Breaking News

မြတ််စံံ - " နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း" ( ၁)

မြတ််စံံ -  " နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း" ( ၁)

(မိုုုုုုးမခ) နိုုုုုဝင်ဘာ ၂၁၊ ၂၀၁၉

ကျန်ခဲ့တဲ့တရက် နှစ်ရက်လောက်ကတည်းက မိုးတွေခပ်စိပ်စပ်ပြန်ရွာနေခဲ့တယ်။ ဆရာကြီးဦးထွန်းလွင် နာရေးနေ့မနက်ကလည်း မိုးတွေသဲကြီးမဲကြီးရွာခဲ့သလို ဒီနေ့မနက်မှာလည်း မနက်ခင်းအစောပိုင်းကတည်းက ရွာနေတဲ့မိုးဟာ အဆက်မပြတ်ပဲ နေ့လည့်အထိရွာသွန်းနေခဲ့…။ နိုဝင်ဘာလဆန်းထဲရောက်နေပေမဲ့ ဘင်္ဂလားပင်လယ်ထဲက မုန်တိုင်းအရှိန်ကြောင့် မိုးကရွာနေ…။ မနက်ခင်းကတည်းက အိပ်ယာနှိုးစဉ်အချိန် သိစိတ်ထဲမှာ ထင်ကျန်ခဲ့တဲ့ဆယ်စုနှစ်တခုရဲ့ကာလပုံရိပ်အဖြစ်အပျက်တခုကို ဝမ်းနည်းစိတ်ဖြင့်အမှတ်ရနေမိခဲ့.…။

လွန်ခဲ့တဲ့ ဆယ်နှစ်…2009 Nov:8 ရက်နေ့ အဖေကွယ်လွန်ချိန်မှာ ကျနော်ဟာ ကမာ္ဘ ဒေါင့်ကြားသီးခြားနေရာလေးတစ်ခုဖြစ်တဲ့ (မြစ်ကြီးနားအကျဉ်းထောင်) ဆိုတဲ့နေရာလေးကိုရောက်ရှိနေချိန်ပေါ့…။ 2009 နှစ်လည်ပိုင်းလောက်ကတည်းက ကျန်းမာရေးသိပ်မကောင်းဖူးလို့ ကိုသူရ( ဇာဂနာ ) အိမ်မှတဆင့်သိနေခဲ့ရတယ်။ 2008 အောက်တိုဘာလကုန် အင်းစိန်ထောင်ကနေ မြစ်ကြီးနားထောင်ကိုမပြောင်းခင်တွေ့ဖြစ်ခဲ့တဲ့ မိသားစုဧည့်တွေ့ (ထောင်ဝင်စာ)မှာကတည်းက အရင်တခေါက်ကထက် (တောင်ငူထောင်လိုနေရာမျိုးထက်) ဝေးလံတဲ့အရပ်တွေဆီကိုပြောင်းရွှေ့ခံခဲ့ရရင် အဖေ့အမေတို့အနေနဲ့ လိုက်တွေဖို့ခက်ခဲမယ်လို့ အဖေကပြောတော့…

" ရတယ် အဖေ…သားအတွက် ဘာမှစိတ်မပူပါနဲ့…ရောက်တဲ့နေရာမှာ သားတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဒေသခံမိတ်ဆွေတွေရှိပါတယ်။ သားတို့အတွက်ကတော့ ထောင်ပြောင်းရွှေ့ခံရတယ်ဆိုတာ ဒီဖက်အခန်းကနေ ဟိုဖက်အခန်းကိုပြောင်းသလောက်ပါပဲ။ တကယ်တမ်း ပင်ပန်းဆင်းရဲဒုက္ခကိုခံရတာက နောက်ကလိုက်လာရတဲ့ အဖေအမေ ညီအကိုမောင်နှမမိသားစုတွေပါ။ ဒါကြောင့် အဖေအမေတို့လည်း အသက်အရွယ်နဲ့ကျန်းမာရေးအရမလိုက်လာကြပါနဲ့။ ညီအကိုမောင်နှမတွေလည်း အလုပ်အကိုင်ပျက်ပြီ မလာကြပါနဲ့။စာတိုက်ကနေ Money Order နဲ့ရယ် အခြားလူကြုံနဲ့ စားသောက်စရာပစ္စည်းတွေ ထည့်ပေးလို့ရပါတယ်။နောက်ပြီး တလတခါဆိုသလို စာတိုက်ကနေ မှတ်ပုံတင်ပြီးသက်ဆိုင်ရာအကျဉ်းထောင်ကိုလိပ်မူကာ စာပို့လို့ရပါတယ် " 
လို့နှစ်သိမ့်အားပေးခဲ့ရတယ်။ 

အဲ့ဒီအခေါက်ဟာ အဖေနဲ့နောက်ဆုံးတွေ့ဆုံခဲ့ခြင်းပါ။
မြစ်ကြီးနားထောင်ရောက်ပြီးတော့အိမ်နဲ့ အဖေအမေ ညီအကိုမိသားစုထံက လူကြုံပါးလိုက်တဲ့စားသောက်စရာပစ္စည်းတွေကို ကိုသူရ(ကိုဇာဂနာ) အိမ်နဲ့ပါလာသလို စာတိုက်ကနေပို့တဲ့စာတွေလည်း တလတစ်ခါဆိုသလို ဖတ်ရတယ်။ 2009 ခုနှစ် နှစ်လည်ပိုင်းလောက်ရောက်ချိန် အဖေ့ကျန်းမားရေးက ခါးရိုးဆစ်ရောဂါတမျိုးနဲ့ ကြည့်မြင်တိုင် အရိုးဆေးရုံမှာကုသနေရတယ်လို့သိရတယ်။ အဲ့ဒီအချိန်မှာပဲ ပြင်ပနိုင်ငံရေးအခြေအနေအရ ကျနော်တို့လိုမျိုး နိုင်ငံရေးအမှုနဲ့ဖမ်းဆီးထောင်ချခံထားရသူတွေကို သက်ဆိုင်ရာနယ်မြေထောက်လှမ်းရေးတွေက တစ်ဦးချင်းစီရဲ့နိုင်ငံရေး သဘောထားများကို မေးမြန်းပြီး ပုဒ်မ ၄၀၁/အပိုဒ်(၁) အရ ချမှတ်ထားတဲ့ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အချိန်ဖြစ်နေခဲ့။ (ထောင်အခေါ်အဝေါ် စကားရပ်နဲ့ဆိုရင် လွှတ်ကြောရေး- လွှတ်ဖို့လိုအပ်/ မလိုအပ်ကို ထောက်လှမ်းရေးမှ ပြန်လည် စစ်ကြောမေးမြန်းခြင်းလို့ ခေါ်ကြတယ်) စစ်ဆေးမေးမြန်းသူတို့ရဲ့ အမြင်နဲ့ ထောက်ခံချက်ကိုရယူပြီး လက်ရှိအစိုးရဆိုသူတွေက သက်ညှာစွာစဉ်းစားပေးတဲ့ သဘောပေါ့။

သို့ပေမဲ့ အမှုဖြစ်စဉ်အကြောင်းအရာကိုပြောကြရင်း စစ်ဆေးသူအရာရှိမှသူ့သဘောထားနဲ့ မတိုက်ဆိုင်တာကို ကျနော့်အပေါ် သဘောထားတင်းမာသူလို့ မှတ်ချက်ပြုလိုက်တဲ့အတွက် ကျနော်ကလည်း ခပ်ပြုံးပြုံး မျက်နှာအနေထားဖြင့် ... " အေးဗျာ…ကျုပ်ရဲ့ နိုင်ငံရေးသဘောထားအမြင်ကိုပြောနေတာ။ ခင်ဗျားအကြိုက်လိုက်ပြောဖို့တော့ မဟုတ်ဘူး " လို့ပြန်ပြောခဲ့တယ်။ ဒါနဲ့ပဲ 2009 Aug: လမှာလွှတ်ပေးလိုက်တဲ့လူအတော်များများထဲ ကျနော်ပါမသွားခဲ့…။ ဒါကိုလည်း အဖေဟာ တမျိုးတဖုံနဲ့သိနေပုံရပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ ကျနော်နဲ့နီးစပ်သူတွေပါလာခဲ့ကြတယ်လေ…။

အဲ့ဒီနေ့( အဖေဆုံးပြီး နောက်တနေ့) 2009 Nov: 9 ရက်နေ့မှာ မြစ်ကြီးနား ထောင်ပိုင်ကြီးနဲ့အတူ နယ်မြေထောက်လှမ်းရေးတွေဟာ ကျနော့်ကိုထိန်းသိမ်းထားတဲ့တိုက်ခန်းဆီကိုရောက်လာပြီး နေ့စဉ်ထုတ် ကြေးမုံသတင်းစာထဲကနာရေးကို ထုတ်ပြပြီး အဖေ ကွယ်လွန်သွားကြောင်း လာရောက်အသိပေးတယ်။

သူတို့အားလုံးပြန်သွားချိန်မှာ တခန်းကျော်မှာနေထိုင်တဲ့ ကိုသူရလည်း ကျနော့်ဆီလာရောက်အားပေးစကားပြောပေးတယ်။ သူ့အမေဖြစ်သူ အမေကြည် ( စာရေးဆရာမကြီးဒေါ်ကြည်ဦး ) ကလည်း မကြာသေးခင် လပိုင်းလောက်ကပဲ ဆုံးပါးသွားခဲ့ချိန် အကိုသူရ မှာကျနော်နဲ့အတူ မြစ်ကြီးနားထောင်မှာရှိနေချိန်ပေါ့…။ ခံစားချက်တူ ဖြစ်ရပ်တူ ညီအကိုနှစ်ယောက်ဖြစ်နေကြတော့ တစ်ယောက်နဲ့တစ်ယောက်အားပေးနှစ်သိမ့်ရင်းဖေးမနေကြရတယ်။ 

အဖေ့ ရက်လည်နေ့မှာ ထောင်ပိုင်ကြီးရဲ့စီစဉ်ပေးမှုဖြင့် အနီးအနားက ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့ပြီး အဖေ့အတွက်အမျှတမ်းပေးဝေကောင်းမှုပြုလုပ်ခဲ့တယ်…။ အဖေနဲ့ပက်သက်ပြီး ကျနော်ငယ်ရွယ်စဉ်ကလေးဘဝကနေ အခုချိန်အရွယ်အထိ မှတ်မိနေခဲ့ရတဲ့ပုံရိပ်တွေကိုလည်းပြန်မြင်နေမိခဲ့တယ်…။

(ဆက်လက်ဖော်ပြပါမည်)

အစဉ်အမြဲလွမ်းဆွတ်ခြင်းများဖြင့်

ကိုမြတ်စံ

8/11/2019 (11:35 pm)