Breaking News

တင်မိုး - လူငယ်ကြေးမုံများ (၅) - သွေးသောက်ပီပီ တာဝန်သိသိ သစ္စာရှိရှိ


တင်မိုး - လူငယ်ကြေးမုံများ (၅) - သွေးသောက်ပီပီ တာဝန်သိသိ သစ္စာရှိရှိ

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၉

‘ငါသည် ငါ၏ကိုယ်ကျိုးအတွက် သက်သက်ငှာ အသက်ရှင်အောင်မမွေး…။ ငါ့တိုင်းပြည်၊ ငါ့စာပေ၊ ငါ့သာသနာအတွက် ရသမျှအချိန်ကလေးကိုယူ၍ ဆောင်ရွက်ရင်း အသက်ရှင်အောင် ငါမွေးအံ့…။’

ဒါဟာအဓိဌာန်တခု၊ ဒါဟာ‘သစ္စာ’ဆိုတဲ့ပွဲတခု၊ ဒါဟာ ဆုံးဖြတ်ပြဌာန်းချက်တခု။
ဒီလိုနဲ့ လူငယ်တွေဟာ မိမိသီလကိုဆောက်တည်မယ်ဆိုရင် ကိုယ်ကျိုးတဖက်မြင်သမားမဖြစ်နိုင်။ အမြင်ကျဉ်းမြောင်းသူမဖြစ်နိုင်။

ငါ့ဟာမှငါ့ဟာ။ ငါ့သာသနာမှ ငါ့သာသနာဟု ငါစွဲတန်းလန်းနှင့် မျက်ကန်းသမားမဖြစ်နိုင်။ လူငယ်တွေဟာ အကြောင်းကြောင်းကြောင့် အမိမြေစွန့်ခွာပြီး နိုင်ငံတကာရောက်ခဲ့ကြ ရတယ်။ ကြုံရာကျပန်း သက်မွေးဝမ်းကျောင်းပြုကြရတယ်။ ငါတို့နိုင်ငံသားတွေ အလွန်သနားဖွယ်ကောင်းတယ်။
ဒါပေမယ့် တို့လူငယ်တွေရဲ့စိတ်ဓါတ်က မွန်မြတ်တယ်၊ သန့်ရှင်းတယ်၊ အများအကျိုးအတွက် တလက်ခုပ် တလက်ချ ရရာတာဝန်ထမ်းဆောင်ချင်တဲ့ စေတနာအပြည့်ရှိတယ်၊ ပင်ကိုယ်စိတ်ကောင်းရှိသူများပါ။

ကျွေးချင် မွေးချင် ပေးကမ်းချင်တဲ့စေတနာ၊ ကူညီစောင့်ရှောက်ချင်တဲ့ သဒါ္ဓတရားအားကြီးတဲ့တို့လူမျိုး။ တို့နိုင်ငံသားစရိုက်ကို ဘယ်တော့မှမစွန့်လွှတ်။ ပင်ကိုယ်သန္ဓေကောင်းပြီးသား လူမျိုးဖြစ်တယ်။

အဖြူအမည်းမရွေး၊ အနူအဝဲမရွေး၊ သွေးကွဲခြင်းမရှိ၊ အခန့်အညား အဟန့်အတားတွေမလုပ်တတ်။ မြင့်မြတ်တဲ့စိတ်ဓါတ်ပိုင်ရှင် သခင်နိုင်ငံသားတွေဖြစ်တယ်။ ဒီစိတ်ဓါတ်၊ ဒီစေတနာ၊ ဒီအစဉ်အလာကို ငါချစ်တယ်။
ဒီသွေးကို ငါလေးစားတယ်..။ မိမိတို့ရဲ့ ဇာတိသွေး အမြဲပူနွေးနေစေဖို့ သတိပေးရခြင်းဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း အခုအခါမှာ တို့နိုင်ငံအမှောင်ကျလို့ ဒုက္ခတွေပင်လယ်ဝေနေတဲ့အချိန်မဟုတ်လား။

ဒီတော့- အမှောင်ကိုတန်ဆောင်လင်းပြီး အမှောင်ခွင်းဖို့အရေး ကြိုးစားပေးကြရမှာပဲ၊ ဒါလည်း တို့တာဝန် တရပ်ပေပေါ့။

တို့ငယ်ငယ်တုန်းက သွေးသောက်မဂ္ဂဇင်းရဲ့ဆောင်ပုဒ်ကလေးကို သဘောကျမိတယ်။ အဲဒါက တော့-‘သွေးသောက်ပီပီ တာဝန်သိသိ သစ္စာရှိရှိ…’တဲ့။

အဲဒီဆောင်ပုဒ်ကလေးလိုပါပဲ။ တို့တတွေဟာ ‘တာဝန်သိသိ၊ သစ္စာရှိရှိ’ဆိုတဲ့စိတ်ဓါတ်ကို အညွန့်တလူလူဖြစ်အောင်ပျိုးထောင်ရင်း အကျင့်ဆိုး စရိုက်ဆိုးတွေ မစိုက်ပျိုးမိအောင် ကာကွယ်ထိန်းသိမ်းရမယ်။

လူငယ်အလှဟာ နိုင်ငံရဲ့ အသရေတပါးမဟုတ်ပါလား။
လူငယ်တွေထွန်းတောက်မှ တို့နိုင်ငံ တမိုးသောက်မှာ မဟုတ်ပါလား…။


၅-၃-၂ဝဝ၃

(မူရင်း - ၂၀၀၅ ခုနှစ်၊ မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၃)