Breaking News

လွှတ်တော်အမတ်မှလွဲ၍ ၉ ဦးကို AA ပြန်လွှတ်လိုက်ဟု တပ်မတော်ဆို




လွှတ်တော်အမတ်မှလွဲ၍ ၉ ဦးကို AA ပြန်လွှတ်လိုက်ဟု တပ်မတော်ဆို

ဉာဏ်လှိုင်လင်း ၊ Myanmar NOW
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၉


ယမန်နေ့က ရခိုင်တပ်တော် (AA)မှ ဖမ်းဆီးခေါ်ဆောင်သွားသူများတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှလွဲ၍ ကျန် ၉ ဦးကို ယနေ့မနက်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ပြောသည်။

“လွှတ်တော်အမတ်ကလွဲလို့ နိုင်ငံခြားသား ၅ ယောက် အပါအဝင် စုစုပေါင်း ၉ ယောက် ပြန်လွတ်တယ်။ နိုင်ငံခြားသားတစ်ယောက်ကတော့ ဖမ်းဆီးခံရစဉ်မှာ သေဆုံးသွားတယ်။ ပြန်လွှတ်တော့ အလောင်း ပြန်ထည့်ပေးလိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။

ယနေ့မနက် ၆ နာရီလောက်တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး ကျောက်တော်နှင့် ၇ မိုင်ခန့်အကွာတွင် ရှိသည့် ကွင်းဆေးရွာမှ ပြန်လွတ်လာခြင်းဖြစ်ကြောင်း၊ ကျောက်တော်နှင့် ပလက်ဝတွင် လှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့မှာ AA သာရှိကြောင်း ၎င်းက ဆိုသည်။

၎င်းတို့ကို ကျောက်တော်မြို့မ ရဲစခန်းတွင် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး တပ်မတော်ကမူ နယ်မြေရှင်းလင်းကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လုပ်နေကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ၏ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းသည် နေပြည်တော်တွင် ယနေ့ပြန်စမည့် လွှတ်တော်အစည်းအဝေးတက်ရန် ရေလမ်းကြောင်းဖြင့် ချင်းပြည်နယ်၊ ပလက်ဝမှ ရခိုင်ပြည်နယ်၊ ကျောက်တော်သို့အသွား ပွေ့ကုန်းအမည်ရှိ နေရာတွင် ပျောက်ဆုံးနေခြင်းဖြစ်သည်။

သူနှင့်အတူ နိုင်ငံခြားသား ငါးဦး ၊ စကားပြန် နှင့် ယာဉ်မောင်းများအပါအဝင် စုစုပေါင်း ၁၀ ဦး ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယနေ့နံနက်တွင် ၉ ဦး ပြန်လွတ်လာခြင်းဖြစ်သည်။