းများရှိနေဆဲဟု ပြည်သူတို့က ယူဆနေ သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း တရားဥပဒေစိုးမိုးမှု ယိုယွင်းနေသည့် အခြေအနေကို တည့်မတ်ပေးရန် ဆွေးနွေးမှုများ ရှိခဲ့သည်။

ထို့ပြင် ဦးကျော်တင့်ဆွေက “မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ရာ နိုင်ငံတနိုင်ငံဖြစ်ပြီး နှစ်ပေါင်းရှည်ကြာ တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသမိုင်းကြောင်းလည်း ရှိနေပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဟာ ကျွန်တော်တို့ အစိုးရရဲ့ အဓိကဦးစားပေးဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၃) ကြိမ် မှာ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်မှာ ပါဝင်မယ့် အခြေခံမူ (၅၁) ချက်ကို ချမှတ်ခဲ့ပါတယ်။ ဒီသဘောတူ စာချုပ်ဟာ လုံခြုံမှု၊ သာယာဝပြော မှု၊ ငြိမ်းချမ်းမှုနဲ့ အမျိုးသားသဟဇာတဖြစ်မှုတွေကို အာမခံပေးနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်စေမှာပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၀) ဖွဲ့ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီသဘောတူစာချုပ်ရဲ့ လွှမ်းခြုံနိုင်မှုကို မကြာသေးမီက တိုးချဲ့နိုင်ခဲ့ပေမယ့်  လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့အားလုံး ပါဝင်လာနိုင်ရေးအတွက် ရှေ့ဆက်ပြီး များစွာ ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေရှိနေသော်ငြား စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ် လျက် ရှိပါတယ်။ အောင်မြင်တဲ့ ရလဒ်ဖြစ်ပေါ်လာဖို့အတွက် အဖွဲ့အားလုံးရဲ့ ဖြေလျှော့မှု၊ လိုက်လျောမှု၊ စိတ်ရှည်မှုအပြင် မိတ်ဆွေများရဲ့ ဆက်လက် အားပေးကူညီမှုများလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မတူကွဲပြားတဲ့အမြင်တွေကို ဆွေးနွေးမှု၊ ညှိနှိုုင်းမှု နည်းလမ်းများနဲ့ ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဒါမှသာ အပြန်အလှန် ယုံကြည်နားလည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။”  ဟု ဆက်လက် တင်ပြခဲ့ကြောင်း တွေ့ရသည်။

ဦးကျော်တင့်ဆွေ၏ ကုလသမဂ္ဂစင်မြင့်တွင် ပြောကြားချက်များသည် အစိုးရ၏ မူဝါဒလမ်းစဉ်ဖြစ်သည်။ အစိုးရက မတူ ကွဲပြားသည့် အမြင်များကို ဆွေးနွေးမှု၊ ညှိနှိုုင်းမှု နည်းလမ်းများအရ ဖြေရှင်းသွားမည်ဟု ဆိုသည်။ သို့မှသာ အပြန်အလှန် ယုံကြည်နားလည်မှု တည်ဆောက်နိုင်မည်ဖြစ်သည်ဟု ဆိုထားသည်။ အစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသည်ကို တပ်မတော်က လက်တွဲဆောင်ရွက်ရန် အရေးကြီးသည်။ တပ်မတော်အနေဖြင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းးဖြင့် တင်းမာစွာ ဖြေရှင်းမည့်အစား၊ NCA စာချုပ်တွင် “အားလုံး ပါဝင် လက်မှတ်ရေး ထိုးရေးမူ” ကို တပ်မတော်က လက်ခံမည်ဆိုလျှင် NCA လုပ်ငန်းစဉ် ပို၍ အဆင်ပြေလာဖွယ်ရှိသည်။

ကချင်အဖွဲ့(KIA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA) နှင့် ရခိုင်အဖွဲ့(AA) တို့ အပစ်အခတ်ရပ်စဲရေးလက် မှတ်ထိုးရန် အတားအဆီးဖြစ်နေသည့် အချက်သည် တပ်ပိုင်းဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ၄ ဖွဲ့ ပေါင်းဆွေးနွေးခွင့် နှင့် တရုတ်နှင့်  ‘ဝ’ အဖွဲ့ ဦးဆောင်သည့် FPNCC  ပါသော အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့ကိစ္စ ဖြစ်သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြောင်း 7Day Daily သတင်းအရ သိရသည်။

အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့သည် Bilateral အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် ၂၀၁၈ ဒီဇင်ဘာကတည်းက စတင် ညှိနှိုင်းခဲ့သည်။ လေးကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်၍ အပစ်ရပ်စာချုပ် မူကြမ်းများကိုလည်း အပြန်အလှန် အဆိုပြု ထားပြီး ဖြစ်သည်။ စက်တင်ဘာ ၁၇ ကျိုင်းတုံဆွေးနွေးပွဲ၌ တပ်မတော်ကိုယ်စားလှယ်များ ပထမဆုံး ပါဝင်ဆွေးနွေး ညှိနှိုင်း ခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများ၊ အထူးသဖြင့် တပ်နေရာချထားရေးကိစ္စ နှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးနိုင် ခြင်းမရှိချေ။ ထို့ကြောင့် အောက်တိုဘာ လအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြသည်။

တပ်ပိုင်းဆိုင်ရာကိစ္စ နှင့်ပတ်သက်၍ တပ်မတော်နှင့် မြောက်ပိုင်း ၄ ဖွဲ့စလုံးနှင့် ဆွေးနွေးရမည့်ကိစ္စ ရှိသကဲ့သို့ တပ်မတော် နှင့်  လက်နက်ကိုင်တစ်ဖွဲ့ချင်းစီ သီးသန့်ဆွေးနွေးရမည့် ကိစ္စလည်းရှိသဖြင့် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့်  အနေအထား ဖြစ်ရေးအတွက် ညှိနှိုင်းရန် လိုအပ်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။ ဥပမာ ပစ်ခတ်မှု စောင့်ကြည့်ရေး အဖွဲ့နှင့် စပ်လျဉ်း၍ တပ်မတော်ဘက်က မြန်မာနိုင်ငံအတွင်းတွင် ဖြစ်သည့် ပြဿနာဖြစ်သောကြောင့် မြန်မာ အချင်းချင်း ဆွေးနွေး ကြမည်ဟု ဆိုသည်။ မြောက်ပိုင်း ၄ ဖွဲ့ဘက်က ပြဿနာဖြစ်လာခဲ့လျှင် မည်သူမှားသည်/မည်သူမှန်သည်ဟု အဆုံးအဖြတ် ပေးသင့်သည်မှာ ကြားအဖွဲ့အစည်းဟု မြင်သည်။ မြောက်ပိုင်း ၄ ဖွဲ့က “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ” FPNCC (သို့မဟုတ်) FPNCC နှင့် တရုတ် တို့ကို ကြားခံအနေဖြင့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဖြစ် ထားလိုသည်ဟု ဆိုသည်။ ယင်းသဘောထားကို တပ်မတော်ဘက်က လက်မခံနိုင်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

ပြီးခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲတွင် အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့အကြား Bilateral အပစ်ရပ်စဲရေး ဆောင်ရွက်ရာ၌ စာချုပ် တွင်ဖော်ပြရန် နှစ်ဖက်ညှိနှိုင်းထားသည့် အချက် ၇ ချက်ကို ဆက်လက်ဆွေးနွေးရန် အစည်းအဝေးမှတ်တမ်းအဖြစ် နှစ်ဖက် ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရလဒ် ကောင်းများ ရရှိစေရန် နိုင်ငံရေးဆွေးနွေးပွဲများ တည်ငြိမ်စွာ ဆက်လက်ကျင်းပနိုင်ဖို့လိုသည်။ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်ခွင့်ပြုရန်လည်း လိုသည်။ သို့မှသာ အပြန် အလှန် ယုံကြည်မှု ရှိလာမည်။

သို့ဖြစ်၍ “(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ” တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆွေးနွေးတင်ပြခဲ့သည့်အတိုင်း စိန်ခေါ်မှုများရှိနေသော်လည်း စေ့စပ် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရမည်။ အောင်မြင်သည့် ရလဒ်ဖြစ်ပေါ်လာစေရန် အဖွဲ့အားလုံး၏ ဖြေလျှော့မှု၊ လိုက်လျောမှု၊ စိတ်ရှည်မှု စသည်များ လိုအပ်သည်ကို သတိချပ်ကြရမည်။ မတူကွဲပြားသည့် အမြင်များကို ဆွေးနွေးမှု၊ ညှိနှိုုင်းမှု နည်းလမ်းများနှင့်အညီ ဖြေရှင်းသွားကြရမည် ဖြစ်သည်။ ထိုသို့အမြော်အမြင်ရှိရှိ ကြိုးပမ်း ဆောင်ရွက်နိုင်မှသာ အပြန်အလှန် ယုံကြည် နားလည်မှုအခြေခံသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုကြောင့် အစိုးရအနေဖြင့် အမျိုးသား ရင်ကြားစေ့ရေး မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ခင်းကျင်းနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အားလုံး အကြုံးဝင်သည့် တစ်နိုင်ငံလုံး ယာယီ အပစ်ရပ်ရေးကို အနည်းဆုံး ၃ လခန့် ထပ်မံ ကြေညာသင့် သည်။ အထူးသဖြင့် ရခိုင်ပြည်နယ် တိုက်ပွဲများ အမြန် ရပ်စဲနိုင်မှသာ ငြိမ်းချမ်းရေးလမ်းစ ပေါ်နိုင်မည်ဟု သုံးသပ်မိသည်။

၂၀၁၉ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့် ဆောင်းပါး။