Breaking News

ခြေချုပ်နှင့်ဘကြီးမိုး



ခြေချုပ်နှင့်ဘကြီးမိုး

(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၉
ဘကြီးမိုးဟာ ၃၁လမ်း အထက်လမ်းမှာနေပါတယ်။ ၃၁လမ်းအထက်လမ်းဆိုတာ ဗိုလ်ချုပ်လမ်းနဲ့ အနော်ရထားလမ်းကြားမှာရှိပါတယ်၊ ဆူးလေဘုရားလမ်းမကြီးနဲ့တော့ တစ်လမ်းပဲကွာတာပေါ့လေ၊ ဘကြီး မိုးဟာ အသက်အရွယ်အားဖြင့် ၈၃နှစ်ရှိပြီဖြစ်လေတော့ အပြင်မိတ်ဆွေတွေရှိရာ လက်ဖက်ရည်ဝိုင်းကို သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက်ပဲသွားနိုင်ပါတယ်၊ အဲလိုသွားဖိုဆိုတာကလည်း ဘကြီးမိုးရဲ့ မိတ်ဆွေတွေက မနက်စောစော ၇နာရီလောက်မှာ တယ်လီဖုန်းဆက်ပြီးလာခေါ်ပါတယ်၊ သူတို့ရဲ့ကားက ဗိုလ်ချုပ်လမ်း ဆန်ထ ရယ်ဟိုတယ်ဘေးကနေပြီး ၃၁လမ်းထဲဝင်လာရင် ပထမအခန်းက လှေကား ၁၉ထစ်ကိုဆင်းပြီး လှေကားရဲ့ အုတ်ခုံပေါ်မှာထိုင်စောင့်ရပါတယ်၊ 

မိတ်ဆွေကိုသန်းဝင်းရဲ့ကားလာရင် ဘကြီးမိုးကို ကားပေါ်သို့ အိမ်က မဝေကလိုက်ပို့ပါတယ်၊ ကားပေါ်ရောက်တာနဲ့ ဘကြီးုတို့ ကိုသန်းဝင်းတို့က ပြည်သူ့ရင်ပြင်က မောနင်းစတား ဆိုင်ကိုသွားဖြစ်ပါတယ်၊ မောနင်းစတားဆိုင်ရောက်ရင်လည်း ဆိုင်ရှေ့တည့်တည့်မှာကားရပ်ပြီး ဟွန်းတီးလိုက် ရင် ဆိုင်ထဲကကလေးတွေက ဘကြီးမိုးကိုခေါ်လာပြီး ရီဇက် စားပွဲဝိုင်းကို လိုက်ပို့ နေရာချပေးပြီး ဘကြီးမိုး ကိုဘာစားမလဲမေးပါတယ်။ ဘကြီးမိုးက နန်းပြားသုတ် သို့မဟုတ် ဝက်မြီးရှည်တစ်ဝက်မှာပါတယ်၊ တစ်ပွဲမ ကုန်လို့ပါ၊ ဒါအပြင် မပဲ ဘယာကြော်တစ်ပွဲနဲ့ ပဲပြုတ်နှမ်းထောင်းနဲ့နယ်ထားတဲ့ ငါးချိတ်ပေါင်းတစ်ပွဲလည်းပါပါ တယ်၊ ငါးချိတ်ပေါင်းထဲမှာ ဆိုင်မှာထည့်နေကြ အုန်းသီးများမထည့်ခိ်ုင်းပါ၊ ပဲပြုတ် ငါးချိတ်ပေါင်း နှမ်းထောင်း တစ်ဇွန်းနှစ်ဇွန်းကို မတ်ပဲဘယာကြော်နဲ့စား၊ အဲဒီအချိန်မှာဘကြီးမိုးအတွက် စပါယ်ရှယ်လက်ဖက်ရည်တစ်ခွက် ကရောက်နေပါတယ်၊ ဘကြီးမိုးရဲ့လက်ဖက်ရည်ခွက်က တစ်ဝက်ပဲခင်ဗျ။ 

အဲဒီမှာမှ ဘကြီးမိုးတို့သောကြာ စကားဝိုင်းတွင် မိတ်ဆွေများနှင့်ပြောဖြစ်ပါတယ်၊ အကြောင်းအရာကတော့ စီးပွားရေးအကြောင်း၊ နိုင်ငံရေးအ ကြောင်း အစုံပေါ့၊ စနေ၊ တနင်္ဂနွေရက်များမှာလည်း မနက်ပိုင်းမှာ လာခေါ်တဲ့ အောင်သူ(ပဉ္စဂံစာပေ) တို့နှင့်မောနင်းစတားကို လာဖြစ်ပြန်ပါတယ်၊ စကားဝိုင်းလည်းဖွဲဲ့ဖြစ်ပြန်ပါတယ်၊ 

တနင်္ဂနွေနေ့ကြတော့ သားကြီး မောင်ပန်းသီးရဲ့သူငယ်ချင်း မောင်မြင့်ဦး ဂျေဂျေမော်တော်ကားလုပ်ငန်း ကလာခေါ်တယ်။ မောင်မြင့်ဦးနဲ့ ကျတော့ ဘကြီးမိုးက တော်ဝင်နှင်းဆီစားသောက်ဆိုင်က စိုးဝင်းဆီသွားပါတယ်၊ တော်ဝင်နှင်းဆီစိုးဝင်းဆိုတာ ဘကြီးမိုးထက် ၁၀နှစ်တိတိငယ်ပြီး ဘကြီးမိုးရဲ့ညီတစ်ယောက်လိုပါပဲ၊ အရင်ကတော့ မြန်မာပြည်တနံတ လျားမှာ ဘကြီးမိုးနဲ့ ကားတစ်စီးနဲ့အတူသွားခဲ့လာခဲ့ကြတာပေါ့၊ ကျန်းမာရေးမကောင်းလို့ အပြင်မထွက်နိုင်တာ ကြာပြီ၊ အခုနလန်ထနိုင်လို့ လမ်းပြန်လျှောက်နိုင်လို့ သူနဲ့ တော်ဝင်နှင်းဆီမှာပြောဖြစ်ဆိုဖြစ်ကြတာပါ၊ 

အဲဒါကတော့ ဘကြီးမိုးရဲ့ပုံမှန် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ရက်များမှာ ကိုသန်းဝင်း၊ မောင်အောင်သူ၊ မောင်မြင့်ဦးတို့ လာခေါ်လေ့ရှိပြီး ဘကြီးမိုးသွားဖြစ်ခဲ့တဲ့ မနက်ပိုင်းအစီအစဉ်တွေပေါ့၊ အဲဒီမနက်ပိုင်းအစီ အစဉ်ကပြန်လာပြီး အိမ်ရောက်ရင် ဘကြီးမိုးက ကွန်ပြူတာရိုက်တဲ့ ဟန်သစ်နိုင်နဲ့ဆောင်းပါးတစ်ပုဒ်ကိုရေးဖြစ် ရိုက်ဖြစ်ပါတယ်။ ဘကြီ်းမိုးက ပုံမှန်အားဖြင့် တစ်ပါတ်ကို မော်ဒန်ဂျာနယ်၊ ကုမုဒြာဂျာနယ်နှင့်သံတော်ဆင့်ဂျာ နယ်များအတွက် အပါတ်စဉ်ဆောင်းပါးတစ်ပုဒ်ရေးဖြစ် ရိုက်ဖြစ်ပါတယ်။ 

ဆောင်းပါးရေးပြီးရင် ဘကြီးမိုးက မနက်စာထမင်းနည်းနည်းလေးစားပါတယ်၊ ပြီးနောက် ဘကြီးမိုးက ၁နာရီမှ ၃နာရီအထိ တရေးတမောအိပ် ပါတယ်၊ ၃နာရီအိပ်ရာကထချိန်မှာ စာရေးစာရိုက်ပေါ့၊ မရှိရင်ပန်းချီဆွဲပါတယ်။ ညနေပိုင်းကျတော့ ဘကြီးမိုး ညနေစာစားလေ့မရှိပါ၊ ညနေစာစားလေ့မရှိပေမယ့် ပုံမှန်အားဖြင့် မြင်းခွါရွက်သုတ်တစ်ပွဲ ကြက်ရိုးပြုတ် ဟင်း ရည်တစ်ခွက်နှင့်အတူ အရက်တစ်ခွက် ဟက်ပက်သာသာသောက်ပါတယ်။ ဟက်ပက်သာသာတစ်ခွက်ကို ၈နာရီ အထိသောက်ပြီး မြန်မာ့အသံရေဒီယိုက သတင်းလာတာကို နားထောင်ပြီးနောက် ၈နာရီခွဲမှာ ဘကြီး မိုးအိပ်ရာဝင်ပါတယ်၊ ၈နာရီခွဲမှာအိပ်လိုက်တဲ့ ဘကြီးမိုးဟာ ည၁၁နာရီ ၁၂နာရီမှာ တရေးနိ်ုးပါတယ်၊ 

အဲဒီလို တရေးနိ်ုးမှာ မြေးမလေးပို့ပေးထားတဲ့ တက်ပလပ်နဲ့ နိုင်ငံတကာသတင်းများဖြစ်တဲ့ အာအက်အေ၊ ဗွီအိုအေ၊ ဘီဘီစီ ပြည်တွင်းသတင်းများဖြစ်တဲ့ MCN သတင်းများကို နားထောင်ပါတယ်။ သတင်းတွေနားထောင်ဖြစ်တဲ့ အချိန် ၂နာရီ ၃နာရီလောက်ရှိပါတယ်၊ အဲဒီအချိန်မှာတော့ ဘကြီးမိုးက အိမ်ကတက်ပလပ်လေးနဲ့ သတင်း နားမထောင်ဖြစ်ပါ၊ သီချင်းများကိုခပ်တိုးတိုးလေးဖွင့်ပြီးအိပ်ပါတယ်၊ ပုံမှန်အားဖြင့် မနက်၅နာရီခွဲ မြန်မာ့အသံ ကစတင်ထုတ်လွှင့်ချိန်မှာ ဘကြီးမိုးအိပ်ရာကထပါတယ်၊ ဒီဟာက ဘကြီးမိုးရဲ့ ပုံမှန်အချိန်ဇယားပါ၊

အဲဒီလို အဲဒီလို ပုံမှန်ဇယားနဲ့နေထိုင်နေတဲ့ဘကြီးမိုးတစ်ယောက် ဒုက္ခရောက်ပြီး ခြေချုပ်မိသွားတဲ့ အကြောင်းကတော့ ဗိုလ်ချုပ်လမ်း ၃၁လမ်းအထက်လမ်း ဆန်ထရယ်ဟိုတယ်ဘေးတွင်း မြောင်းဖောက်တဲ့ အခါကျတော့ ၃၁လမ်းထဲကို မော်တော်ကားဝင်လာပြီး ဘကြီးမိုးကိုကြိုလို့မရတော့ပါဘူး၊ ကြိုလို့မရတဲ့အခါ ကျတော့ ဘကြီးမိုး သောကြာဝိုင်းကို မသွားနိုင်တော့ပါဘူး၊ အဲဒီလိုပထမတစ်ပါတ် သောကြာဝိုင်းကို မသွားဖြစ် နိုင်ခဲ့တာကတော့ ဆန်ထရယ်ဟိုတယ်ထိပ်ကမြောင်းဖောက်လို့ပါ၊ အဲ.. နောက်တစ်ပါတ်ကျပြန်တော့ ၃၁လမ်း ထဲမှာ လမ်းဘေးမြောင်းဖောက်ရေပိုက်သွယ်ရေးများလုပ်ပြန်ပါတယ်၊ အဲဒီလိုလုပ်ပြန်တော့လည်း နောက်တစ် ပါတ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဘကြီးမိုးအိမ်ထဲမှာခြေချုပ်မိပြီး ပိတ်မိတဲ့အဖြစ်ကြုံရတာပေါ့၊

ဒီမှာတင် ခြေချုပ်ဆိုတဲ့စကားလုံးကို တွေးမိပါတယ်၊ ဒီခြေချုပ်ဆိုတဲ့စကားလုံးကို ဘယ်အရွယ်ကကြုံခဲ့ တာလည်းဆိုရင် မန္တလေးတက္ကသိုလ် ကျောင်းသားခေါင်းဆောင်အဖြစ်နဲ့ ဘကြီးမိုးတို့အပိုင် ရဲစခန်းက ဘကြီး မိုးဟာ ကျော်ဇောတဲ့ ပုဂိုလ်ဖြစ်နေတော့ စခန်းကိုခြေချုပ်လက်မှတ်လာထိုးဖို့ အကြောင်းကြားပါတယ်။ ဘကြီးမိုးဟာ လာမထိုးနိုင်ဘူးငြင်းပါတယ်၊ သွားပြီးလည်းမထိုးဖြစ်ခဲ့ပါဘူး၊ ဘကြီးမိုးက အဲလို ခြေချုပ်နဲ့နေရတာ မျိုးလုံးဝမနှစ်ခြိုုက်သူတစ်ဦးပါ၊ ဒါပေမယ့်လည်းဒါပေမယ့်ပေါ့လေ၊ အကြောင်းမညီညွှတ်လေတော့ ဘောင်းဘီဝတ်တာပေါ့၊ အဲလေ အင်းစိန်အရပ်ဒေသကို နှစ်ခေါက်နှစ်ခါ နှစ်ကြိမ်ရောက်ခဲ့ပါတယ်၊ ဘကြီးမိုးရဲ့ အလေးစားရဆုံး အချစ်ရဆုံး မိတ်ဆွေကြီးဦးဝင်းတင်နဲ့အတူတူပေါ့၊

အဲဒီနောက် ၂၀ဝ၀ခုနှစ်မှာ ဘကြီးမိုးကို အင်းစိ်န်အရပ်မှ တာဝန်ခံပုဂိုလ် အစု၃စုရဲ့ရှေ့မှောက်မှာ ဘကြီးမိုးကို အိမ်ပြန်ပို့ဖို့စီစဉ်ကြပါတယ်၊ ဘကြီးမိုးကိုဘာကူညီပေးရမလဲ ဘာလုပ်ပေးမလဲလို့ တာဝန်ရှိပုဂိုလ်များကပြောတော့ ဘကြီးမိုးက ဘကြီးမိုးအမည်နဲ့ စာပေရေးသားဖို့ အနုပညာလုပ်ခွင့် ခွင့်ပြုမိန့်တောင်းဆိုပါတယ်၊ အဲဒီလိုတောင်းဆိုတော့ တာဝန်ရှိသူများက ခွင့်ပြုပြီးတော့ ၄င်းကိစ္စကို သက်ဆိုင်ရာနယ်မြေတာဝန်ခံပုဂိုလ်ကတဆင့် လုပ်ကိုင်စီစဉ်ပေးပါတယ်၊ တာဝန်ခံပုဂိုလ်ရဲ့ဧည့်ခန်းမှာ လက်ဖက်ရည်နဲ့ မုန့်နဲ့တိုက်ကျွေးပြီး ဘကြီးမိုးရေးပြီးတဲ့စာများကို သူတို့ကိုပြဖို့ပြောပါတယ်။ ဘကြီးမိုးက အဲဒါတော့မဖြစ်နိုင်ဘူး၊ ဘကြီးမိုးက ဘယ်အကြောင်းအရာကိုဘယ်အချိန်မှာ ဘယ်လိုရေးမယ်ဆိုတာ ကြိုတင်စီစဉ်ထားတာမျိုးမရှိဘူး၊ လက်တလောကြုံတွေ့ဖြစ်ပေါ်လာတဲ့ဟာကို လက်တွေ့သုံးသပ်လေ့လာပြိီး မှရေးတာကို ဂျာနယ်တိုက် မဂ္ဂဇင်းတိုက်များမှလာယူကြတာ၊ အဲ့တော့သူတို့ကိုပြဖို့ဆိုတာမဖြစ်နိုင်ဘူး၊ ဘကြီးမိုးရေးသားချက်များမှာ ညှိစွန်းတဲ့ပြဿနာများရှိရင် စာပေစစ်ဆေးရေးအဖွဲ့ရှိတာပဲ၊ သုူတို့ကတီးလေ့ဖြတ်လေ့ရှိတာပဲလို့ ပြန်ပြောလိုက်ပါတယ်၊

 နောက်တစ်ခုက ဘကြီးမိုးကို ရန်ကုန်မြို့မှာ တစ်နေရာရာကို ခရီးသွားမယ်ဆိုရင် သူတို့ကိုအကြောင်းကြားပါလို့ ဆိုလာပြန်ပါတယ်၊ အဲဒါလည်း ဘကြီးမိုးက ငြင်းရပြန်ပါတယ်၊ ဘကြီးမိုးဆိုတဲ့ငနဲက ဘယ်အချိန် ဘယ်အခါမှာ ဘယ်ကိုသွားမယ်လို့ ကြိုတင်စီစဉ်ထားတာ ဘယ်တုန်းကမှမရှိပဲကို၊ သွားချင်တဲ့အချိန် သွားချင်တဲ့အခါမှာ ကြုံတဲ့အပေါ် သွားချင်သလိုသွားတာ၊ ကိုယ်ကိုယ်တိုင်တောင်မှ ကြိုတင်သိထားတာမဟုတ်တော့ ဘယ်နှဲ့သူတို့ကို ဘယ်လိုလုပ်ပြောနိ်ုင်မှာလဲ၊ ဒီတော ့တာဝန်ရှိတဲ့သူက မတက်နိ်ုင်ဘူးလို့ဆိုပြီး လိုက်လျောရပြန်ပါတယ်၊

 နောက်တစ်ခါ ဘကြိီးမိုးအိမ်မှာ တစ်ပါတ်တစ်ခေါက်လောက် လူငယ်တစ်ယောက်လောက်လာလာပြီး ဘကြီးမိုးနေကောင်းလား ဘာလိုသေးလဲလို့မေးလေ့ရှိပါတယ်။ အဲဒါလည်း ဘကြီးမိုးကမနှစ်ခြိုက်လို့ မလာစေနဲ့လို့ပြောလိုက်ခဲ့ငြင်းလိုက်ခဲ့ဖူးပါတယ်၊ ဒါတောင်မှ အိပ်ရာထပြီး ဆူးလေဘုရားကိုပတ် မဟာဗန္ဒုလပန်းခြံကိုပတ်ပြီး လမ်းလျှောက်သွားတဲ့အချိန်မှာလည်း ကလေးတစ်ယောက်က နောက်ကနေပြီး အဖော်လုပ်ပြီးလိုက်ပါလေ့ရှိခဲ့ဖူးပါတယ်။ ဒါလည်း ခြေချုပ်သဘောမျိုးပေါ့လေ၊ 

ဒါကြောင့် ခြေချုပ်ကိုမကြိုက်တဲ့ဘကြီးမိုးတစ်ယောက် ယခုလက်တလောမျက်မှောက် ဆန်ထရယ်ဟိုတယ်ထိပ်မှာမြောင်းဖောက်ချိ်န်မှာတစ်ချိန်၊ နောက်လမ်းထဲမှာ မြော င်းဖောက်ချိန်မှတစ်ချိန်၊ နှစ်ပတ်လုံး သောကြာ၊ စနေ၊ တနင်္ဂနွေစကားဝိ်ုင်းများရှိရာကို လာကြိုတဲ့ကားများကလမ်းထဲမဝင်နိုင်၊ ဒါကိုအကြောင်းပြုပြီး ဘကြီးမိုးတစ်ယောက် နှစ်ပါတ်တိတိ မနက်ပိုင်း သောကြာ၊ စနေ၊ တနင်္ဂနွေစကားဝိုင်းများကို မရောက်ရခြင်းအကြောင်းပါ၊ ခြေချုပ်နဲ့ဘကြီးမိုးပါ၊ 

(မတ်လ ၁၃ ရက်တုန်းက ဆောင်းပါးပါ။ အခု သူခြေချုပ်မရှိတော့ပါဘူး)