Breaking News

မင်းငြိမ်းအေး - မြွေလိမ် မြွေကောက်

KT#
မြွေလိမ် မြွေကောက်
မင်းငြိမ်းအေး
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၉

၁၈၈၅-နိုဝင်ဘာ ၂၉
ဗီရိုလှည်းပေါ်ကနေ
မြတောင်ကျောင်းကိုရေစက်ချခဲ့ ။

ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်း
သုဉ်းသုံးဝခေတ်ရဲ့ကဗျာ
သေသော်မှသည်တွေ
လူကြိုက်များတဲ့ခေတ်
အသက်ဓာတ်ကိုရစ်ပတ်ရင်း
ရာသီခွင်ရဲ့ရက်သတ္တပတ်မှာ
သူ့ကျွန်မခံပြီနဲ့
ကျွန်ခံလိုက်ရတဲ့သမိုင်း
ဖုတ်သွင်းရထားတစ်စင်းနဲ့
မင်းလောင်းမြောက်မြားစွာ
ငါတို့သင်ကြားရ
ငါတို့ ရွတ်ဆိုရ
ငါတို့ အလွတ်ဖြေဆိုခဲ့ကြတယ်။

ကျွန်တွေရဲ့ဗိုက်က
သဘောက်ကိုပဲဖောက်ချတယ်
မျိုးရိုးစဉ်ဆက်ရဲ့ဒီအင်အေမှာ
ဒီဗီဇကိုဖျက်ဆီးဖို့
နှစ်တစ်ရာကျော်ကြာခဲ့တယ်
ငါတို့ သင်ကြားခဲ့
ငါတို့ ရွတ်ဆိုခဲ့
ငါတို့သမိုင်းရဲ့အဖြစ်အပျက်ကို ။

တော်လှန်ရေးသဘောမှာ
ရန် ငါ ကွဲဖို့လိုသလို
နိုင်ငံရေးသဘောအရ
ရန်သူလည်း မိတ်ဆွေဖြစ်အောင်လုပ်ရ
ဒီကြားကာလမှာ
ငါတို့သိခဲ့ရတဲ့ မြို့တွေ
ငါတို့သိခဲ့ရတဲ့ နေ့စွဲရက်စွဲတွေ
ငါတို့ဖတ်မှတ်လေ့လာရတဲ့အယူဝါဒတွေ
ငါတို့ယုံကြည်တဲ့ အမည်နာမတွေ
မြို့လုလင်၊ နတ်မောက်
၁၉၃၆ -ရန်ကုန်တက္ကသိုလ်
၁၉၆၂- ၇ လပိုင်း ၇- ရက်
၁၉၇၆ -၁၉၇၈- ၁၉၈၈
ပစ္စည်းမဲ့ဝါဒ၊ ဆိုရှယ်လစ်သစ်
အရင်းကျမ်း၊ ရောဘတ်အိုဝင်
ဒိုင်ယာလက်တစ်၊ အဒန်စမစ်နဲ့
အစွန်းထွက်တန်ဖိုးတွေ
လူနဲ့ ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားကနေ
သပိတ်မှောက်ကျောင်းသားသစ်
စစ်အာဏာရှင်တစ်ခေတ်ကိုဖြတ်အပြီးမှာ
လိမ်ကောက်နေတဲ့မြွေတွေ
အရေခွံလဲပြီးသွားပြီ
ငါတို့မသိတဲ့ မြို့တွေပေါ်လာတယ်
ငါတို့သိတဲ့သမိုင်းတွေပျောက်သွားတယ်
ငါတို့ယုံကြည်ချက်ကိုပြန်ရှာလို့မရခဲ့ဘူး
သေနတ်ကသူ့တာဝန်သူကျေခဲ့တယ်
ငါတို့က ငါတို့ယုံကြည်မှုတွေကို
လက်မောင်းတောင့်မခံနိုင်ဘူး
ကျားကိုဆွဲမဲ့ နွားက
သားလှီးဓားကိုချစ်ခဲ့သလိုမျိုး
ငါတို့ရဲ့အသားစကို
ငါတို့ပြန်ခွဲဖြဲရတယ်
ခေါင်းဆောင် လူထုနဲ့ ဒီမိုကရေစီ
စနစ်သစ်သုံးသုဉ်းဝခေတ်နဲ့
ဘုရားသား
ကျောင်းသား
စစ်သား
သေသော်မှသည်နောက်က
မြွေလိမ်မြွေကောက်များ
အရသာက
လျှာကိုဖြတ်မြည်းတဲ့မနက်မှာ
သွေးမုန်တိုင်းကို
ငါတို့ဆက်ဆိုရပါလိမ့်မယ် ။ ။ 

မင်းငြိမ်းအေး
၂၂.၁၀.၂၀၁၃