Breaking News

လေမဟုတ် အလုပ်ဖြင့်ပြမည်နှင့် ဘကြီးမိုး



လေမဟုတ် အလုပ်ဖြင့်ပြမည်နှင့် ဘကြီးမိုး

(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၉

ဘကြီးမိုးတို့မန္တလေးခေတ်မှာ ပုဂ္ဂလိကအထက်တန်းကျောင်းတွေ အပြိုင်အဆိုင် ဖွင့်ခဲ့ကြတဲ့ ခေတ်ကြီး တစ်ခေတ်လည်းရှိခဲ့ဖူးပါတယ်၊ မန္တလေးမြို့မှာ မူလအစ ပထမက အစိုးရအထက်တန်းကျောင်းများနှင့် ခရစ် ယာန်သာသနာပြုကျောင်းများသာရှိခဲ့သည်ဖြစ်ပါတယ်၊ အဲဒီလိုအချိန်မှာ ဆရာကြီးဦးလှဖေရဲ့ ပွဲကုန်းအထက်တန်းကျောင်းဆိုပြီး သာသနာပြုကျောင်းတွေနဲ့အပြိုင် ပုဂ္ဂလိကကျောင်းတည်ထောင်ပါတယ်၊ နောက်တော့ ရွှေမန်းအထက်တန်းကျောင်း၊ ရတနာပုံအထက်တန်းကျောင်း၊ နေပြည်တော်အထက်တန်း ကျောင်း စသည် အားဖြင့် ပုဂ္ဂလိကအထက်တန်းကျောင်းတွေအပြိုင်အဆိုင်ပေါ်လာပါတယ်၊ 

ဒီလိုပုဂ္ဂလိကအထက်တန်းကျောင်း တွေ အစိုးရအထက်တန်းကျောင်းတွေဟာ စာသင်အားကောင်းပြီး သင်တဲ့ဆရာတွေအများစုကလည်း ဘကြီး မိုးရဲ့မိတ်ဆွေ သူငယ်ချင်းများ ကျောင်းဆရာအဖြစ်သင်ကြားကြတာဖြစ်ပါတယ်၊ ရတနာပုံအထက်တန်းကျောင်း မှာ ဂုဏ်ထူးဦးသိန်းနိုင်က သင်ကြားတာဖြစ်ပြီး နေပြည်တော်အထက်တန်းကျောင်းမှာတော့ ဆရာကြီးဦးညွှန့်မောင်၊ ဆရာဦးညိုကြီး၊ ဆရာဦးဘဂျမ်း(တင်မိုး)၊ မောင်စွမ်းရည်တို့ သင်ကြားပို့ချကြတာဖြစ်ပါတယ်၊ မိတ်ဆွေ ဖြစ်တဲ့ ဆရာဦးကိုးမြင့်ကလည်း အထက်တန်းကျောင်းတစ်ကျောင်းတည်ထောင်ဖူးပါတယ်၊ ထိုနည်းတူ ဘကြီး မိုးရဲ့မိတ်ဆွေကြီး ဆရာကြီးဦးအောင်လျှံကလည်း လျှံတက္ကသိုလ်ဆိုပြီး အထက်တန်းကျောင်းကြီးတစ်ကျောင်း ကို အောင်အောင်မြင်မြင်ဖွင့်လှစ်ခဲ့တာကိုတွေ့ရှိခဲ့ပါတယ်၊ ဆရာကြီးဦးအောင်လျှံရဲ့ကျောင်းမှာတော့ မိတ်ဆွေ ရဲဘော်ကြီး ဦးသာနိုးဟာ စာပြပါတယ်၊ 

အဲဒီလိုအပြိုင်အဆိုင် အထက်တန်းကျောင်းတွေဖွင့်လှစ်ကြပြီး ဦးအောင် လျှံရဲ့ လျှံတက္ကသိုလ်ရဲ့ကြော်ငြာတစ်ခုက ဘကြီးမိုးအတွက်မှတ်မှတ်ရရဖြစ်နေမိပါတယ်၊ ဆရာလျှံရဲ့ ကြော်ငြာ ကတော့ ဘကြီးမိုးရဲ့ ဆောင်းပါးခေါင်းဆောင်ပါတဲ့အတိုင်း လေမဟုတ် အလုပ်ဖြင့်ပြမည်ဆိုတဲ့ သူရဲ့ဆောင် ပုဒ်ပဲဖြစ်ပါတယ်၊ 

အဲဒီအချိန်မှာ သန့်ရှင်း တည်မြဲ ဖဆပလ နှစ်ခြမ်းကွဲခဲ့ပါတယ်၊ အဲဒါကတော့ ပထမအိမ်စောင့် အစိုးရခေတ်နောက်ပိုင်းမှာဖြစ်ပါတယ်၊ သန့်ရှင်းအစိုးရရဲ့ပညာရေးဝန်ကြီး ဦးအေးမောင်ဖြစ်ပါတယ်၊ ပညာရေး ဝန်ကြီး မန္တလေးကိုရောက်ရှိလာချိန်အတွင်း မန္တလေးမြို့မှာရှိတဲ့ သာသနာပြုကျောင်းတွေနဲ့ အပြိုင်အဆိုင် ဖွင့် လှစ်ကြတဲ့ ပုဂ္ဂလိကအထက်ကျောင်းကြီးများကို တွေ့ချင်လွန်းတယ်ဆိုတာနဲ့ ပညာရေးဝန်ကြီးကို ဘကြီးမိုးက မိတ်ဆွေသူငယ်ချင်းများရဲ့အထက်တန်းကျောင်းများကို လိုက်လံပြသခဲ့ရဖူးတာကိုအမှတ်ရမိပါတယ်၊ 

စစ်ပြီး ခေတ်မှာ အစိုးရအထက်တန်းကျောင်းများနှင့် သာသနာပြုကျောင်းများသာ ထင်ထင်ရှားရှား အောင်အောင် မြင်မြင် တွေ့မြင်ရပါတယ်၊ စာသင်ကောင်းကြတဲ့ ပုဂ္ဂလိကအထက်တန်းကျောင်းများ အလျှိုလျှိုပေါ် ပေါက် လာခြင်းဟာလည်း မန္တလေးမြို့ ပညာရေးစနစ်ရဲ့ ခေတ်ဆန်းချိန်တစ်ခုဖြစ်ခဲ့တာကိုတွေ့မြင်ရပါတယ်၊ ပညာရေးဝန်ကြီးဦးအေးမောင်ဟာ ရန်ကုန်မှာအထက်တန်းကျောင်း များများစားစားမရှိသေးပဲ မန္တလေးမြို့မှာမှ ထူးထူးခြားခြား ပုဂ္ဂလိကအထက်တန်ကျောင်းများ ဖြစ်ပေါ်ထွန်းကားတဲ့အတွက် ပညာရေးဝန်ကြီးက စိတ်ဝင်တစားရှိလို့ လိုက်လံကြည့်ရှုရတဲ့အဖြစ်အပျက်ပါပဲ၊ 

ဘကြီးမိုးကိုယ်တိုင်ကတော့ ခရစ်ယာန်သာသနာ ပြုကျောင်းဖြစ်တဲ့ စိန်ပီတာအထက်တန်းကျောင်းမှာ ၁၀တန်းစာမေးပွဲကိုအောင်မြင်ပြီး ၁၉၅၆ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကို ပညာသင်ကြားခဲ့သူဖြစ်ပါတယ်၊ မန္တလေးတက္ကသိုလ်ကို ၁၉၅၆ခုနှစ်တွင် ဘကြီးမိုးရောက်ရှိသွားချိန်မှာ မန်းတက္ကသိုလ်ကလောင်ရှင်အသင်းဆိုတာ ဖွဲ့စည်းပါတယ်၊ ဥက္ကဌက တက္ကသိုလ်နွယ်ထွန် း(ဦးထွန်းအံ့)ဖြစ်ပြီး အတွင်းရေးမှူးက တက္ကသိုလ်ဝင်း(ဦးဝင်းမောင်)ဖြစ်ပါတယ်၊ စာပေဝါသနာပါတဲ့ ဘကြီးမိုးလည်း မန်းတက္ကသိုလ် ကလောင်ရှင်အသင်းမှာ အမှုဆောင်အဖြစ်ပါဝင်ခဲ့ပါတယ်၊ တက္ကသိုလ်နွယ်ထွန်းကွယ်လွန်သွားတော့ တက္ကသိုလ်ဝင်းက ကလောင်ရှင်အသင်းဥက္ကဌဖြစ်လာပါတယ်၊ 

၁၉၅၇ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ထူးခြားလှတဲ့ မြန်မာစာဂုဏ်ထူးရှင်နှစ်ဦးပေါ်ပေါက်လာပါတယ်၊ တစ်ဦးကတော့ ဦးဘဂျမ်း(တင်မိုး)ဖြစ်ပြီး နောက်တစ်ဦးကတော့ ဦးသိန်းနိုင် ဖြစ်ပါတယ်၊ သူတို့နှစ်ယောက်ရောက်ရှိလာတဲ့အ တွက် မန်းတက္ကသိုလ်ကလောင်ရှင်အသင်းမှာ ဦးဘဂျမ်းရော ဦးသိန်းနိုင်ပါ အမှုဆောင်အဖြစ်ပါဝင်လာပါတယ်၊ ကလောင်ရှင်အသင်းမှာလည်း ကျောင်းသားအရေး ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာဦးသာနိုးဟာ အဲဒီအချိ်န်မှာပဲ ပြင်ပကျူရှင်ဆရာအဖြစ် နာမည်ကြီးတဲ့ ကျူရှင်ဆရာဖြစ်နေပါပြီ၊ ဆရာဦးသာနိးဟာ အင်္ဂလိပ် စာမှာ ထူးချွန်တဲ့ပုဂိိိုလ်ဖြစ်လေတော့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းမှာ အင်္ဂလိပ်စာပညာသင် ကြားပေခဲ့သူတစ်ဦးဖြစ်ပါတယ်၊ 

ဘကြီးမိုးတို့မန္တလေးတက္ကသိုလ်ခေတ်မှာ ကျောင်းအုပ်ဆရာကြီးက ဆရာ ကြီးဦးကိုလေးဖြစ်ပါတယ် ၊ မြန်မာစာဌာနမှာတော့ ပါမောက္ခအဖြစ် ဆရာဦးချမ်းမြ(မြကေတု)ဖြစ်ပြီး ဆရာဦး စိုင်းထွန်း ဆရာဦးမောင်မောင်တင်တို့က ကထိကများဖြစ်ကြပါတယ်၊ အဲဒီမြန်မာစာပြဆရာများကတော့ နောင်တစ်ခေတ်မှာ အလွန်ထင်ရှားတဲ့ ဆရာဦးဘိုသင်း၊ ဆရာမကြီးဒေါ်စီစီဝင်း၊ဒေါ် မိမိလေးတို့ဖြစ်ပါတယ်၊ ဘကြီးမိုးတို့ မန္တလေးတက္ကသိုလ်ခေတ်မှာ စာရေးဆရာ အဖြစ် ထင်ရှားစတစ်ဦးဖြစ်တဲ့ တက္ကသိုလ်ဘုန်း နိုင်ကလည်း ဆရာအဖြစ်ရောက်ရှိလာသည့်နည်းတူ နောင်သင်္ချာပါမောက္ခဖြစ်လာသည့် ဆရာဦးချစ်ဆွေ ကလည်း သင်္ချာဆရာဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းသားကြီးဖြစ်တဲ့ မောင်မိုးသူတို့ဟာ ကျောင်းဆရာများ ဖြစ်တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင် ဆရာဦးချစ်ဆွေတို့နှင့် ပေါင်းသင်းဖြစ်ခဲ့တာဖြစ်ပါတယ်၊ 

အဲဒီလို ပုဂ္ဂလိက အထက်တန်းကျောင်းတွေကလည်း သာသနာပြုကျောင်းများနဲ့ အပြိုင်အဆိုင် အောင်မြင်ခဲ့ကြဖူးတာ ဟာ ဘကြီးမိုးအတွက် အမှတ်တရပေါ့၊ ဘကြီးမိုးတို့ မန္တလေးတက္ကသိုလ်ရှိ ကျောင်းသားခေါင်းဆောင် လူစုပြီး ကျောင်းတစ်ကျောင်းတည်ထောင်ကြ ဖူးသည်။ မောင်သာနိိုးက အင်္ဂလိပ်စာပေါ့၊ မောင်ဘဂျမ်း(တင်မိုး)၊ ကိုဝင်းမောင်(တက္ကသိုလ်ဝင်း)တို့က မြန်မာစာပြပြီး ဘကြီးမိုးကတော့ သင်္ချာပြသခဲ့ဖူးပါတယ်၊ အဲဒီလိုပုဂ္ဂလိ ကအထက်တန်းကျောင်းတွေ အပြိုင်အဆိုင်ပေါ်ထွက်ပြီး အောင်မြင်တဲ့အထက်တန်းကျောင်းကြီးတွေ တည်ထောင်ဖြစ်ခဲ့တာကလည်း ဘကြီးမိုးတို့ရဲ့ ပညာရေးခေတ် ပညာရေးသမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်တယ်လို့ယူဆမိပါတယ်၊ အဲဒီလို ပုဂ္ဂလိအထက်တန်းကျောင်းတွေထဲမှာ ဆရာကြီးဦးအောင်လျှံရဲ့ လျှံတက္ကသိုလ်ရဲ့ ဆောင်ပုဒ်ကြော်ငြာဟာ လေမဟုတ် အလုပ်ဖြင့်ပြမည် ဆိုပေတော့ မှတ်မှတ်ရရရှိခဲ့ဖူးပါတယ်၊ အဲဒီအချိန်မှာ ဗုဒ္ဓဘာသာ ဘာသာရေးနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာရဲ့ နိဗ္ဗာန်ရောက်ကြောင်း တကယ်အားထုတ် ရင် တကယ်ဖြစ်နိုင်ကြောင်း တကယ်ပဲတမဂ်တဖို နိဗ္ဗာန်ရောက်ကြောင်းခရီးကို တက်လှမ်းနိင်ကြောင်းကို “တကယ်လုပ်ရင် အလုပ်ဖြစ်မည်” ဆိုသည့်ဆောင်ပုဒ်တစ်ခုကိုလည်းသတိထားခဲ့မိပါတယ်၊

အဲဒီတော့ အဲဒီအချိန်အဲဒီခေတ်ကြီးကို သိမှီပြီး ကိုယ်တိုင်ကိုယ်ကျလည်းပါဝင်ခဲ့ဖူးတဲ့ ဘကြီးမိုးတစ် ယောက် လေမဟုတ် အလုပ်ဖြင့်ပြမည် ဆိုသည့်ဆောင်ပုဒ်နှင့်အတူ တကယ်တန်းပညာသင်ကြားမှု မေတ္တာ စေတနာထားပြီး ထက်မြက်ထူးချွန်တဲ့ဆရာ ဆရာမများက စေတနာဖြင့်သင်ကြားပို့ချကြတာ အလွန်အောင်မြင် တဲ့ကျောင်းကြီးတွေလည်းဖြစ်ဖို့ ဂုဏ်ထူးရဘာသာရကျောင်းသားများလည်း အများကြီးအများကြီးပေါ်ထွက် ခဲ့တာကို မှတ်မိနေမိပါတယ်၊ ဒီတော့ ဘကြီးမိုးရဲ့ကောက်ချက်ကတော့ လေမဟုတ်ပဲ အလုပ်တကယ်လုပ်ပြကြ တယ်ဆိုရင် တကယ်လုပ်ရင် အဟုတ်ဖြစ်မည်ဆိုတဲ့အတိုင်း အောင်မြင်ခဲ့ကြဖူးပါတာကို အမှတ်ရနေမိပါတယ်၊ အဲဒီလို ထင်ရှားအောင်မြင်တဲ့ အထက်တန်းကျောင်းကြီးတွေရဲ့ ခေတ်တစ်ခေတ်ဟာလည်း သာသနာပြု ကျောင်းများနှင့်တကွ ပုဂ္ဂလိက အထက်တန်းကျောင်းကြီးများအားလုံး ပြည်သူပိုင်သိမ်းလိုက်ရာက ရွေ့လျား ပြိုပျက်သွားခဲ့ရာတာကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရဖူးပါတယ်၊ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဖြစ်လာ ပြီးသည့်နောက် စီးပွားရေးလုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်းခဲ့သည့်နည်းတူ ပုဂလိက စီးပွားရေးလုပ်ငန်းများ အားလုံးကိုလည်း ပြည်သူပိုင်သိမ်းခဲ့ပါတော့တယ်၊ ယခင် ပါလီမန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ပညာရေးတွေဟာ အရှေ့တောင်အာရှမှာ အအောင်မြင်ဆုံး အထင်ရှားဆုံးဖြစ်ခဲ့ရာက မြန်မာ့ဆိုရှယ်လစ်ခေတ် ပြည်သူပိုင်သိမ်းလိုက်ရာက စီးပွားရေးလုပ်ငန်းများအားလုံး ပြည်သူပိုင်ဖြစ်ပြီး ဆုံးရှုံးနိမ့်ပါးခဲ့ကြသည့်နည်းတူ ပြည်သူပိုင်ပညာရေးကျောင်းများကလည်း မအောင်မမြင်ဖြစ်ခဲ့တာတွေကို မျက်ဝါးထင်ထင်တွေ့မြင်ဖြတ်သန်းခဲ့ ရဖူးပါတယ်၊

ယခုတော့ဖြင့် မန္တလေးမြို့တွင် အစိုးရအထက်တန်းကျောင်းများနှင့်အတူ ပုဂ္ဂလိကပိုင်အထက်တန်း ကျောင်းများ တည်ထောင်လုပ်ဆောင်ကြသည်များရှိလာကြပြီး မန္တလေး မေမြို့နှင့်တကွ ရန်ကုန်မြို့တွေအထိ ပုဂ္ဂလိကအထက်တန်းကျောင်းကြီးများ ပြန်လည်ပေါ်ပေါက် အောင်မြင်နေသည်များကို ဝမ်းမြောက်ဝမ်းသာတွေ့ မြင်နေရပါတယ်၊ ဒီတော့ မောင်မိုးသူပြောချင်တာကတော့ လေမဟုတ် အလုပ်ဖြင့်ပြကြရင် အောင်မြင်ရတာ ဖြစ်တဲ့နည်းတူ တကယ်လုပ်ရင် အဟုတ်ဖြစ်နိင်ကြောင်းလည်း သာဓကဖြစ်ပါတယ်၊

ဒီတော့ ဒီတော့ ပညာရေးစနစ်သာမက စီးပွားရေးစနစ်တွင်လည်း လွန်ခဲ့တဲ့ ခေတ်တစ်ခေတ်ကကို စီမံကိန်းတွေပဲ လေဖြင့်ရေးဆွဲကြပြီး အလုပ်မဖြစ်ခဲ့ကြရတဲ့ စီမံကိန်းတွေအများကြီး အများကြီးတွေ့မြင်ခဲ့ရဖူးပါ တယ်၊ ယခုအချိန်မှာတော့ စီးပွားရေးစီမံကိန်းအားလုံးအားလုံးကိုလည်း လေမဟုတ်ပဲ တကယ်လုပ်ရင် အဟုတ်ဖြစ်အောင် ဆောင်ရွက်နိ်ုင်ပါစေကြောင်း နံဘေးမှလက်ခုပ်သြဘာတီးရင်း ဘကြီးမိုးစောင့်နေပါကြောင်း။