Breaking News

တင််မိုး - လူငယ့်ကြေးမုံ - ၁


တင််မိုး - လူငယ့်ကြေးမုံ - ၁

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၉

မိုးသောက်ကြယ်ဂျာနယ်အယ်ဒီတာအာဘော်အဖြစ် ဆရာတင်မိုးရေးသားခဲ့သော `လူငယ့်ကြေးမုံများ`
(၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလထုတ် အာဟာရစာစောင် အမှတ်စဉ် ၄၅ မှ)

“အရာရာတွင်ကျယ် တို့လူငယ်
နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်နိုင်တယ်…”တဲ့။
ဂျပန်ခေတ် ‘အာရှလူငယ်’သီချင်းထဲက စာတပုဒ်။ အလွန်အဖိုးတန်တဲ့စာသားပါ။
ဟုတ်ကဲ့- လူငယ်ဆိုတာ ဘာမဆိုဖြစ်နိုင်စွမ်းရှိတဲ့ အရွယ်ပျို၊ အရွယ်ကောင်းကလေးတွေပါ။
ခေတ်ကိုဖန်တီးနိုင်တယ်။ ဦးဆောင်နိုင်တယ်။

“တို့တကိုယ်ကောင်းစိတ်ထားပယ်
အများအကျိုးအတွက် ထမ်းရွက်မယ်။
နေမင်းရောင် လမင်းရောင်၊ တို့စွမ်းပြရမယ်…”တဲ့။

ဒါလဲ ‘အာရှလူငယ်’သီချင်းထဲကစာပုဒ်ပါပဲ။
ဘယ်လောက်ကောင်းသလဲ။ တကိုယ်ကောင်းစိတ်ကို ပယ်ရမတဲ့။ ဟုတ်လိုက်လေ။
မိမိတကိုယ်တော်နာမည်ကြီးဖို့၊ ရှေ့တန်းရောက်ဖို့၊
အကျိုးစီးပွားဖြစ်ထွန်းဖို့… ဖို့… ဖို့…၊ အဲဒီ ‘ငါ့ဖို့’ အကျိုးရှေးရှုတဲ့အရာတွေကို ဖယ်ရှားပစ်ရမယ်။
ကုလားထိုင်မမက်ရဘူး။ နေရာမမက်ရဘူး။ တွင်ကျယ်အောင်မရည်ရွယ်ရဘူး။
တော်သူကို တော်သလိုနေရာပေးနိုင်ရမယ်။ အများအကျိုးကိုအဓိကထားရမယ်။
ပြောတော့လွယ်လွယ်ကလေးပါ။ လက်တွေ့ကျင့်တော့ အလွန်ခက်တယ်။ ငါ့နေရာ၊ ငါ့သြဇာ၊ ငါ့လူ၊ ငါ့မူ၊ ငါ့သဘော၊ ငါ့မနော၊ ငါတကောကောနေကြတဲ့အတွက် အစည်းအရုံး၊ အဖွဲ့၊ အသင်းပျက်တယ်။

ကိုယ့်ကိုယ်ကိုယ်ပဲ အမှန်ထင်
ကိုယ့်အပြစ်ကို ကိုယ်မမြင်
ကိုယ်ထင်ကုတင်ရွှေနန်း
ကိုယ်သွားတဲ့လမ်းမှအမှန်
‘ငါ’နိုင်ငံ ‘ငါ’နယ်ချဲ့ကြတယ်။

ဒီတော့ ပန်းတိုင်ပျောက်၊ ပန်းတိုင်ကတလွဲ၊ အဓိက သာမညမကွဲ၊ ပုံကြီးချဲဲ့တတ်ကြတယ်။ လူကဲ့ရဲ့စရာတွေ ဖြစ်လာတာပေါ့။ ကိုယ့်ကိုယ်ကိုယ်သိ၊ ကိုယ့်ကိုယ်ကိုယ်ဝေဖန်၊ ကိုယ့်ဉာဏ်နဲ့ဆင်ခြင်၊ အမှန်ရောက်အောင်ပြင်ဖို့ လိုတယ်။

အများအကျိုးဆောင်တယ်ဆိုတာလွယ်တာမဟုတ်။
အလွန်ခက်ခဲမွန်မြတ်ပြီးစွန့်လွှတ်ရတဲ့အလုပ်။

တင််မိုး
၁၄-၁၁-၂၀၀၂
ခေတ္တ တိုကျို