Breaking News

မယ်မွှေးနှင့် အကြွေးထူရခြင်းအကြောင်း


မယ်မွှေးနှင့် အကြွေးထူရခြင်းအကြောင်း

မယ်မွှေး 

(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၉

ဘယ်နှယ့် ခေါင်းစဉ်ကြီးပါလိမ့်။ ကြွေးထူ လူမသိစေနဲ့ လို့ နေကြတဲ့အချိန်မှာ သူ့အလှည့်ကျမှ ဟိုးလေးတကျော်ကြော်ငြာနေပါလားလို့ မိတ်ဆွေများက ထင်ဦးမယ်။ ဒါပေမယ့် ကြွေးဟာ ကြွေးပဲမဟုတ်လား။ မယ်မွှေးခမျာ နေမထိ ထိုင်မသာဖြစ်ရတယ်။ အကြွေးလာ လာတောင်းတဲ့သူကလည်း မပြတ်ရှိနေတော့တာကိုး။ ကြွေးရှင်တွေက ဘယ်သူတွေတုန်းဆိုတော့ ကမ္ဘာပေါ်မှာ ခပ်ကြာကြာနေကြရဦးမယ့် ကလေးတွေပဲ။ အနာဂတ်ကို လှမ်းမြင်နေရလို့ စိတ်ပူနေကြတဲ့ ကလေးတွေပဲ။ သူငယ်ချင်းတွေ မိတ်ဆွေတွေရဲ့သားသမီးတွေကို တွေ့တဲ့အခါ ချိုလွန်းလှတဲ့ မျက်နှာကြည်ကြည်လေးတွေကို ကြည့်ရင်း ဒင်းတို့က ကြွေးရှင်ကလေး‌တွေလို့ပဲ မြင်မြင်နေမိတယ်။ ကြွေးတောင်းအဆိုးဆုံး အကြွေးရှင်ကတော့ ဟို ဆွီဒင်ဆိုတဲ့ ရပ်ဝေးမြေခြားကနေ တတွတ်တွတ် ကြွေးတောင်းတတ်တဲ့ ဟိုမိန်းကလေးပဲ။ သူ့နာမည်က ဂရီတာသွန်းဘတ်ဆိုသလား။ သူ့အရင် မျိုးဆက်တွေက ရာသီဥတုပြောင်းလဲခြင်းနဲ့ ပတ်သက်လို့ လှုပ်တောင် မလှုပ်ဘူးဆိုတော့ သူက စကားလုံးတွေနဲ့ နာတတ်အောင်ပြောရတော့တာပဲ။ ဒါလည်း ခုချိန်ထိတော့ ဘာမှ မထူးသေးပါဘူး။ မောင်ပိုနေမြဲ ကျားနေမြဲပါပဲ။ ကိုယ်အပါအဝင်ကြွေးထူနေကြတဲ့ သူတွေက အရေလည်း ထူသကိုး။

သူတို့ ကြွေးတောင်းမယ် ဆိုလည်းတောင်းစရာ။ သူတို့ မျိုးဆက်အတွက် ကိုယ်တွေ ချန်ပေးခဲ့မယ့် ကမ္ဘာကြီးကိုလည်း ကြည့်လိုက်ပါဦး။ သူတို့သုံးစရာမကျန်လောက်အောင်ကို သယံဇာတ အရင်းအမြစ်တွေတော့ သုံးချင်သလို စည်းမရှိ ကမ်းမရှိသုံးခဲ့ပြီးပါပြီ။ ထိခိုက်ပြုန်းတီးနေတဲ့ မလုံခြုံတဲ့ မြေကို အမွေပေးထားရစ်ခဲ့ပါပြီ။ တစ်နေ့ကပဲ အင်္ဂလန်က ဂါးဒီးယန်းသတင်းစာကြီးကနေ သုတေသီတွေရဲ့ တွေ့ရှိချက်တစ်ခုကို တင်ပြတယ်။ လွန်န်ခဲ့တဲ့ ၁၉၅၀ ကျော်နှစ်တွေကနေ ခုချိန်ထိ ကမ္ဘာပေါ်မှ ပလပ်စတစ်အမှိုက်ပေါင်း ၈.၃ ဘီလီယံ မက်ထရစ်တန် တိုးလာတယ် ဆိုတယ်။ အဲဒီထဲက လူတွေက လက်ရှိအသုံးပြုနေဆဲပလပ်စတစ်က ၃၀ နှုန်းလောက်ပဲရှိပဲ ကျန်တာတွေကိုတော့ ပုံစံအမျိုးမျိုးနဲ့ စွန့်ပစ်နေလိုက်ကြတာ လူတွေပစ်ချလိုက်တဲ့ အမှိုက်ဖြစ်သွားတဲ့ ပစ္စည်း တွေရဲ့ စုစုပေါင်းပမာဏဟာ ၆.၃ ဘီလီယံမက်ထရစ်တန်လောက်ရှိတယ်ဆိုတယ်။ အဲဒီလို အမှိုက်တွေနဲ့ ကမ္ဘာကို ချန်ထားပေးခဲ့ရုံမကဘူး နောက်မျိုးဆက်တွေ ရှင်းမှာပေါ့ဆိုပြီး ထားခဲ့သလားမသိတဲ့ ပူနွေးနေတဲ့ ကမ္ဘာကြီးလည်းဖြစ်သေးတယ်။ အများစုကတော့ မထူးဇာတ်ခင်းပြီး ကမ္ဘာပေါ်မှာ ငွေတွေ ဥစ္စာဓနတွေ သူတပါးအပေါ် စိုးမိုးနိုင်အောင် များနိုင်သမျှ များများစုမိရေး၊ မသေခင်ကလေးမှာ မျက်နှာမငယ်အောင် အဆောင်အယောင်အစုစုနဲ့ ဂုဏ်တုဂုဏ်ပြိုင် ဖြစ်ရေးသာ အဓိကပါပဲ။ တရစပ်မရပ်မနား ပစ္စည်းမျာ းဝယ်ယူရေး သရဏံ ဂစ္ဆာမိနေကြတာပါပဲ။ ကလေးတွေက How dare you? လို့ပြောတာလည်းမလွန်ဘူး။

ကမ္ဘာကြီးဟာ တစ်နေ့တော့ မုချပျက်မှာပဲ အဲဒီတော့ အပျက်အတိုင်း ပဲ ထားကြစို့ဆိုပြီးတော့ပဲ ထားခဲ့သလားမသိတဲ့ ကမ္ဘာကြီးမှာ ၂၀၁၉ခုနှစ်ကုန်ခါနီးမှာတော့ ဒီလိုတွေ ဖြစ်လာခဲ့ပြီ။
ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကိုစောင့်ကြည့်တဲ့ NASA Climate Change သုတေသနတွေရဲ့ အလိုအရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်သိန်းခွဲလောက်မှာ ကမ္ဘာကြီးမှာ ရေခဲပြင်တွေဟာ တစ်ခါတစ်ရံ နည်းပါးသွားတာ တစ်ခါတစ်ရံများ ပိုပြီး ထူထဲလာတာတွေရှိခဲ့တာကြောင့် ရေခဲ ပြင်တွေ ဟာ အတိုးအဆုတ်ရှိခဲ့တယ်။ ဒါပေမယ့် မော်ဒန်ခေတ် ရာသီဥတုပြောင်းလဲခြင်းလို့ ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀ ထဲမှာတော့ လူသားတို့ရဲ့ ယဉ်ကျေးမှု ထွန်းကားလာတာနဲ့ အတူ ရေခဲခေတ်ဟာလည်းနောက်တစ်ခါ ပြန်မရောက်လာတော့ပါဘူး။ အဆိုးဆုံးကတော့ နှစ် ခုနှစ်ထောင်လောက်အတက်အကျ ပုံမှန်ရှိနေတဲ့ ကမ္ဘာရဲ့ အပူချိန်ဟာ အခု အသက်ခုနှစ်ဆယ်ကျော်တန်းတွေ မွေးတဲ့ ၁၉၅၀ တဝိုက်လောက်က စလို့ အကျမရှိ အတက်တွေချည်းဖြစ်လာပါတယ်။ ကမ္ဘာကိုပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဟာ လူ့သမိုင်းမှာ မကြုံဘူးလောက်အောင် တဟုန်ထိုးတက်လာလိုက်တာ အခုဆိုရင် သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးပူနွေးလာမှုကိုကုစားဖို့ နောက်ထပ် ၁၂ နှစ် ပဲ အချိန်ရှိတော့မယ်၊ ဒီကာလအတွင်းမှာ မှ မကုစားနိုင်ရင် နောက်ထပ် အဖတ်ဆည်ဖို့ရာ အကြောင်းသိပ်မရှိလှဘူး၊ သဘာဝဘေးအန္တရယတွေ ပိုဆိုးလာတော့မယ်လို့ ၂၀၁၇ မှာပြောခဲ့ပါတယ်။ အခု သူတို့ ပြောတဲ့ ၁၂ နှစ်ထဲက နှစ်နှစ်ဟာ ကုန်သွားပါပြီ။ အခု ဆယ်နှစ်ပဲ ကျန်ပါတော့တယ်။ ဘာပဲပြောပြောမြန်မာပြည်မှာလည်း အလယ်ပိုင်းမိုးခေါင် မြစ်ဝကျွန်းပေါ် မှာ ရေတွေ ဆားငံဖောက်လို့ စပါးက အနှံမအောင်နဲ့ တော်တော်တော့ သဘာဝဘေးက အပြိုင်အဆိုင် ကြမ်းလာပါပြီ။

စစ်တွေ မပြီးနိုင်လို့ ငြင်းခုံတာ ငြင်းခုံလို့ ရပါတယ်။ ရာသီဥတုပြောင်းလဲခြင်းနဲ့ ကျရင်တော့ ဘယ်သူမှ ငြင်းခုံနေလို့ မရတော့ပါဘူး။ လက်နက်တွေ ထုတ်နိုင်လည်း ရာသီဥတု သိကြားမင်းကိုတော့ ပစ်နိုင်မှာ မဟုတ်ပါဘူး ဒီလောက်ပြောနေတဲ့ ကြားကပဲ တစ်ကမ္ဘာလုံး ကာဗွန်ထုတ်လွှတ်မှုဟာ ၂၀၁၇မှာ ၁.၇ ရာခိုင်နှုန်းတိုးလာပြီးတော့ ၂၀၁၈မှာ ၂.၇ ရာခိုင်နှုန်းတိုးလာပါတယ်။ ၂၀၁၉ ကစာရင်းချုပ်ရင်တော့ သမိုင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု အမြင့်ဆုံး အဖြစ် မှတ်တမ်းဝင်မယ့်နှစ်တွေထဲက တစ်နှစ်ဖြစ်လာမယ် ဆိုကြပါတယ်။

အဲဒီတော့ မယ်မွှေးကလည်း သူတစ်နှစ်တစ်နှစ် ကာဗွန်တွေ ဘယ်လောက်သုံးမိနေသလဲလို့ လန့်ဖြန့်လာတယ်။ အဲဒါနဲ့ ယုံကြည်ရလောက်တဲ့ ကာဗွန် ခြေရာ တွက်လို့ရတဲ့ Conservation International ရဲ့ ဝက်ဆိုက် ကိုသွားပြီး သူ့ကာဗွန်ခြေရာကို တွက်ကြည့်တယ်။ အမေရိကန် နိုင်ငံသားတွေအတွက် ရည်ရွယ်ပြီးတည်ဆောက်ထားတာ ဆိုပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဘယ်နားမှာ နေနေ စားသုံးမှု ပုံစံတူရင်တော့ ထွက်လာတဲ့ ရလဒ်ဟာ မတိမ်းမယိမ်းဖြစ်မှာပဲလို့မှတ်ရတယ်။ အဲဒီကာဗွန်ခြေရာကိုတိုင်းတဲ့အခါ ကိုယ်တစ်ယောက်ထဲအတွက် တိုင်းလို့ရသလို အိမ်သားတွေအတွက် ကိုယ့် ခရီးစဉ် တစ်ခုစာအတွက် အစရှိသဖြင့် တိုင်းလို့ရပါတယ်။ အဲသဟာမှာ သူက အိမ်မှာ လူဘယ်နှစ်ယောက်နေသလဲ၊ ဘယ်လိုအိမ် အမျိုးအစားလဲ ( ဘယ်နှစ်ခန်းပါပြီး ဘယ်လောက် စတုရန်းမီတာ ကျယ်သလဲ၊ ဘာတွေ အဓိက စားသလဲ၊ စွမ်းအင်ကို ဘယ်ကယူပြီးသုံးနေသလဲ၊ ပစ္စည်းတွေကို ရီဆိုင်ကယ်လုပ်ဖြစ်သလား။ စွမ်းအင်ကို ချွေတာဖို့အတွက် သတိနဲ့ နေထိုင်ဖြစ်သလား။ အဝတ်လျှော်ရင် အခြောက်ခံစက်ထဲမထည့်ဘဲ နေနဲ့ပဲ လှန်းသလား။ စွမ်းအင်ချွေတာတဲ့ မီးလုံးကို သုံးသလား။ အဲကွန်းသို့မဟုတ် သာမိုစတက်(အနွေးပေးစက်) ရှိသလား၊ အနီးအနားမြို့ထဲခရီးသွားရင် ဘာနဲ့ သွားသလဲ၊ တစ်ပတ်တစ်ပတ်ကို လမ်းဘယ်လောက် ထွက်ဖြစ်သလဲ၊ ခရီးဝေးသွားရင် လေယာဉ်စီးတဲ့အခါ မိုင် ရာဂဏန်းနဲ့ ခရီးဆိုရင် တစ်နှစ်ဘယ်နှစ်ခေါက် သွားသလဲ၊ ဟိုတယ်မှာ နေဖြစ်တဲ့ နေ့ပေါင်း တစ်နှစ်ကို ဘယ်နှစ်ရက်ရှိသလဲ၊ မိုင် ထောင်ချီတဲ့ ခရီးဆိုရင် တစ်နှစ်ဘယ်နှစ်ခေါက် သွားသလဲဆိုပြီး တွက်ကြည့်ရပါတယ်။

အဲဒီအခါမှာ မယ်မွှေးဟာ မီတာခကိုကြောက်တော့ ရှိတဲ့မီးပွင့်လည်း အပိုမထားဘဲ ပိတ်တာပါပဲ။ အစားအသောက်လည်း ဒီလောက် သောင်းကျန်းတဲ့အထဲမပါဘူး။ အိမ်မှာလည်း အဝတ် အခြောက်ခံစက်မရှိပါဘူး။ မြို့ထဲထွက်တော့လည်း သူဟာ မော်တော်ကား မဝယ်ရေး တို့အရေးလုပ်ထားတဲ့အတွက် ခုချိန်ထိတော့ ဘတ်စ်ကားတစ်လှည့် တက်စီတစ်လှည့်ပါဘဲ။ မြို့ပတ်ရထားမှ မစီးဖြစ်ပဲကိုး။ သူ့ကို နည်းနည်း သိက္ခာကျစေတာကတော့ ဟိုဟိုဒီဒီသွားတဲ့ လေယာဉ် ခရီးစဉ်တွေပဲ။ အထူးသဖြင့် တစ်နှစ်ကို မိုင် ငါးထောင်ကျော် တစ်ခုလောက်များပါလိုက်ရင် ကာဗွန်မျဉ်းဟာ ထောင်ပြီး တက်သွားတော့တယ်။ ကိုယ့်သွားတဲ့ နှုန်းအတိုင်း တစ်နှစ်ကို ဘယ်လောက်ခရီးသွားပြီး ဘယ်လိုစားသုံးသလဲဆိုတာကို တွက်လိုက်တာ နောက်ဆုံးတော့ မယ်မွှေးဟာ အကြွေးတစ်ပုံနဲ့ ကျန်ရစ်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူဟာ တစ်နှစ်ကို သူ့ကာဗွန် ထုတ်လွှတ်မှုကို ပြန်ပြီး ချေပဖို့ဆိုရင် သစ်ပင်ပေါင်း ၂၅၀ ကနေ ၃၅၀ အတွင်း ပြန်စိုက်ပေးရမှာဖြစ်တယ်။ ကမ္ဘာမြေကို သူဖျက်ဆီးခဲ့တာဟာ တစ်နှစ်ကို ဒီနှုန်းနဲ့ တွက်ရင်မနည်းလှဘူး။

ဒီပုံစံအတိုင်းကာဗွန်ခြေရာရှိနေခဲ့တာဟာ ဆယ်နှစ်ကျော်ပြီဆိုတော့ မယ်မွှေးမှာ မရှိဘူးဆို အနည်းဆုံး သစ်ပင် သုံးထောင်လောက်ပြန်စိုက်ပေးဖို့ လောလောဆယ် အကြွေးတင်နေတယ်။

ဒီအကြွေးကျေဖို့ဆိုရင် ပြဿနာက အကြွေးသစ်ကိုလည်း ထပ်မတက်အောင် လျှော့ရဦးမယ်။ ဒါ့ထက်ဆိုးတာက စိုက်စရာ မြေမရှိတာပဲ။ ခုခေတ်မှာ သစ်ပင်ဆိုတာ စိုက်ချင်တိုင်းစိုက်လို့ ရတဲ့ကိစ္စတော့မဟုတ်ဘူး။ ဘုန်းကြီးကျောင်းကိုတောင် ရပ်ကွက်က မပိုင်တော့ဘူး။ ဘုန်းကြီးတွေ အပိုင်ဖြစ်သွားတာက များတယ်။ ‌လမ်းဘေးစိုက်ဖို့ဆိုရင်လည်း ကိုယ်စိုက်ပြီး သူများခုတ်သွားမလားလည်း စိတ်ပူရသေးတယ်။ အဲဒီတော့ သူဟာ သစ်ပင်စိုက်ရာမှာ အတွေ့အကြုံကြွယ်ဝတဲ့သူတွေကို ဆရာတင်ပြီး အကြံဉာဏ်ယူဖို့၊ လုပ်အားပေးဖို့ စဉ်းစားရတော့တာပဲ။

လောလောဆယ်တော့ ဂရီတာ ရဲ့ မိန့်ခွန်းတွေလာရင် ပုန်းပုန်းနေတာပဲ။ အဲဒီမိန်းကလေးဟာ အကြွေးတောင်းအင်မတန်ကြမ်းတယ်။