Breaking News

သာထက်အောင် - အနုပညာမဟုတ်သောအောက်တန်းစား အလုပ်များ


သာထက်အောင် - အနုပညာမဟုတ်သောအောက်တန်းစား အလုပ်များ 

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၉

မနက် စောစောအိပ်ယာက နိုးလေ့ရှိတော့ tvကို ဟိုကြည့်သည်ကြည့်နဲ့ ဒီမနက်တော့ ချဲနယ် 32 က လွှင့်တဲ့ ရုပ်ရှင်ကားလေး တပိုင်းတစကြည့်မိလို့ ဒီစာကိုရေးဖြစ်ပါတယ်။ 

အဲဒီချဲနယ်က နိင်ငံပေါင်းစုံက ရုပ်ရှင်တွေချည်း တင်ဆက်တာမို့တခါတရံ ကားကောင်းတွေ ကြည့်ရတတ်ပါတယ်။ ဒီမနက်ကြည့်မိတဲ့ ဇာတ်ကားက Golden Kingdomတဲ့။ တချို့လည်းကြည့်ပြီးဖြစ်ကြပါလိမ့်မယ်။ကျွန်တော်ကတော့ ခုမှကြည့်ရပြီး တပိုင်းတစပဲမှီတာဆိုတော့ ဇာတ်လမ်းကို အတိအကျပြန်မပြောနိုင်ပါဘူး။

ရှမ်းပြည်ဖက်က ဘုန်းကြီးကျောင်းတကျောင်းကို အခြေခံပြီး ဆရာတော်တပါး ၊ ကိုရင်လေး၄ ပါး၊ ပအို့ဒေသခံအချို့နဲ့ လှလှပပရိုက်ပြသွားတာပါ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ ဓါတ်ပုံ၊ ပရိုဂျူဆာ၊ အကုန်လုံးနိုင်ငံခြားသားချည်းပါပဲ။ ဗမာဆိုလို့ သရုပ်ဆောင်တွေနဲ့ ဘာသာပြန်ပေးတဲ့သူတွေပဲ ပါပါတယ်။ မြန်မာစကားပြော အင်္ဂလိပ်စာ စာတန်းထိုးမို့ ဘယ်သူကြည့်ကြည့် အဆင်ပြေပါတယ်။
မြန်မာပြည်အကြောင်းကို နိုင်ငံခြားသားရုပ်ရှင်ပညာရှင်တွေ ရံဖန်ရံခါရိုက်တတ်ပါတယ်။ ကြည့်ဖူးသမျှ ဘယ်ကားမှ စုတ်ပြတ်နေတယ်ဆိုတာ မရှိပါဘူး။ သူတို့ရဲ့ဗီဇကိုက အလုပ်တခုကို ပြီးပြီးရော ဖြစ်ကတတ်ဆန် းလုပ်လေ့မရှိပါဘူး။ သူတို့အလုပ် ၊ သူတို့အနုပညာကို အလွန်မှ တန်ဖိုးထားပါတယ်။ငွေရေးကြေးရေးက သူတို့အတွက် သိပ်ပြဿနာ မဟုတ်ပါဘူး။ ကားကောင်းဖို့ပဲ အရေးကြီးတာပါ။ ကမ္ဘာအနှံ့ပြတဲ့ဈေးကွက်ဆိုတော့ ကား တကယ်ကောင်းပြီဆိုရင် ငွေက သဲ့ယူသလိုရတာပါ။ 

အခု golden kingdom ဇာတ်ကားမှာလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာရနံ့၊ ရှမ်းပြည်နယ်ရဲ့ တောတောင်အလှ သဘာဝတွေကို မိအောင်ရိုက်နိုင်ပါတယ်။ ဇာတ်ကောင်တွေကို ကိုင်တွယ်ရာမှာလည်း အပိုအလိုမရှိ၊အထူးသဖြင့် ကိုရင်၄ ပါးထဲက အကြီးဆုံး ကိုရင်လေးရဲ့သရုပ်ဆောင်ပုံက ချီးကျူးဖို့ကောင်းပါတယ်။ဩကာသ ဘုရားရှိိခိုးကိုအဂင်္လိပ်လို စာတန်းထိုးတာကအစ မမှားပါဘူး။ ကျုပ်တို့ရွှေမြန်မာကတော့ ကိုယ့်သီချင်းကိုတောင် မှန်အောင် စာတန်းမထိုးနိုင်ကြပါဘူး။ ထားပါတော့။

မနှစ်ကထင်ပါရဲ့။ ဟောင်ကောင်ကအဖွဲ့ ရန်ကုန်လာပြီး ရိုက်ပြသွားတော့ မြန်မာရုပ်ရှင်လောကသားတွေ ပါးစပ်အဟောင်းသားဖြစ်သွားတာ မှတ်မိပါလိမ့်မယ်။ ဒါ ဟောင်ကောင်ပဲ ရှိပါသေးတယ်၊ ဟောလီးဝုဒ်မဟုတ်သေးပါဘူး။ 

လွန်ခဲ့တဲ့ အနှစ်၂၀လောက်က မြန်မာပြည်နဲ့ပတ်သက်တဲ့ ရုပ်ရှင်တကားရိုက်ဖို့ ရုပ်ရှင်အဖွဲ့တဖွဲ့ ဆစ်ဒနီကို လာဖူးပါတယ်။ ဇာတ်ဝင်ခန်းအတွက် မြန်မာအတော်များများသုံးပြီးနေ့တွက်လည်းကောင်းကောင်းပေးပါတယ်။စက္ကန့်ပိုင်းလေးပါမယ့်ဇာတ်ဝင်ခန်းအတွက် တနေကုန်လေ့ကျင့်ရတယ်လို့ ကိုယ်တိုင် ပါဝင်ခဲ့ဖူးတဲ့ကျနော့်တူက ပြောပါတယ်။ တကယ်ကားထွက်လာတော့ မြန်မာတွေသရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းအတော်များများ ပါမလာပါဘူး။ ဆိုလိုတာက သူတို့စိတ်တိုင်းမကျရင် ၃ စက္ကန့်စာပဲဖြစ်ဖြစ် မသုံးပါဘူး။ ကုန်ပြီးသားငွေကို ထည့်မစဉ်းစားပါဘူး။ ရုပ်ရှင်ပညာကို စနစ်တကျသင်လာခဲ့သူတွေဆိုတော့ မြန်မာပေါကားတွေလို မလိုအပ်ဘဲ ပြူးပြ ဖြဲပြမျိုးတွေ မတွေ့ရတဲ့အပြင် အိုဗာအိုင်တင်အဖြစ်မခံပဲ လိုအပ်သလောက်ကွက်တိပါပဲ။
မြန်မာကားတွေ စိတ်ပျက်ဖို့ကောင်းတဲ့အကြောင်း မကြာမကြာ ကြားရ ဖတ်ရ ပါတယ်။ မြန်မာရုပ်ရှင် မကြည့်ဖြစ်တာ ကြာလှပြီမို့ ဘယ်လောက်ညံ့မှန်း ကျွန်တော်မသိပါ။ မောင်တင်ဦးရိုက်တဲ့ သကြင်္န်မိုး tv မှာလာတုန်းက ကြည့်ဖူးတာ နောက်ဆုံးပါပဲ။ ထားပါတော့။
တိုက်တိုက်ဆိုင်ဆိုင် ညက မအိပ်ခင်လေးတင်ပဲ သူငယ်ချင်းတယောက်က မက်ဆင်ဂျာကနေ တခု ပို့လာပါတယ်။ ရွှေပြည်ကြီး ဘာတွေဖြစ်နေပြီလဲဆိုတာ သိရအောင် ဆိုတဲ့ မှတ်ချက်လေးလည် းရေးပေးထားပါသေးတယ်။ ဖွင့်ကြည့်လိုက်တော့ ဘုရား.... ဘုရား ဘယ်လိုတွေဖြစ်ကုန်ပြီလဲ။ 

ဒါရိုက်တာကရှုမငြီးဆိုလား ၊သရုပ်ဆောင်က မင်းဟိဏ်းတဲ့။ ကုတင်ပေါ်က love scene ကိုပယ်ပယ်နှယ်နှယ် ရိုက်ပြထားတာပါ။ ကျွန်တော် နိုင်ငံခြားမှာ အခြေချနေထိုင်လာတာ၂၆ နှစ်နီးပါးရှိပါပြီ။ ခပ်ကြမ်းကြမ်းအချစ်ကားတွေကြည့်ဖူးသလို ညဉ့်နက်မှ လာတတ်တဲ့ လိင်အသားပေးဇာတ်ကားတွေလည်း ကြည့်ဖူးပါတယ်။ အနောက်ယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှု ဘယ်လိုကွာတယ်ဆိုတာလေး နည်းနည်းသိရင် ဒီmtv ပေါ်လာစရာအကြောင်း မရှိပါဘူး။ ခုတော့ဗျာ .. ရေးမပြပါရစေနဲ့။ သူတို့မရှက်ပေမယ့်ကျွန်တော်ရှက်တယ်။

အဲဒီ mtv လေးကို သားနဲ့အမိ မဆိုထားနဲ့၊ လင်မယားချင်းတောင် အတူကြည့်ဖို့ခက်ပါတယ်။ ဒီကားရိုက်တဲ့ဒါရိုက်တာရော၊ မင်းသားရော မင်သမီးရော အမေတွေ၊ နှမတွေ၊ သမီးတွေ တခုမဟုတ် တခု ရှိကြပါလိမ့်မယ်။သူတို့နဲ့တခါလောက်အတူကြည့်ပြီး သိပ်ကောင်းတာပဲ ၊ငါ့အကို ငါ့အမ သိပ်တော်တာပဲ နောက်တကားလောက်ထပ်ရိုက်ပါဦးဆိုရင်တော့ ခင်ဗျားတို့သဘောပါ။ မကြည့်ဝံ့လို့ ထပြေးရင်တော့ ရပ်တန်းကရပ်သင့်ပါပြီ။ 

အရာရာမှာ နောက်ကျကျန်ရစ်ခဲ့တဲ့နိုင်ငံဆိုတော့ သူများနိုင်ငံမှီအောင် ဘယ်လိုကြိုးစားမလဲ၊ ဘာတွေအတုယူရမလဲ မစဉ်းစားဘဲ မဟုတ်တဲ့နေရာ၊ မဟုတ်တဲ့အကျင့်တွေ အတုခိုးတဲ့နေရာမှာတော့ အလွန်မြန်ပါတယ်။ 

ခုတလော ခေတ်စားနေတဲ့မော်ဒယ်တို့၊ သရုပ်ဆောင်တို့ဆိုတာတွေကတော့ အနုပညာမှာ၊ အတတ်ပညာမှာမကြိုးစားပဲ ဖြတ်လမ်း အောက်လမ်းနည်းသုံးပြီး ဖေါ်ကြချွတ်ကြတော့တာကိုး။ ရင်ဖေါ် ဖင်ပေါ်ရင် စင်တော်ကကောက်တော့မယ်ထင်ပြီး တတ်နိုင်သမျှဖေါ် မြင်နိုင်သမျှ ချွတ်တော့တာကိုး။ သိပ်မှဝါသနာပါရင် အပြာကားရိုက်။ ဝါသနာပါသူတွေ အားပေးပါလိမ့်မယ်။ ခုလို 18+ဆိုတဲ့ rated မပါပဲနဲ့ သားအမိများ အတူထိုင်ကြည့်မိရင် ..…။ နိုင်ငံခြားကားတွေမှ ာဇာတ်ကားမပြမှီ ဘယ်သူကြည့်သင့် မကြည့်သင့် စာတန်းထိုးရတယ်။ လိင်အသားပေးတွေများရင် 18+ ဆိုတာ ဖေါ်ပြရတယ်။ သူများနိုင်ငံ ခပ်ကြမ်းကြမ်း ဆိုတဲ့ ကားမှာတောင် ဘယ်တော့မှ အတုံးလိုက် အတစ်လိုက်ကြီး မပြဘူး။ အနုပညာ ပါးပါးလေးတော့ပါတယ်။ ခု ကြည့်လိုက်ရတဲ့ mtv ကတော့ဗျာ နှုတ်ခမ်းချင်း စုတ်ရုံမက လျာချင်းထိုးပြတာတောင်ပါသေး။ဆက်မရေးပါရစေနဲ့။

ချုပ်ပါရစေ။ လွတ်လပ်ခြင်းတို့၊ လူ့အခွင့်အရေးတို့ ဆိုတာတွေဟာ ပရမ်းပတာ မဟုတ်ပါဘူး။ စည်းကမ်းရှိရပါတယ်။ နောက်ပြီး မတူတဲ့ယဉ်ကျေးမှုချင်း၊ မတူတဲ့လူနေမှုစနစ်ချင်းကို အတင်းဆွဲညှိလို့ မရပါဘူး။ မြန်မာနဲ့ အနောက်နိုင်ငံတွေနဲ့ လိင်အပေါ်ထားတဲ့ သဘောထား မတူပါဘူး။ အနုပညာသကာရည်လူးပြီး မြန်မာလူငယ်လေးတွေ လမ်းလွဲရောက်အောင် မလုပ်‌ကောင်းပါဘူး။ ဖေါ်တာချွတ်တာ နမ်းတာရှုံ့တာတွေဟာလူမြင်ကွင်းမှာ လုပ်ရတဲ့အရာလို့ ဘယ်မြန်မာမှ မယုံပါဘူး။ ဒီmtvကို တနည်းနည်းနဲ့ မပိတ်ပင်ဘူး၊ အရေးမယူဘူး ဆိုရင်တော့ မကြာခင် ဟောတကား ဟောတကား ထွက်လာပါလိမ့်မယ်။ 

ဒါ့ကြောင့် မိတ်ဆွေကြီးဝန်ကြီး ကိုဖေမြင့်ကို မေတ္တာရပ်ခံပါရစေ။ ခင်ဗျားဝန်ကြီးဖြစ်ပြီးကတည်းက လူချင်းမတွေ့ကြသလို ဘာတခုမှလည်း ကျွန်တော်မဝေဖန်ခဲ့ပါဘူး။ ခုကိစ္စမှာတော့ ခင်ဗျားပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ခေတ်မှာ ဒီလို မဖွယ်မရာကား ပြည်သူ့ကြား ပြသွားတာကို ခင်ဗျားမတားဆီးနိုင်ဘူး၊ အရေးမယူနိုင်ဘူးဆိုရင်တော့.... တာဝန်အရှိဆုံးဖြစ်တဲ့ ခင်ဗျားအညံ့ဆုံးဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်ကတော့ ကိုယ့်သူငယ်ချင်းကို အတော်ဆုံးမဟုတ်တောင် အညံ့ဆုံးတော့ မဖြစ်စေချင်ဘူးဗျာ။ ။

(သာထက်အောင်)
14/11/2019