Breaking News

အေးငြိိိိိမ်း - ကျွန်ုပ် ကျေနပ်မိသော နေ့တစ်နေ့



အေးငြိိိိိမ်း - ကျွန်ုပ် ကျေနပ်မိသော နေ့တစ်နေ့

(မိိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၉

ကျွန်ုပ်မှာ မြန်မာစားသုံးသူများ သမဂ္ဂ၏ အစီရင်ခံစာကို ဘာသာပြန်ပေးလျက်ရှိရာ နေ့ရောညပါ မအားလပ်နိုင်အောင် ရှိဘိ၏။ သို့တိုင် ပဲခူးတိုင်း ဝန်ကြီးချုပ်၏ အမြော်အမြင်ရှိမှုကို မချီးကျူးဘဲ မနေနိုင်အောင် ရှိရကား မအားသည့် အချိန်မှဖဲ့ကာ ရေးသားလိုက်ရပြန်ပါကြောင်း။

+++++++++++++++++++++++++++

၂၀၁၅ ရွေးကောက်ပွဲပြီးတော့ ကျွန်ုပ်မှာ ဝမ်းသာဝမ်းနည်း ဖြစ်မိလေ၏။
ဝမ်းသာရခြင်းအကြောင်းကား ကမ္ဘာဦးသူတို့ နေနှင့်လကို စောင့်မျှော်နေကြဘိသကဲ့သို့ အနှစ်နှစ် အလလက ကျွန်ုပ်တို့ စောင့်မျှော်ခဲ့ရသည့် ရွေးကောက်ခံ အစိုးရတက်လာသောကြောင့်ဖြစ်၏။

ဝမ်းနည်းရခြင်းအကြောင်းကား -

နယ်လှည့်ပါးရိုက်လာတာကွ - တို့
လျှပ်စစ်တွေပိုလို့ ရောင်းစားနေရတယ် - တို့
ထမင်းတစ်နပ် လျှော့စားပါ - တို့
ဖယောင်းတိုင်ထွန်းနေပါ - တို့
ငါ့လောက်တတ်တဲ့ကောင် ဘယ်ဂမြင်းမသား တကောင်မှ မရှိဘူး - တို့
မိဘပြည်သူများခင်ဗျာ - နို့သောက်ပါ - တို့
အစရှိသဖြင့် တစ်နေ့တစ်မျိုး မရိုးရသော ပြက်လုံးများဖြင့် ပြည်သူအပေါင်းကို ဖျော်ဖြေလျက်ရှိသည့် ဂဘာဂျော် ဝံဂျီးအပေါင်းတို့၏ ပြက်လုံးများကို ကြားရတော့မည် မဟုတ်တော့သောကြောင့် ဖြစ်သတည်း။

သို့သော် ပင်နီတို့တက်လာပြီး များမကြာမီမှာပင် ကျွန်ုပ်၏ စိုးရိမ်သောကစိတ်များ လျော့ပါးသွားရလေ၏။
ဆိုခဲ့ပြီးသော ကမ္ဘာကျော်လူပျက်ကြီးအပေါင်းကို အမီလိုက်ရုံမက စံချိန်ပါချိုးမည့်သူ ပေါ်လာခြင်းကြောင့် ဖြစ်၏။

အနှီပုဂ္ဂိုလ် မည်သူဖြစ်မည်ကို သည်လောက် ဒုံးမဝေးသည့် ကျွန်ုပ်မိတ်ဆွေများ သိပါသည်။
ပထမဦးဆုံးပုဂ္ဂိုလ်မှာ ကျွန်ုပ်တို့ အချစ်တော် ကွီးဖြိုးမဟုတ်ပါလော။

သုတေသနပညာရှင် အပေါင်းအား ကွီးဖြိုး၏ အဆိုအမိန့်များဟု သုတေသနစာတမ်းတစ်စောင်လောက် ပြုစုထုတ်ဝေ ပါရန် အလေးအနက်ထား တိုက်တွန်းပါ၏။ အကယ်၍သာ ထိုစာအုပ်ကို ဘာသာပြန်ထုတ်ပြီး အမေဇုန်မှ ဖြန့်ဝေလိုက်ရ လျှင် ကမ္ဘာ့ရောင်းအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်မသွားဘူး မဆိုနိုင်။

ကွီးဖြိုးနောက် ဒုတိယလိုက်သူမှာ ရန်ကုန် မြို့တော်ဝန်ကြီးဖြစ်၏။ သူလည်း ခေသူမဟုတ်ပါ၊ ယခုလောက်ဆို ကွီးဖြိုး၏ စံချိန်ကိုချိုးကာ ပထမနေရာကိုပင် ပိုင်ဆိုင်ထားလောက်ပြီ ဖြစ်ပါသည်။ သုတေသနပညာရှင်များ score လုပ်ကြည့်သင့် လှ၏။ မြို့တော်ဝန်ကြီး၏ အဆိုအမိန့်များမှာလည်း မှတ်သားလောက်စရာ ဖြစ်သဖြင့် သမိုင်းမှတ်တမ်းရှင်များ စာတမ်းပြုစုထားသင့်လှ၏။ အနှီအဆိုအမိန့်များဖြင့်ပင် ရန်ကုန်မြို့တော်ဝန်ကြီးမှာ ကျွန်ုပ်တို့မိတ်ဆွေ မန်းမြို့တော်ဝန်ကြီးကို အပြတ်အသတ် နောက်ကောက်ချ၊ ကျော်တက်သွားလေ၏။ (Yangon 2 – Man 0)

စူ့ထက်စူ လူစွမ်းကောင်းဆိုသလို အားကျမခံ ပေါ်ထွက်လာသူ နောက်တစ်ယောက်မှာ ပဲခူးတိုင်း ဝန်ကြီးချုပ် ဖြစ်၏။
ကိုယ့်စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းကြီးပြောတတ်သော ပဲခူးဝန်ကြီးချုပ်ကို ကျွန်ုပ်မှာ မလေးစားဘဲ မနေနိုင်အောင် ဖြစ်မိ၏။

ပဲခူးတိုင်းဝန်ကြီးချုပ်ကား အလွန်တစ်ထောင်မှပင် အကြင်နာတရား ပြည့်ဝလှပါပေသည်။
သွားရေးလာရေး နေရေးထိုင်ရေးခက်ခဲနေသည့် ဆာမကလေးများကို အမြော်အမြင်ကြီးလှစွာ အကြံပေးခဲ့ခြင်းကား နည်းနည်းနောနော ဦးဏှောက်မဟုတ်ပါလေ။

ဆာမကလေးများသာ အနှီရွာသားများနှင့် အိမ်ထောင်ကျသွားပါက သူပြောသလို နေရေးထိုင်ရေးအဆင် ပြေသွားမည် သာမက မကောင်းသူများ နှောက်ယှက်မည့်ရန်မှလည်း အလိုလို ကာကွယ်ပြီးသားဖြစ်ပေမည်။
ထိုမျှသာမက ဆာမအလုပ်မှ ပြုတ်သွားသည့်တိုင် နောင်ရေးအတွက် ဘာမှ ပူစရာမလိုတော့။ ကောက်စိုက်စားလို့ ရသည်။ ဖက်ကောက်ရောင်းလို့ရသည်။ နွားကျောင်းနိုင်သည်။ ယုတ်စွအဆုံး ကောက်သင်းကောက်နိုင်သေးသည်။ လုပ်ပါလေ့။ ကျုပ်တို့တောမှာ အလုပ်တွေ တပုံကြီး။

သည်မျှအမြော်အမြင်ကြီးလှသည့် ဝန်ကြီးချုပ်ကို ရထားသူ ပဲခူးတိုင်းသူ၊ တိုင်းသားများကား ကံကောင်းလှပေစွ။ အရတော်လှပေစွ။ မဖြစ်စဖူး ထူးကဲလှပေစွ။ ကျွန်ုပ်မှာသာ လုပ်ပိုင်ခွင့်ရှိပါက ကမ္ဘာ့အမြော်အမြင်အကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ကျွန်ုပ်တို့၏ ပဲခူးတိုင်း ဝန်ကြီးချုပ်ကို နံပါတ် (၁) နေရာ၌ ထားမိမည် ဖြစ်၏။ (ဤသည်ကို တွေးမိပြီး ကျွန်ုပ်မှာ ငါ ပဲခူးမှာ လူမဖြစ်ရတာ ကုသိုလ်ကံ ဆိုးလှလေစွဟု တွေးမိပြီး မျက်ရည်များပင် လည်မိသေး၏။)

သို့မို့ကြောင့် ကျွန်ုပ်မှာ ငါတို့တော့ ပြက်လုံးတွေနဲ့ ဝေးပြီဟု ဝမ်းနည်းနေရာမှ အလွန်ကျေနပ်၊ နှစ်သက်၊ ပြုံးပျော်ရွှင်နိုင်ပြီ ဟု ဆိုရခြင်းဖြစ်ပါသတည်း။

(ဟေ့လူ၊ ကျုပ်က ချစ်လို့ပြောတာနော့။ ၆၆ တွေ ၉၉ တွေ လျှောက်ရှက်လုပ်မနေနဲ့အုံး။ ကျုပ်က ကြောက်တတ်တယ်။
ဟို green တွေဆို ကြောက်လွန်လွန်းလို့ လေသံတောင် ဟရဲတာ မဟုတ်ဘူး။
ဘယ်လောက်ကြောက်သလဲဆို ဇော်ဝင်းထွဋ်ရဲ့ ဂန္ထဝင်ဂရင်းကိုတောင် မဆိုရဲတာ ကြာပေါ့။)

လူအချင်းချင်း ရည်းစားစကားပြောခိုင်းခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၃ အောက်တိုဘာ၊ ၂၀၁၉