Breaking News

ထိုင်းရှိ မြန်မာအလုပ်သမားသံအရာရှိဟောင်း အဂတိမှုဖြင့် အမှုဖွင့်ခံရ


အလုပ်သမား သံအရာရှိဟောင်း ဦးစန်းမောင်ဦး (ဓာတ်ပုံ - ထိုင်းအလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)


ထိုင်းရှိ မြန်မာအလုပ်သမားသံအရာရှိဟောင်း အဂတိမှုဖြင့် အမှုဖွင့်ခံရ

ဟေမာန်ပြည့် (Myanmar NOW)

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၉
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိ အပါအဝင် သုံးဦးအား အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များဖြင့် အမှုဖွင့်လိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ကြေညာလိုက်သည်။

ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦးသည် ကုမ္ပဏီ(၁၂) ခုထံမှ လာဘ်ငွေ ထိုင်းဘတ်ငွေ ၅ သိန်း ၇ သောင်းကျော် (ကျပ်သိန်း ၂၉၀ နီးပါး) နှင့် ကုမ္ပဏီ (၁၆) ခုထံမှ ထိုင်းဘတ်ငွေ ၃ ဒသမ ၈ သန်း (သိန်း ၂၀၀၀ နီးပါး) ကို လက်ခံရယူခဲ့ကြောင်း တိုင်ကြားစာရရှိသဖြင့် စုံစမ်းစစ်ဆေးခဲ့ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

အလုပ်သမား သံအရာရှိဟောင်းသည် တာဝန်ထမ်းဆောင်နေစဉ် ကာလများဖြစ်သည့် ၂၀၁၇ မှ ၂၀၁၉ အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က စွပ်စွဲပြီး တရားစွဲရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ၎င်းအပြင် အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီခဲ့ကြကြောင်း စွပ်စွဲချက်ဖြင့် ဒေသခန့်ဝန်ထမ်း နှစ်ဦးအားလည်း အမှုဖွင့်ထားသည်။

လတ်တလောတွင် ၎င်းတို့ သုံးဦးလုံး ဖမ်းဆီးခံထားရခြင်း ရှိမရှိကိုတော့ မသိရှိရသေးပါ။

စုံစမ်းစစ်ဆေးရာတွင် ကော်မရှင်က မြန်မာနိုင်ငံဗဟိုဘဏ်မှ စာရင်းများကို တောင်းခံစစ်ဆေးခြင်းအပြင် တိုင်ကြားခံရသူသည် ပြည်ပတွင် ကျူးလွန်သည့် ကိစ္စဖြစ်သည့်အတွက် ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ထိုင်းဘဏ်တစ်ခုမှ ဘဏ်စာရင်းများ တောင်းခံရယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့သည့် အဂတိလိုက်စားမှုများအနက် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဟောင်း ဒေါက်တာသန်းထွဋ် စသည်တို့မှာ ရာထူးအကြီးဆုံးအမှုများပင် ဖြစ်သည်။