Breaking News

ဇင်လင်း - အမျိုးသား ရင်ကြားစေ့ရေးကို ရှေ့တန်းတင်ဆွေးနွေးခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး ဖေါ် ဆောင်ပါ



ဇင်လင်း - အမျိုးသား ရင်ကြားစေ့ရေးကို ရှေ့တန်းတင်ဆွေးနွေးခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး ဖေါ် ဆောင်ပါ

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၉


လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးပြဿနာသည် ငုံးငှက် အမြီးပေါက်မည့်နေ့ကို မျှော်မိသကဲ့သို့ ဖြစ်နေပြီလားဟု ဆိုရ တော့မလို ဖြစ်နေသည်။ လွန်ခဲ့သော ၂၀၁၆ စက်တင်ဘာလဆန်းတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ)သည် ယခုဆိုလျှင် သုံးနှစ်ပြည့်ခဲ့ပြီ။ ယင်း ညီလာခံကို ၂၀၁၆ သြဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့အထိ ၄ ရက်ကြာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ပြုလုပ်ခဲ့ သည်။ ညီလာခံ ဖွင့်ပွဲနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ NLD နာယက ဦးတင်ဦး နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တို့က အသီးသီး အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့သဖြင့် ပြည်သူလူထုက အလားကောင်းလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ယင်း ညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားကိုယ်စား လှယ်၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၇၅၀ ဦး၊ ညီလာခံ ပုံမှန်တက်ရောက်သူများ အပါအဝင် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သံတမန်များ စုစုပေါင်း ၁၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း ညီလာခံ ပူးတွဲ ကျင်းပရေးကော်မတီ မှတ်တမ်းအရသိရသည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ အစည်းအဝေး အတွင်း အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် ၇၂ ဦးက သဘောထားအမြင်စာတမ်းများလည်း ဖတ်ကြား တင်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ညီလာခံအပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည့် စကားတချို့ကို ပြန်လည် သတိရစေ ရန် ဖေါ်ပြလိုသည်။

“ကျွန်မတို့ဟာ ဒီလောကကြီးထဲကို လာသွားရတာဟာ တစ်ခဏလေးပါ။ ကျွန်မတို့ အသက်ဘယ်လောက်ရှည်နိုင်မလဲ။ ကျွန်မသိသလောက် ကမ္ဘာ့အသက်အရှည်ဆုံး ပုဂ္ဂိုလ်ဟာ ၁၂၀ လောက် ဖြစ်ပါတယ်။ ၁၂၀ ဆိုတာ ဘာမှ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သက်တမ်းနဲ့စာလို့ရှိရင်၊ ကမ္ဘာကြီးရဲ့ သက်တမ်းနဲ့စာလို့ရှိရင် ၁၂၀ ဆိုတာ ဘာမှမဟုတ်ပါဘူး။ ကျွန်မတို့ တွေ ကံကောင်းလို့ ကျန်းမာရေးကောင်းလို့ ၁၂၀ အထိ နေနိုင်တယ်ပဲ ဆိုပါဦးစို့ ဒီ ၁၂၀ ဆိုတာ တစ်ခဏလေးပါပဲ။ ကျွန်မ တို့လို အသက်ရောက်နေတဲ့သူတွေဆိုရင် ၁၂၀ ထိနေဖို့ဆိုတာ သိပ်တော့မကျန်တော့ပါဘူး။ ဒီတော့ ကျွန်မတို့ဟာ ကိုယ်ရှိ တဲ့ အချိန်လေးကို တန်ဖိုးရှိအောင် သုံးကြပါစို့၊ ကိုယ်ရှိတဲ့ အချိန်လေးကို အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်လှည့် ကြည့်ပြီး အာယာတတွေ ပွားနေမယ့်အစား တစ်ဦးပေါ်တစ်ဦး သံသယတွေ ပွားနေမယ့်အစား ကျန်တဲ့အချိန် အတွင်းမှာ ဘယ်လို အာဃာတတွေပျောက်အောင် လုပ်မလဲ။ ဘယ်လို ဒီသံသယတွေ ကင်းစင်အောင် လုပ်မလဲ။ ဘယ်လို ကောင်း မွန်တဲ့ အမွေအနှစ်တစ်ခုကို ချန်ထားခဲ့မလဲ ဆိုတာကို စဉ်းစားကြပါစို့လို့ ကျွန်မက နေပြီးတော့ တိုက်တွန်းချင်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်ပြောခဲ့သည်။

ပထမအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ၏ ထူးခြားချက်သည် တိုင်းရင်းသားအင်အားစု အသီးသီး အနေဖြင့် မိမိတို့၏ လိုလားချက်၊ ခံစားချက်နှင့် မျှော်လင့်ချက်များကို လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော်ခွင့်ရခြင်း ဖြစ်သည်။ ထို ထုတ်ဖော်တင်ပြချက်များကို တိုင်းရင်းသား ပြည်သူလူထုအားလုံး ရုပ်သံသတင်းမီဒီယာမှတဆင့် တိုက်ရိုက် သိခွင့်ရရှိခဲ့ သည်။ ပြဿနာများကို ဖြေရှင်းရန် အခြေခံအကြောင်းများကိုလည်း ပွင့်ပွင့်လင်းလင်း သိရှိခဲ့ရသည်။ ထို့ကြောင့် သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူလိုက်သော ညီလာခံ တစ်ခုဖြစ်ခဲ့သည်။

စင်စစ်တွင် ၂၁ ရာစု ပင်လုံညီလာခံသည် မိုင်ပေါင်းကုဋေခရီးစဉ် အတွက် ပထမဆုံးလှမ်းလိုက်သည့် ခြေလှမ်းမျှသာ ဖြစ်သည်။ စစ်အာဏာရှင် စနစ်အောက်တွင် ဆယ်စုနှစ် ၆ စုနီးပါး နေခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် အသစ်တဖန် ပြန်လည်မွေးဖွားရေး ခရီးသည် မည်သည့်နည်းနှင့်မျှ မလွယ်နိုင်ပါ။ စစ်အာဏာရှင်စနစ်က ဒီမိုကရေစီ သစ်ပင်ကြီးကို ပင်စည်နှင့်တကွ အကိုင်းအခက်များပါမကျန် ခုတ်ထွင်ဖယ်ရှားခဲ့ရုံမက၊ အမြစ်များကိုပါ တူးဖေါ် မြေလှန်ခဲ့၍ ဖြစ်သည်။

ယနေ့ နိုင်ငံရေးခေါင်းဆောင်မှုတွင် တာဝန်ယူထာကြသော နိုင်ငံရေးသမားများအနေဖြင့် အဆိုပါအချက်ကို သတိမမေ့ ကြဖို့ လိုသည်။ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် စစ်အာဏာရှင်စနစ်က သင်းသတ်ထားခဲ့သော ဒီမိုကရေစီသစ်ပင်ကြီး ပြန်လည်ရှင်သန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ကို သတိပြုမိကြ စေချင်သည်။ ဗိုလ်နေဝင်း စစ်အာဏာသိမ်းပြီးနောက် အရင်ဆုံး ကျောင်းသားသမဂ္ဂများကို ဖျက်သိမ်းခဲ့သည်။ အလားတူ ဒီမိုကရေစီ အခြေခံအဆောက်အအုံများဖြစ်သည့် အလုပ်သမားသမဂၢ လယ္သမားသမဂၢ နှင့် စာရေးဆရာသမဂၢတို့ကဲ့သို့ သော နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးများကို အကာအကွယ်ပေးသည့် လူမှုအဖွဲ့အစည်းများကို ရန်သူသဖွယ် တိုက်ခိုက်ဖျက်သိမ်းခဲ့သည်။ Democracy Institution များအနက် အရေးအပါဆုံးဖြစ်သည့် နိုင်ငံရေးပါတီများနှင့် သတင်းစာများကိုလည်း ဖျက်သိမ်းပစ်ခဲ့သည်။

၎အပြင် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်ဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းအချက်အလက်မျှဝေခွင့်၊ လွတ်လပ်စွာ အသင်းအပင်းထူထောင်ခွင်၊့ လွတ်လပ်စွာ စီးပွားရေး လုပ်ပိုင်ခွင့်၊စသည့် နိုင်ငံသားအခွင့်အရေးများကိုလည်း ပိတ်ပင်တားမြစ်ခဲ့သည်။ လွတ်လပ်စွာ တရားစီရင်ရေးစနစ် (Independent Judiciary) သည်လည်း ဖြိုလှဲခံခဲ့ရသည်။ ထို့ပြင် လွတ်လပ်သည့် ပညာသင်ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များ၊ ဥယျဉ်ခြံမြေ လယ်ယာမြေများပါမကျန် နိုင်ငံပိုင်သိမ်းယူခဲ့သောကြောင့် သယံဇာတပေါကြွယ်ဝသည့် တိုင်းပြည်တွင် ပြည်သူလူထု ဆင်းရဲမွဲတေခဲ့သည်။ ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးနိုင်ငံ Least Developed Country (LDC) စာရင်းဝင်သည်အထိ လျောကျ ခဲ့ရသည်။ ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အရေးကြီးသကဲ့သို့ ဒီမိုကရေစီ သစ်ပင်ကြီးကို ပြန်လည်ရှင်သန် အောင် လုပ်ဆောင်ရန်လည်း အလွန်အရေးကြီးနေသည်ကို သတိချပ်ကြရမည်။

ယခု ၂၀၁၉ စက်တင်ဘာလ ကုန်သည်အထိ ခုတ်လဲခံထားရသော ဒီမိုကရေစီ သစ်ပင်ကြီးကို အညွန့်အခက်ထွက်အောင် မလုပ်နိုင်သေးကြောင်း မြေပြင်အခြေအနေများက သက်သေပြနေသည်။ ဥပမာ ပြည်သူတို့၏ လွတ်လပ်စွာထုတ်ဖေါ် ပြော ဆိုခွင့် ကျင့်သုံးမရစေရန် ပုဒ်ထီး ပုဒ်မအမျိုးတပ်၍ ဖိနှိပ်ခံနေရသည်။ တိုင်းရင်းသားဒေသများတွင် မြေယာများ သိမ်းယူခံရ ခြင်းများကြောင့် မြေယာမဲ့ပြည်သူအများအပြား လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့် ဆုံးရှုံးနေရသည်။ အခြားတဖက်တွင်  ပြည်တွင်းစစ်မီးက ဆက်လက်တောက်လောင်နေသဖြင့် ငြိမ်းချမ်းရန်မဆိုထားနှင့် ယာယီအပစ်ရပ်ရေး သက်တမ်းထပ်တိုး ရန်ကိုပင် မျှော်လင့်၍ မရ ဖြစ်နေသည်။

“အရင်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်လှည့်ကြည့်ပြီး အာယာတတွေ ပွားနေမယ့်အစား တစ်ဦးပေါ်တစ်ဦး သံသယတွေ ပွားနေမယ့်အစား ကျန်တဲ့အချိန်အတွင်းမှာ ဘယ်လို အာဃာတတွေ ပျောက်အောင် လုပ်မလဲ။ ဘယ်လိုဒီသံသယတွေ ကင်းစင်အောင်လုပ်မလဲ။ ဘယ်လိုကောင်းမွန်တဲ့ အမွေအနှစ်တစ်ခုကို ချန်ထားခဲ့မလဲ။” - စသည်ဖြင့် ဒေါ်အောင်ဆန်းစု ကြည်က သတိပေးနှိုးဆော်နေသော်လည်း ယခုအချိန်အထိ နားမဝင်သေးကြောင်း တွေ့ရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကြိုးပမ်းမှု နောက်ဆုံး အခြေအနေသည် မသေချာ မရေရာသည့်အခြေအနေမှ မလွန် မြောက်နိုင်သေးဘဲ ဖြစ်နေသည်။ နိုင်ငံရေးရာသီဥတုသဘောအရ ပြောရလျှင် မှုန်မှိုင်းအုံ့ဆိုင်းလျှက်ရှိသည်။ အပစ်ရပ် ကိစ္စအတွက် မျှခြေ တစ်ခုကိုပင် ရရှိအောင် မညှိနှိုင်းနိုင်ဘဲ ဖြစ်နေသည်။ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲမှာပင် စစ်အင်အား တိုးချဲ့နေရာယူမှုများ ရှိနေကြောင်း အပြန်အလှန် စွပ်စွဲနေကြသည်။ အပစ်ရပ်ကျေညာထားချိန်တွင် ပစ်ခတ် တိုက်ခိုက်မှု များ ဖြစ်ပွားနေသည်။ စစ်ဘေးရှောင် IDP ဒုက္ခသည်အရေအတွက် မြင့်တက်လာနေသည်။ တပ်မတော်က အပစ်ရပ် ကြေညာပြီး နောက် အစိုးရက ကချင်အဖွဲ့(KIA)၊ တအာင်း အဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA)တို့နှင့် Bilateral အပစ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရေး အဓိကညှိနှိုင်းခဲ့သည်ဟု သိရသည်။ တပ်မတော်က ထပ်မံ၍ အပစ်ရပ် သက်တမ်းတိုးခဲ့သည့် စက်တင်ဘာ ၂၁ ရက် မတိုင်မီ၊ စက်တင်ဘာ ၁၇ ရက်က အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း ၄ ဖွဲ့တို့ ကျိုင်းတုံ၌ တွေ့ဆုံခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးကိစ္စ သဘောတူညီမှု မရရှိဟု ဆိုသည်။ အောက်တိုဘာတွင် ထပ်မံ တွေ့ ဆုံဆွေးနွေးရန် ချိန်းဆိုခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

တပ်မတော်က ကချင်နှင့်ရှမ်းမြောက်အပါအဝင် တိုင်းစစ်ဌာနချုပ် ၅ နယ်မြေ၌ တစ်ဖက်သတ်အပစ်ရပ် ကြေညာမှုကို ထပ်မံ သက်တမ်းတိုးခြင်း မပြုတော့၍ ၉-လ သက်တမ်းရှိ အပစ်ရပ်ကြေညာချက် တရားဝင်မှုသည် စက်တင်ဘာ ၂၁ ရက်နေ့က ကုန်ဆုံးခဲ့သည်။ တပ်မတော်က ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်တွင် အပစ်ရပ်ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းသည် TNLA၊ MNDAA၊ AA တို့က စစ်ရေးနည်းလမ်းကို ရပ်စဲပြီး နိုင်ငံရေးနည်းလမ်းကို အသုံးပြုလိုသည်ဟု ထုတ်ပြန်ခဲ့၍ ဖြစ်ပြီး ယင်းသို့ ထုတ်ပြန်မှုအပေါ် NRPC က ကြိုဆိုခဲ့သည်။ သို့သော် တပ်မတော်၏ အပစ်ရပ်ထားသည့် ကာလအတွင်း တိုင်းရင်းသား အဖွဲ့များက စည်းကမ်းဖောက်ဖျက်မှုများ ရှိခဲ့သည်ဟု တပ်မတော်ဘက်က ဆိုသည်။ TNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ကမူ တပ်မတော်အနေဖြင့် အပစ်ရပ်သက်တမ်း ထပ် တိုးခြင်း၊ မတိုးခြင်းသည် တိုက်ပွဲ ဖြစ်ခြင်း၊ မဖြစ်ခြင်းအပေါ် များစွာ သက်ရောက်မှုမရှိကြောင်း၊ တပ်မတော်က ယခင် အပစ်ရပ်ကြေညာထားသော်လည်း ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ရပ်သွားခြင်း မရှိခဲ့ကြောင်း ၎က ဆိုသည်။

၂၀၁၉ စက်တင်ဘာ ၁၃ ရက်နေ့က တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လည်းေကာင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လည်းကောင်း သွားရောက်တွေ့ဆုံ ခဲ့ကြောင်း DVB သတင်းက ဖေါ်ပြခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနှင့် တွေ့ဆုံခဲ့ရာတွင် ‘မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး’၊ ‘အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်’ တို့နှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ယင်းသို့မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်၌ တရုတ်နိုင်ငံထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေမှုအပေါ် နိုင်ငံရေးလေ့လာသူ အချို့က စိုးရိမ်ပူပန်ကြသည်။ နယ်စပ်ဒေသတွင် အချိန်အခါမဟုတ် မိုးကဲ့သို့ ရုတ်တရက်ပေါ်ပေါက်လာလေ့ရှိသော တိုက်ပွဲများနှင့် မတည်ငြိမ်မှုများသည် လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနှင့် တပ်မတော်တို့၏ မူဝါဒပိုင်းဆိုင်ရာ သဘောကွဲလွဲမှုကို ဖေါ်ပြနေ သကဲ့သို့ရှိသည်။

အစိုးရနှင့် တပ်မတော်တို့အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ အမြင်များ၊ သဘောထားများ၊ ဆန္ဒထုတ်ဖေါ်ချက်များကို လျစ်လျူ မပြုဘဲ သတိပြု နားထောင်ကြည့်ရုံမက၊ ထည့်သွင်းစဉ်းစားရန်လည်း လိုသည်။ အပစ်ရပ် လက်မှတ်ထိုး EAO-S-NCA အဖွဲ့များနှင့် အပစ်ရပ် လက်မှတ်မထိုး EAO-NS-NCA အဖွဲ့များအားလုံးအနေဖြင့်လည်း စစ်ဘေးရှောင် ပြည်သူတို့ ၏ ဆင်းရဲဒုက္ခကို ကိုယ်ချင်းစာနာကြဖို့သင့်သည်။ နိုင်ငံကို ကမ္ဘာအလယ်တွင် ဂုဏ်သိက္ခာရှိစွာ တိုးတက်ဖွံ့ဖြိုးစေလိုလျှင် ဖြစ်သည့်နည်းဖြင့် စစ်ပွဲများ ရပ်ကြဖို့လိုသည်။ စစ်ပွဲများအမြန်ရပ်တန့်ရေးအတွက် အစိုးရနှင့် တပ်မတော်တို့က အင္အား ႀကီးသူပီပီ သေဘာထားကြီးဖို့လိုသည်။ EAOs အားလံုး တစ်ဖွဲ့ မကျန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်နိုင်ရေးအတွက် အမျိုးသား ရင်ကြားစေ့ရေးကိစ္စကို ရှေ့တန်းတင် ဆောင်ရွက်ရန် လိုသည်။ ဘက်အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် လည်း မာနနှင့် အာဃာတများကို ခဝါချနိုင်ဖို့လိုသည်။

နိဂုံးချုပ်အားဖြင့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညီလာခံ အပိတ်မိန့်ခွန်းမှ စကားတချို့ကို ကောက်နှုတ် ဖေါ်ပြလိုသည်။

‘‘လူတစ်ဦးရဲ့ တန်ဖိုးဆိုတာ တစ်နေ့တစ်နေ့ ပြောင်းနေပါတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်း နေ့တိုင်းက အခွင့်အရေး သစ်ပါ။ တစ်နေ့တစ်နေ့ မိုးလင်းလာတာနဲ့ ကိုယ့်မှာ အခွင့်အရေးသစ်တွေ ရလာတာပါ။ ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးခြင်းအားဖြင့် ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ အခုပြောသွားတဲ့အထဲမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတို့ တိုက်ခိုက်တာတို့ ပါသွားပါတယ်။ ဒီကိုယ်စားလှယ်တွေထဲမှာ ဒီလို ဖြစ်တာဟာ ဘာမှကြောက်စရာ မရှိဘူး။ ကျွန်မက ယုံကြည်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ပြဿနာကို စိုးရိမ်စရာ မရှိပါဘူး။ ပြဿနာမရှိချင်ဟန်ဆောင်နေရတာသာ စိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာမရှိကြ ဟန်ဆောင်နေရင် ပြဿနာတွေကို ကျွန်မတို့ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သတ္တိရှိရှိနဲ့ ပြဿနာတွေကို ကျွန်မတို့ရင်ဆိုင်မယ်။ ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေကို ကျွန်မတို့မွေးထုတ်မယ်။ ကျွန်မတို့ အတူ လက်တွဲပြီးတော့ တစ်ဦးကို တစ်ဦး ကူညီမယ်၊ ဖေးမမယ်။ တစ်ဦးရဲ့အမြင်ကိုတစ်ဦးက လေးစားမယ်။ နားထောင်မယ်။ သဘောချင်းမတိုက်ဆိုင်ရင်တောင်မှ ဘာကြောင့့် မတိုက်ဆိုင်တဲ့ သဘောရှိနေသလဲဆိုတာကို စဉ်းစားရမယ်။ ဒါမှ ကျွန်မတို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ဆက်ပြီးတော့ လိုချင်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်သွားနိုင်မှာ ဖြစ်ပါ တယ်’’ ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောကြားခဲ့သည်။

အလွန်လေးလေးနက်နက် စဉ်းစားစရာ ကောင်းသော နှိုးဆော်ချက်ဖြစ်သည်။ စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များ ဦးနှောက်မုန်တိုင်း ဆင်ကြည့်ကြ ဖို့လိုသည်။ ပြဿနာကို စိုးရိမ်မနေဘဲ သတ္တိရှိရှိဖြင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်း ကြဖို့လိုသည်။ နေ့စဉ်ရရှိနေသော အခွင့်အရေးသစ်များကို ထိုက်တန်စွာ သုံးကြရန် သတိချပ် ကြရမည်။ ရရှိလာသော အခွင့်အရေးသစ်များကို ထိုက်ထိုက်တန်တန် အသုံးပြုနိုင်မှသာ မိမိတို့ လိုရာပန်းတိုင်ဆီသို့ ရောက်နိုင်မည်။ သဘောချင်း မတိုက်ဆိုင်သည့်တိုင် ဘာကြောင့့် သဘောကွဲလွဲမှု ရှိနေရသလဲဆိုသည်ကို ဆန်းစစ်ရန် လိုသည်။ သို့မှသာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် လူထူလူတန်းစားအဖွဲ့အစည်း များ အားလုံး ညီညွတ်မှု အခြေခံဖြင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီ အရောက်သွားနိုင်မည်ဟု သုံးသပ်မိပါသည်။။။။။

အောက်တိုဘာ ၁၂ ရက်၊ နေ့ထုတ် သူရိယနေဝန်းဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။