Breaking News

မောင်စွမ်းရည် - ဆရာကြီးမင်းသုဝဏ်ရဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကဗျာတပုဒ်

Photo - Irrawaddy News


မောင်စွမ်းရည် - ဆရာကြီးမင်းသုဝဏ်ရဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကဗျာတပုဒ်

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၉

ဆရာကြီးမင်းသုဝဏ်ကို ၁၉၀၉ မှာ မွေးဖွားပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကာလမှာတော့ ဆရာကြီးရဲ့အသက် ရှစ်ဆယ်ထဲမှာပေါ့။ အေးအေးဆေးဆေး ဘုရားနဲ့ တရားနဲ့ နေရမယ့်အရွယ် ပေါ့။ ဒါပေမဲ့ ဆရာကြီးခမျာ အေးအေးဆေးဆေး မနေသာဘဲ မြန်မာ့သမိုင်းမှာ အဆူဆုံး အပူဆုံး ဖြစ်ရပ်ကြီးနဲ့ တွေ့ဆုံသွားရရှာပါတယ်။

ဆရာကြီး တက္ကသိုလ်မှာ ဆရာဖြစ်အရွယ်က ၁၉၃၆ တဲ့။ ကျွန်တော် မမွေးသေးဘူး။ ကိုနု၊ ကိုအောင်ဆန်း၊ မအုန်း၊ မအမာတို့ တက္ကသိုလ်သပိတ် ဆင်နွှဲတော့ ခေတ်စမ်းစာဆိုညီနောင် ဇော်နဲ့ ဝဏ်တို့က ရွှေတိဂုံဘုရား ကုန်းတော်ပေါ်ရှိ သပိတ်စခန်းကို သွားရောက်အားပေးကြသတဲ့။ အင်္ဂလိပ်ခေတ်ကတော့ အစိုးရ အမှုထမ်းတွေ ကျောင်းသားသပိတ်စခန်းကို သွားအားပေးလို့ အရေးယူတာမျိုး မရှိခဲ့တာကို ခုခေတ် တို့ဗမာ လူငယ်တွေအဖို့ မယုံနိုင်စရာပဲပေါ့နော်။ ဗမာ စစ်အစိုးရလက်ထက်မှာတော့ သပိတ်စခန်းနား ဖြတ်သွားမိရင်တောင် သေနတ်မမှန်ရင်တောင် အလုပ်ပြုတ်သွားနိုင်တယ်လေ။ ထားပါတော့။ ကြုံတုန်း နယ်ချဲ့ကျွန်နဲ့ စစ်ကျွန် နှိုင်းယှဉ်ကြည့်တာ ပါ။

ရှစ်လေးလုံး ဆန္ဒပြပွဲကလည်း နယ်ချဲ့ခေတ် ဆန္ဒပြပွဲနဲ့ မတူတော့ဘူး။ အလွန့်အလွန် မတူတာ။ သူ့ကျွန်ဘဝ၊ အင်္ဂလိပ်လက်အောက်မှာ ဆန္ဒပြကြရင် ကျောင်းသားတွေက ရွှေတိဂုံဘုရားကုန်းတေ်ာ ပေါ်က ဇရပ်တခုထဲကို သွားပြီး မိုးလုံလေလုံနဲ့ ဆန္ဒပြကြတာ။ ဗမာစစ်အစိုးရခေတ်မှာတော့ လမ်းမ လယ်ကောင်၊ ညဉ့်နက်သန်းခေါင်မှာ၊ မိုးထဲလေထဲ ဆန္ဒပြပွဲ လုပ်ကြတာ။ အစာငတ်ခံ ဆန္ဒပြပွဲ။ ကျောင်းသားလူငယ်တွေ ထောင်ချီပြီး မိုးထဲလေထဲမှာ ဆန္ဒပြကြတာ။ ကျွန်တော်တို့ရပ်ကွက်က ဝဂ္ဂီ ရပ်ကွက်ဆိုတော့ ဆန္ဒပြတဲ့ ကမာရွတ်၊ ပြည် နှစ်လမ်းဆုံ အဝိုင်းကြီးနဲ့ နီးစပ်တယ်။ တက္ကသိုလ်နဲ့ လည်း နီးတယ်။ ကျောင်းသားတွေ၊ စာရေးဆရာတွေ၊ အလုပ်သမားတွေ အများဆုံး နေထိုင်ကြတဲ့ ပတ်ဝန်းကျင်‌ပေါ့။ ပြည်လမ်းဆုံ ဆိုတာကလည်း သုံး၊ လေးလမ်း ဆုံတာ မဟုတ်ဘူး။ လမ်းမကြီး ငါးလမ်းတောင် ဆုံတဲ့ လမ်းဆုံ။ ရန်ကုန်မြို့တော်ရဲ့ လမ်းဆုံတွေမှာ အင်္ဂလိပ်အစိုးရက အဝိုင်းခုံး ကြီးတွေ လုပ်ပြီး မြက်ပင်တွေ စိုက်ထားတယ်။ ကားတွေက အဝိုင်းကြီးကို ကွေ့ပတ် ဖြတ်သန်းကြရ တော့ ကားတိုက်မှု အလွန်နည်းတယ်။ နေဝင်မိုးချုပ်ချိန်၊ လသာချိန်တို့မှာ တက္ကသိုလ်ကျောင်းသား တချို့က မြက်ခင်းပေါ်မှာ လေညင်းခံရင်း ထိုင်ပြီး စကားဝိုင်းဖွဲ့ကြဖူးတယ်။ ပြဿနာက လူသွား လမ်းဆုံမှာ ဆန္ဒပြကြတာပါပဲ။ ဗိုလ်နေဝင်းက ဒါတွေကို မျက်စိနောက်တယ်လေ။ သူလည်း အာဏာရလာရော၊ သူ့ဉာဏ် တမိုက်တထွာနဲ့ ကမာရွတ်အဝိုင်းကြီးကို ဖြုတ်ပစ်လိုက်တယ်။ ဖြုတ်ပစ်တော့ နေရာပိုကျယ်သွားတာပေါ့။ ဆန္ဒပြသူ ရာဂဏန်းပဲ လက်ခံနိုင်တဲ့ နေရာမှာ ထောင် သောင်း ထိုင်လို့ရသွားတယ်။ ကားတွေတော့ မလာနဲ့ပေါ့။ ရှစ်လေးလုံး ဆန္ဒပြတုန်းကတော့ သစ်တုံးတွေ၊ သစ်ပင်တွေနဲ့ လမ်းပိတ်ချထားလိုက်တာ စစ်ကားတွေ၊ ရဲကားတွေတောင် ဝင်လို့မရ တော့ဘူးပေါ့။

ကမာရွတ် အဝိုင်းကြီးမှာ ဆန္ဒပြကြတယ်ဆိုတော့ ကမာရွတ်၊ လှည်းတန်း စတဲ့ အနီးဝန်းကျင်က လူတွေ အကုန်ထွက်လာကြတယ်။ ကလေးတွေရော၊ ခွေးတွေရော၊ အဘိုးကြီး အဘွားကြီးတွေရော ပေါ့။ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် မိသားစု၊ စိန်ခင်မောင်ရီ မိသားစု စသဖြင့် ပါတယ်။ သင်္ချာပါမောက္ခဦးခင်မောင်ဝင်းနဲ့ သူ့ဇနီး စာရေးဆရာမ ‌ရွှေရည်ဝင်းလည်း ပါတယ်။ စိန်ခင်မောင်ရီ တို့ ညီအစ်ကိုတွေလည်း ဘာနေမလဲ။ လာကြတာပေါ့။ ဟောပြောကြတာပေါ့။ ကျွန်တော်က စာရေးဆရာတွေနဲ့ အသိများသူဆိုတော့ သူတို့ကို ဟောပြောပွဲ အသံချဲ့စက်ရှိရာ ဆွဲဆွဲခေါ်သွားပြီး ‘အားပေးစကားလေး ချီးမြှင့်ပါ’ လို့ ပြောရတာပေါ့။ ညလုံးပေါက် ထိုင်နေကြရတဲ့ ကလေးတွေ အလယ်မှာ စောင်ကလေးနဲ့ တဲလုပ်ပြီး ကွေးကုပ်နေရှာတဲ့ ဆန္ဒပြသူတဦးကတော့ ကဗျာဆရာ အကျော်အမော် မောင်စိန်ဝင်း(ပုတီးကုန်း)။ သူကလည်း အစိုးရအမှုထမ်း အင်ဂျင်နီယာကြီးပါ။ မောင်စွမ်းရည်လို လမ်းသလားနေတာ မဟုတ်ဘူး။ ဘာလို့လဲ မသိဘူး။ ငြိမ်ကုပ်နေရှာတယ်။

ဆန္ဒပြဝိုင်းထဲမှာ ထိုင်နေကြသူတွေထဲမှာ ကျွန်တော်နေတဲ့ ဝဂ္ဂီရပ်ထဲက ကျောင်းသားလေးတွေက လည်း အများကြီးပဲ။ ကမာရွတ်ရပ်ကွက်ထဲမှာ နေတဲ့ တင်မိုးတို့ ရွာသားတချို့ကလည်း နှုတ်ဆက် ကြတယ်။ တင်မိုးရဲ့ သူငယ်ချင်းရဲ့သားဆိုတော့ တင်မိုး နာမည်ပေးခဲ့တာဆို ထင်ပါရဲ့။ ဒီလိုနဲ့ ကျွန်တော်လည်း ဝိုင်းထဲ ဝင်မထိုင်ရဘဲ တညကုန်ခါနီးသွားတယ်။ အရုဏ်တက်ခါနီးမှာ လှည်းတန်း လမ်းဘက်ကနေပြီး အဘိုးကြီးတယောက် ထွက်လာတယ်။ ဘေးက အမျိုးသမီးငယ်တယောက်က တွဲခေါ်လာတယ်။ သူ့သမီးပေါ့။ ဦးထွန်းလင်းခြံ လမ်းထဲက ထွက်လာခဲ့ကြတာပေါ့။ သူတို့အိမ်က အဲဒီလမ်းထဲမှာကိုး။ ကျွန်တော်ကတော့ အဝေးကြီးက လှမ်းမြင်နေလို့ ထွက်ကြိုတယ်။ ကဗျာဆရာ ကြီး မင်းသုဝဏ်လေ။ ကိုနုတို့၊ ကိုအောင်ဆန်းဆို့ ဆန္ဒပြချိန်ကလို လူငယ် ကျောင်းဆရာပေါက်စ လေး မဟုတ်တော့ဘူး။ အငြိမ်းစားအဘိုးကြီး ဖြစ်နေပြီ။ မှတ်မိကြမှာပေါ့။ ဗိုလ်နေဝင်းက ‘ခရစ်ယာန်ကြီး ဖေမောင်တင်ရဲ့ တပည့် မကျက်တကျက်ပေါင်မုန့်’လို့ ပြောပြီး တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှာ မြန်မာအဘိဓာန် ပြုစုနေတဲ့ အဘိုးကြီးကို အလုပ်ခွင်က နေ ဖယ်ရှားပစ်ခဲ့တာလေ။

တကယ်တော့ မြန်မာပြည်မှာ မြန်မာစာ မြန်မာစကားကို ဘာသာသိပ္ပံပညာနဲ့ သင်ယူလေ့လာ တတ်ကျွမ်းသူ၊ လေ့လာသူ၊ အဘိဓာန်ပညာ (လက်စီကိုဂရပ်ဖီ) စနစ်တကျ သင်ယူတတ်ကျွမ်းသူက ဆရာမင်းသုဝဏ် တဦးပဲ ရှိတာပါ။ ဗိုလ်နေဝင်းခမျာ သူ့ကို တက္ကသိုလ်က ကျောင်းထုတ်ခဲ့ဖူးတဲ့ အငြိုးက မပြေနိုင်ဘူး။ ဆရာကြီးအဖို့ကတော့ သူ့တိုင်းပြည်ကို အစွမ်းကုန် မလုပ်ကျွေးရလို့ စိတ် မကောင်းရှာဘူး။ ဒါပေမဲ့ ဂျပန်တက္ကသိုလ်ဟာ အထူးချွန်ဆုံး မြန်မာပညာရှင်၊ ကဗျာဆရာကြီးတဦး ကို ရရှိသွားခဲ့ပါတယ်။ ဆရာကြီးကလည်း ဂျပန်-မြန်မာ အဘိဓာန်ငယ်တခုတောင် ပြုစုလိုက်သေး။ လခလည်း ကောင်းကောင်းရတယ်လေ။ ဂျပန်က ပြန်လာတော့ ဦးထွန်းမင်းခြံလမ်းမှာ အိမ် တဆောင် မီးတပြောင်နဲ့ နေနိုင်ခဲ့တယ်။ ဒါပေမဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ဆုံရတယ်လေ။ တိုင်းပြည်ကတော့ ကံအဆိုးဆုံးကာလထဲ ရောက်နေတဲ့ ကာလပေါ့။

ကဗျာဆရာကြီးက မျိုးချစ်စာဆိုကြီးပါ။ ဆရာကြီး တက္ကသိုလ်မှာ ကျောင်းဆရာဖြစ်စက ကိုနု၊ ကိုအောင်ဆန်းတို့ သပိတ်နဲ့ ဆုံသလို ခုလည်း ကိုအောင်ဆန်းရဲ့သမီး အောင်ဆန်းစုကြည် ပါဝင် လှုပ်ရှားတဲ့ သပိတ်ကြီးနဲ့ ဆုံပြန်ပြီ။ စစ်အစိုးရ ဆိုတာကတော့ နိုင်ငံခြား အစိုးရထက် ရက်စက် ကြမ်းကြုတ်တာပေါ့။ ဒါကြောင့် ဆန္ဒပြပွဲကလည်း ပိုမိုကြီးကျယ် ပြင်းထန်လာတာပေါ့။ အရုဏ် တက်အထိ ဆူဆူညံညံတွေ ကြားနေရလို့ ဆရာကြီးက မနေနိုင်ဘဲ ထလာဟန်တူပါရဲ့။ သူ့သမီး လိုက်ပို့တယ်။ ကျွန်တော်ကလည်း ဦးခင်မောင်လတ်တို့၊ ဒေါ်ခင်မျိုးချစ်တို့၊ စိန်ခင်မောင်ရီတို့လိုပဲ ဆရာကြီးကို ဆီးကြိုဖိတ်ခေါ်ပြီး ကလေးတွေကို အားပေးစကားပြောပေးဖို့ ပန်ကြားချင်တယ်။ ဒါပေမဲ့ ဆရာကြီးခမျာ မရှူနိုင် မကယ်နိုင်နဲ့ မျက်ရည်တွေကျပြီး တလှိုက်လှိုက်နဲ့ ရှိုက်နေရှာပါ တယ်။ သူ့သမီးက ဘေးက နှစ်သိမ့်ရှာတယ်။ သမီးက မထားချို ဆိုတဲ့ အငယ်ဆုံးကလေး ဖြစ်မှာ ပေါ့။ ဆရာကြီးကို ဖေးမပြီး ပြန်ခေါ်သွားရှာလေရဲ့။

ဆရာကြီးနဲ့ ကျွန်တော် စကားပြောနေတာကို ခပ်လှမ်းလှမ်းက လူငယ်တစုက ဂရုစိုက်ကြည့်နေ တယ်။ ကျွန်တော်က စာရေးဆရာတွေကို ဖိတ်ခေါ်ပြီး စကားပြောဖို့ ရှေ့ကို ခေါ်ခေါ်လာတာကိုး။ ခုလည်း ဘယ်သူ့ကိုများ ခေါ်လာဦးမလဲပေါ့။ အဲဒီအစုထဲမှာ တင်မိုးရဲ့သူငယ်ချင်း ကန်မြဲရွာသား လေး တဦး ပါတယ်။ သူက ဓာတုဗေဒက ကျူရှင်ဆရာ။ တင်မိုးလို မြန်မာစာဆရာတော့ မဟုတ် ဘူး။ သူက ပရိသတ်ထဲက ထလာပြီး “ခုနတုန်းက ဆရာနဲ့ စကားပြောနေတဲ့ အဘိုးကြီးက ဘယ်သူ လဲ”တဲ့။

“ဟဲ့… အဲဒါ မင်း မသိဘူးလား၊ ကဗျာဆရာကြီး မင်းသုဝဏ်လေ” လို့ ပြောလိုက်တော့ သူက ကျွန်တော့်ကို ခုန်ဖက်ပြီး “ဟာ… ဆရာ၊ ဘာလို့ လွှတ်လိုက်ရသလဲ၊ အားပေးစကားလေး မိန့်ကြား ပါဦးလို့ မေတ္တာမရပ်ခံဘူးလား”တဲ့။

“မောင်မိုးဟိန်းရေ…ငါပါဟဲ့၊ ဘယ်နေမလဲ၊ ဒါပေမဲ့ ဆရာကြီးက စကားမပြောနိုင်ရှာဘူး။ ဝမ်းနည်း လို့တဲ့၊ မျက်ရည်တွေကျပြီး တလှိုက်လှိုက် တရှိုက်ရှိုက် ဖြစ်နေတော့ ဇွတ်မဆွဲရက်ပါဘူးကွာ။ တော်ကြာ အသက်ပါသွားမှဖြင့်” လို့ ကျွန်တော်က ဖြေပါတယ်။

သူတို့က “လိုက်ပါဦး ဆရာရဲ့၊ ပရိသတ်ရှေ့မှာ ဆရာကြီး ရပ်ပြသွားရင် တော်ပါပြီ။ လိုက်ပါ၊ လုပ်ပါ၊ ခေါ်ပေးပါ”တဲ့။ ဇွတ်ပြောကြတော့ ကျွန်တော်ကလည်း မနေနိုင်တော့ဘဲ ဆရာကြီးရဲ့နောက်ကို ပြေးလိုက်ရတယ်။ ဆရာကြီးက ဝမ်းနည်းစကားတွေ ပြောပြီး “ငါ လူရှေ့သူ့ရှေ့ ဣန္ဒြေပျက်ရပါတယ် ကွာ၊ ငါ့စိတ်ငါ မထိန်းနိုင်ပါဘူး၊ ငါ ကဗျာတပုဒ် ရေးပေးလိုက်မယ်၊ အကျိုးအကြောင်း ရှင်းပြပြီး မင်းပဲ ဖတ်ပြလိုက်ပါတော့” ဆိုပြီး ကဗျာတပုဒ် ရေးပေးလိုက်ပါတယ်။ အဲဒီကဗျာကတော့…

“ကမာရွတ် ပြည်လမ်းဆုံ အစာငတ်ခံ ဆန္ဒပြသူများသို့”

ဇာနည်နွယ်ဖွား၊ သမီး သားတို့
အမိုးမရှိ၊ လွင်တိတိတွင်
အမိမနီး၊ ဖမနီးနှင့်
ရေစီးထဲမှာ ထိုင်နေပါသည်။

ဇာနည်နွယ်ဖွား၊ သမီး သားတို့
အစာမစား၊ လွန်စွန့်စားကြ။

အစာမစား၊ လွန်စွန့်စားသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
စိတ်အားကိုမွေး၊ မိုးအေးအေး၌
မငေးမငိုက်၊ မေးခိုက်တုန်လျက်
ပြုံးလိုက်ကြည်ရွှင်၊ နေသည်မြင်သော်
ငါ့ရင်ကွဲမျှ၊ ခံစားရလည်း
မြန်မာ့သတ္တိ၊ တန်ခိုးရှိဟု
သိရသောအခါ၊ ငါ ဝမ်းသာသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
ကိုယ်စိတ်နှစ်ပါး၊ အေးစေသားဟု
တောင်းဆုခြွေလိုက်ရပါ၏ဗျား။ ။

မင်းသုဝဏ်
၁၆-၉-၈၈
မနက် ၆ နာရီ၊ ထွန်းလင်းရိပ်သာ

ကျွန်တော် ဒီကဗျာလေးကို ယူပြီး ဆရာ့ဆီက ပြန်လာတာ မြင်တော့ ဆန္ဒပြတဲ့အထဲက တယောက် က ကျွန်တော့်ဆီ ပြေးလာပြီး “ဆရာကြီးက ကဗျာပေးလိုက်သလား၊ ပြစမ်းပါ” ဆိုပြီး ကျွန်တော့် လက်ထဲက ဆွဲယူထွက်ပြေးသွားပါတော့တယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိလိုက်ဘူး၊ အငိုက်မိသွားတာလေ။ ဘေးက ကလေးတွေကလည်း ဘယ်ကောင်လဲ၊ ဘာကောင်လဲ၊ ဘာလုပ်တာ လဲပေါ့။ သူတို့ကလည်း အဲဒီငနဲကို ဖနောင့်ဖျားတောင် မမြင်လိုက်ရဘူး။ သိပ်မကြာဘူး။ ငနဲသား ပြန်လာပြီး “ရော့ ဆရာ၊ ကျွန်တော် မိတ္တူကူးလာတယ်၊ မူရင်း ကျွန်တော် ယူသွားပြီ”ဆိုပြီး ပြန်ထွက်ပြေးပါလေရော။ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ စိတ်ဆိုးချိန်တောင် မရဘူး။ ကဗျာစာရွက်ကလေး ကြည့်ရှုစစ်ဆေးပြီး မိတ္တူမှန် သေချာလို့ ပရိသတ်ရှေ့သွားပြီး ဖတ်ပြရတာ ပေါ့။ ပရိသတ်ကလည်း ဆရာကြီးရဲ့ ကဗျာဆိုတော့ အားတက်ကြတာပေါ့။

“နောက်တကြိမ် ဖတ်ပြပါဦးဗျို့” တဲ့။

ဒါနဲ့ထပ်ပြီး တကြိမ်ဖတ်ရပြန်တယ်။

“ထပ်ဖတ်ပါဦးဗျို့”တဲ့။

လက်ခုပ်သံ၊ လက်ခေါက်မှုတ်သံတွေ မိုးလုံးညံပေါ့။ ဒါလည်း မပြီးဘူး။ နောက်တကြိမ်၊ နောက် တကြိမ်။

ပရိသတ်က နားတော့မှ ကျွန်တော်လည်း နားပြီးတာနဲ့ အိမ်ပြန်ရပါတယ်။ အိမ်က ဝဂ္ဂီရပ်ထဲမှာ ဆိုတော့ မဝေးပါဘူး။ အိမ်မှာ ခဏနား၊ စားသောက်ပြီး မြို့ထဲကို ထွက်ခဲ့ပါတယ်။ ၃၃ လမ်းမှာ သူငယ်ချင်း မောင်မိုးသူကို ရှာရတယ်။ သူက ဂျာနယ်တစောင် အရေးပေါ်ထုတ်နေတာလေ။ သူ့အမည်ရင်းက မောင်စိန်မြင့် ဆိုတော့ ကျွန်တော်က “ဟေ့ သူငယ်ချင်း မောင်စိန်၊ မင့်ဂျာနယ်ကို ကဗျာပေးဖို့လာတာ”လို့ အားတက်သရော ပြောတော့ ဘိုကျောင်းထွက် မောင်ဖိုးစိန်က “နိုး”တဲ့။ “ဘယ်သူ့ကဗျာမှ မထည့်ဘူး”တဲ့။ ကျွန်တော် စိတ်ဆိုးသွားပြီး “မထည့်လည်း နေကွာ၊ ဆရာကြီး မင်းသုဝဏ်ရဲ့ကဗျာဟေ့” လို့ အော်ပြီး ထွက်ပြေးခဲ့ပါတယ်။ ငနဲသားလည်း ပါးစပ်အဟောင်းသားနဲ့ “ဟေ့ကောင် ဟေ့ကောင်၊ နေဦးလေကွာ၊ နောက်တာပါကွာ” ဘာညာ အော်ဟစ်ရင်း ကျန်ရစ်လေရဲ့။

အိမ်ပြန်ရောက်တော့ ကျွန်တော့်အိမ်ရှေ့ကအိမ်က ကျွန်တော့်ကို လှမ်းခေါ်တယ်။ “ဆရာရေ၊ မန္တလေးက ဖုန်းလာတယ်”တဲ့။ ကျွန်တော်လည်း အံ့အားသင့်ပြီး “ဘယ်သူက ဘာကိစ္စပါလိမ့်”လို့ တွေးရင်း အပြေးဆင်းပြီး ဖုန်းကိုင်လိုက်ပါတယ်။

“အလိုလေး… ဒေါ်ဒေါ်ပါလား (လူထုဒေါ်အမာလေ)၊ ဒေါ်ဒေါ် … ကျွန်တော်ပါ။ ဘာကိစ္စလဲ” ဆိုတော့ “မင်းနဲ့ တင်မိုးရဲ့ ကဗျာတပုဒ် လိုချင်လို့၊ ငါတို့ ရှစ်လေးလုံးဂျာနယ် ထည့်ချင်လို့။ ခု မင့်မှာ အလွယ်မပါဘူးလား၊ ကဗျာတပုဒ် အမြန်လိုချင်တယ်”တဲ့။

“ဒေါ်ဒေါ်ရေ… ကျွန်တော်တို့ ကဗျာ မပါဘူး၊ မရှိဘူး၊ သူများ ရေးတာ တပုဒ်တော့ အိတ်ကပ်ထဲမှာ အသင့်ပါတယ်။ ဒေါ်ဒေါ်ကြိုက်ရင် ထည့်ပေါ့”ဆိုတော့ ဒေါ်ဒေါ်က “ကဗျာက ကောင်းရဲ့လား၊ မင်းတို့ ဟာ မရလည်း ရတာ ထည့်ရမှာပေါ့။ မင်း သင့်တော်မယ်ထင်ရင် ဖတ်ပြ၊ ငါကိုယ်တိုင် ကူးမယ်”တဲ့။

ဒေါ်ဒေါ်လည်း ဘုမသိဘမသိနဲ့ ကဗျာ လိုက်ကူးရှာတယ်။ ပြီးတော့မှ “မင်းသုဝဏ်၊ ၁၆-၉-၁၉၈၈” လို့ အဆုံးသတ်လိုက်တဲ့အခါ “ဟယ်… ခွေးကောင်၊ ငါ့ကို နောက်တယ်၊ ဝမ်းသာလိုက်တာကွယ်၊ ကျေးဇူးပါပဲကွယ်” ဆိုပြီး ဖုန်းချလိုက်ပါတယ်။ ဇာတ်လမ်းက ဒီမှာ ဆုံးဖို့ပါပဲ။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်ကျတော့ ဇာတ်လမ်းက ပြန်ဆက်ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို ဒီနှစ် စာပေ ဟောပြောပွဲ ဖိတ်ကြားခံရသူတွေထဲမှာ ဆရာကြီး မင်းသုဝဏ် ဂုဏ်ပြုတဲ့ ပရိသတ်ထဲက တယောက် ပါလာတယ်လေ။

အမေလူထုဒေါ်အမာရဲ့သားလည်း ပါလာတယ်။ ညီပုလေးတဲ့။ မောင်စိန်ဝင်း(ပုတီးကုန်း)ပေါ့။ သူတို့နဲ့ စကားစပ်မိကြတော့ ဘေးကလူတွေကလည်း စိတ်ဝင်စားကြတယ်။ ကျွန်တော့်မှာ အဲဒီ ကဗျာလေး ရှိသေးတယ်ဆိုတော့ သူတို့က အိမ်ပြန်ယူပေးပါတဲ့။ ဒါနဲ့ သူတို့ကို အစစ တာဝန်ယူ စီစဉ်ပေးနေရတာ။ ကျောင်းသားခေါင်းဆောင်(ဟောင်း) ကိုနေတင်မြင့်က ကျွန်တော့်ကို အိမ်ပြန်ပို့ ရင်း လိုက်ယူပါတယ်။ သူတို့ကို ကျွန်တော်ကိုယ်တိုင်တော့ ဖတ်မပြနိုင်တော့ဘူး။ ဆရာ့လက်ရေးမူ မိတ္တူက ရှာမရလို့ ဆရာ့ရဲ့ ကဗျာပေါင်းချုပ် ‘အင်းယားကန်သို့ အိုကူးတို့’ စာအုပ်အဖုံး အတွင်းဘက် မှာ ကူးထားတဲ့ ကဗျာကိုပဲ ဓာတ်ပုံရိုက်ပေးလိုက်ရပါတယ်။

နောက်တခါ ဆရာကြီးရဲ့ ကဗျာပေါင်းချုပ် ပြန်ရိုက်ရင် ဒီကဗျာလေးကိုလည်း ထပ်ဖြည့်ထည့်ပေးနိုင် အောင် ထပ်မံဖြန့်ချိလိုက်ပါတယ်။ မူရင်းလက်ရေးကို လုယူသွားသူကိုတော့ နောက် ကြုံမှပဲ ပြောပါ တော့မယ်။ သူ့အိမ်ကိုသွားပြီး ရိုက်လုပေးမယ်ဆိုရင် ကျွန်တော်လည်း အဲဒီကဗျာကို မူရင်းပြန်ရချင် ပါတယ်။ ကျွန်တော် လိပ်စာရှာပေးပါမယ်။

မန္တလေး ရှစ်လေးလုံးဂျာနယ်မှာ အဲဒီကဗျာကို ပြန်ရှာပြီး ဖတ်ရှုသိမ်းဆည်းနိုင်ပါတယ်။

ဆရာကြီးမင်းသုဝဏ်ဟာ ကိုနု၊ ကိုအောင်ဆန်းတို့ရဲ့သပိတ်ကို သွားပြီး အားပေးတုန်းကလည်း သပိတ်မှောက်ကျောင်းသူ မအမာကို ကဗျာလေးတပုဒ် ရေးပေးခဲ့ပြီး အားပေးခဲ့တာ။ အမေ လူထုဒေါ်အမာရဲ့ စာတွေထဲမှာ ဖတ်ဖူးကြမှာပါ။ ခုလည်း ရှစ်လေးလုံး ဆန္ဒပြပွဲမှာ ကဗျာတပုဒ်နဲ့ အားပေးခဲ့၊ ဂုဏ်ပြုခဲ့ပြန်ပါတယ်။ ဒီတခါလည်း ဆန္ဒပြ ရှစ်လေးလုံးဂျာနယ် ထုတ်ဝေသူ ဒေါ်အမာရဲ့ လက်ထဲကိုပဲ ဒီကဗျာလေး တန်းရောက်သွားခဲ့ပါတယ်။ အမေမာကလည်း ဆရာ့ကဗျာကို အဦးဆုံး ဖြန့်ချိခွင့်ရခဲ့ပါတယ်။ မင်းသုဝဏ်ရယ်၊ သပိတ်မှောက် ကျောင်းသူဟောင်း မအမာရယ်၊ သပိတ်ရေစက်ကလည်း ကုန်ပဲ ကုန်နိုင်ပေါင်လို့ ဆိုရမယ်။ ဆရာကြီးနဲ့ အမေမာတို့ ဘဝဆက်တိုင်း မတရားမှုတွေကို အတူဆန့်ကျင်နိုင်ကြပါစေသတည်း။

မောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ မောင်စွမ်းရည်… ကဗျာဆရာ နှစ်ဦးလည်းလည်း နောက်တော်ပါးက အမြဲပါရပါစေသတည်း။

မောင်စွမ်းရည်
၂၀၁၉ အောက်တိုဘာ ၁၁
နယူးယောက်