Breaking News

ခင်မျိုးချစ် - ကိုယ်ကသာ ချစ်ပြီး သူက ပြန်မချစ်သော ပီယဆေး

ဒေါ်ခင်မျိူးချစ်၊ မောင်သာနိုး၊ တင်မိုး (မိသားစု ထမနဲပွဲ၊ ၁၉၈၈ မတိုင်ခင်)၊ 

ခင်မျိုးချစ် - ကိုယ်ကသာ ချစ်ပြီး သူက ပြန်မချစ်သော ပီယဆေး

(အတွေးအမြင်မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၁၉)
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၉


ထိုတနင်္လာနေ့က ကျွန်မ၏ ကောက်ညှင်းအကြောင်း ဆောင်းပါးကို ဖတ်လိုက်သည်။ ကျွန်မသည် သတင်းစာကို ဖတ်ရာတွင် ဖတ်လိုက်သည့် ပထမဦးဆုံး အကြောင်းအရာ ဖြစ်သည်။ (ဒါကိုတော့ ယုံပါ။ တကယ်အမှန် ဖြစ်ပါသည်။) ထိုဆောင်းပါးတွင် ပါသော ကောက်ညှင်းပေါင်းအကြောင်းကို ဖတ်လိုက်ပြီး ကျွန်မသည် ကောက်ညှင်းပေါင်း စားချင်စိတ်တွေ ပေါ်ပေါက်လာပါတော့သည်။

ယနေ့သည် ကျွန်မ၏ အပတ်စဉ် သတင်းစာ၏ အချပ်ပိုအတွက် ဆောင်းပါးကို ပုံနှိပ်တိုက်သို့ အပ်ရ မည့်နေ့သည် နီးကပ်၍လာပါပြီ။ ကျွန်မသည် အစာမကြေ ဖြစ်နေသည့် ရောဂါကိုပင် မပျောက်သေး ပါ။ ကျွန်မသည် စာရေးဆရာများထဲတွင် အလွန်ရှားပါးသော လူမျိုး ဖြစ်သည်ဟု ထင်ပါသည်။ အကြောင်းမှာ ကျွန်မသည် ကျွန်မ ရေးသည့်အတိုင်း အစစအရာရာကို ကျင့်သုံးသောလူမျိုး ဖြစ်ပါ သည်။ ကျွန်မ၏ စာဖတ်ပရိသတ်သည် ကျွန်မ ရေးသည့်အတိုင်း ကျင့်သုံးခဲ့လျှင် ကျွန်မကဲ့သို့ အစာ မကြေရောဂါ ဖြစ်နိုင်ပါသည်။

တကယ်တော့ စာရေးသောသူအားလုံးတွင် အလိုဆန္ဒတခုတော့ ရှိကြပါသည်။ ထိုအလိုဆန္ဒမှာ စာဖတ်သူ၏ နှလုံးသားကို တနည်းနည်းဖြင့် ထိစေလိုခြင်း ဖြစ်ပါသည်။ ကျွန်မသည် လက်နှိပ်စက် ရိုက်ရင်း လက်နှိပ်စက်၏ တောက်တောက်မြည်သံကို နားထောင်လျှင် ကျွန်မ၏စာများသည် တယောက်ယောက်၏ နှလုံးသားကိုတော့ ထိမည်ကို သိ၍ ပျော်လျက်ရှိပါသည်။ တယောက် ယောက်၏ နှလုံးသား ဟူရာတွင် ကျွန်မကိုယ်တိုင်၏ နှလုံးသားလည်း ဖြစ်နိုင်ပါသည်။ ဒါကတော့ သေချာပါသည်။

ဤသို့ ဆိုလိုက်သောအခါ လူငယ်လေးတဦး၏ ပီယဆေးအကြောင်းကို သတိရမိပါသည်။ ဖြစ်ပုံမှာ လူငယ်လေးတဦးသည် သူ ချစ်နေသော မိန်းကလေးတဦး၏ အချစ်ကို ပီယဆေးသုံးသောနည်းဖြင့် ရယူဖို့ ကြိုးစားလျက်ရှိသည်။ ဟိုရှေးအခါက လူငယ်ကလေးများသည် လက်ဖွဲ့၊ ပီယဆေး၊ အဆောင် စသည်တို့ကို ယုံကြည်ကြသည်။ ထိုပစ္စည်းများကို သုံး၍ မိန်းကလေး၏အချစ်ကို ရယူနိုင်မည်ဟု ယုံကြည်ကြသည်။

ဆေးဆရာများနှင့် ပယောဂဆရာများကလည်း အခကြေးငွေယူ၍ ကူညီရန် အသင့်ရှိကြသည်။ ဖော်စပ်ပေးသော ဆေးများသည် အမျိုးမျိုး ရှိသည်။ အချို့သောဆေးများကို လူပျိုလေး၏ မျက်နှာနှင့် ဆံပင်တို့တွင် ဖျန်းခြင်းအားဖြင့် သူ့ကို မြင်လိုက်လျှင် ချစ်သွားမည် ဖြစ်သည်။ သို့သော် အထိရောက် ဆုံးသော ဆေးမှာ မိန်းမပျိုကိုယ်တိုင် စားသုံးရမည့် ပီယဆေး ဖြစ်သည်။ မိန်းကလေးကို ဒီအတိုင်း ပီယဆေးစားရန် သွားပေးလို့ မဖြစ်ပါ။ မိန်းကလေး စားသုံးမည့် အစားအစာထဲတွင် ထိုပီယဆေးကို ပါသွားအောင် ထည့်ကျွေးရမည် ဖြစ်သည်။

မိန်းကလေးကို ကွမ်းစားတတ်သည်ကို သိသောကြောင့် ကွမ်းယာထဲတွင် ပီယဆေးကို ထည့်၍ ကျွေးရန် တယောက်က အကြံပေးသည်။ လူငယ်သည် အကြံပေးသည့်အတိုင်း မိန်းကလေးကို ကွမ်းယာစားရန် သွားပေးသည်။ မိန်းကလေးကလည်း သူ ကြိုက်နှစ်သက်သော ကွမ်းယာဖြစ်၍ လက်ခံလိုက်သည်။ မိန်းကလေးသည် ကွမ်းယာကို ဝါးစားနေသည်ကို လူငယ်က သေချာလှမ်းကြည့် သည်။

မိန်းကလေးသည် ကွမ်းယာကို ဝါးရင်း ထိုကွမ်းယာသည် အရသာထူးကြောင်း၊ သူ စားနေကျ အရသာနှင့် မတူကြောင်း စသည်တို့ကို ပြောလေသည်။ လူငယ်သည် သူ ထည့်ထားသော ပီယဆေး သည် အစွမ်းပြနေပြီဟု ယုံကြည်လျက်ရှိသည်။ သူသည် ကွမ်းယာထဲတွင် ပါဝင်သော အရာများကို ဖွဲ့ဆိုထားသော စာပိုဒ်တခုကို ရွတ်ပြလိုက်သည်။

တံတားဦးမှလာတဲ့
ဟောဒီကွမ်းရွက်တွေကို
ငမျှာက ဆေးရွက်ကြီးရဲ့
အနံ့ အရသာနဲ့ ရောလိုက်
ဒါတွေပဲလား၊ မဟုတ်သေးပါ။
တောင်ငူက ကွမ်းသီး
စစ်ကိုင်းရပ်က သံပရာ၊
ပြည်ကလာတဲ့ ထုံး၊
ဒါတွေအစုံနဲ့ လုပ်ထားတဲ့
ဟောဒီကွမ်းယာကို
ဖြည်းဖြည်းချင်း ဝါးရတဲ့ အရသာကို
ဘာနဲ့မှ မလဲနိုင်ပါ။

မိန်းကလေးသည် ကွမ်းယာကို စာထဲပါသည့်အတိုင်း ဖြည်းဖြည်းချင်းဝါး၍ ဒီစာပိုဒ်ကလေးကြောင့် ကွမ်းယာသည် ပို၍ပင်အရသာရှိကြောင်း ဖြေလိုက်သည်။ လူငယ်လေးသည် စိတ်လှုပ်ရှားပြီး ဒါဟာ သူ့အတွက် အပျော်ဆုံးအချိန်၊ အောင်ပွဲရတော့မည်။ မိန်းကလေးသည် သူ့ကို ချစ်ကြောင်း ပြောဖို့ သိပ်မလိုတော့ဟု ဖြစ်မိသည်။

လူငယ်လေးသည် မိန်းကလေးကို ထပ်၍ ချစ်ရေးဆိုပြန်သည်။ သို့သော် မိန်းကလေးက သူ့ကို ချစ်သည်ဟု မပြောသေးပါ။ ဒါ မဖြစ်နိုင်ဘူးဟု သူ ထင်မိသည်။ ပီယဆေးကို ဖော်ပေးသောသူက ဒီပီယဆေးကို စားလိုက်သူတိုင်းသည် ချစ်စေချင်သောသူကို မလွဲမသွေ ပြန်ချစ်ရမည်ဟု ကတိပေး ထားသည်။ သူ၏အဆိုကို ထောက်ခံသောဥပမာများဖြင့် ပြောပြသည်။

လူငယ်ကလေးသည် ထိုပီယဆေး၏အစွမ်းကို ယုံကြည်သည်။ ထို့ကြောင့် နောက်တကြိမ် ထပ်၍ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ယခုအကြိမ်တွင် မိန်းကလေးကို မကျွေးဘဲ သူကိုယ်တိုင် စားကြည့်လိုက်သည်။ သူသည် ပီယဆေးပါသော ကွမ်းယာကို စားကြည့်သောအခါ သူသည် မိန်းကလေးကို ပို၍ပင် ချစ်လာသည်ကို တွေ့ရသည်။ ဒီပီယဆေးကြောင့် သူသည် မိန်းကလေးကို အဆပေါင်းများစွာ ချစ်လာသည်ဆိုလျှင် မိန်းကလေးက သူ့ကို မချစ်ဘဲ မဖြစ်နိုင်။ ချစ်ကို ချစ်ရမည်။

သို့သော် မိန်းကလေးသည် ခေါင်းခါ၍ သူ၏ အချစ်စကားများကို နားမထောင်ဘဲ အခြားစကားများ ကိုသာ လွှဲလိုက်သည်။

အခုအခါမှာ ကျွန်မမှာလည်း ပီယဆေး လိုနေပါသည်။ အခြား တလွဲတော့ မထင်လိုက်ပါနဲ့။ ကျွန်မ ရေးတဲ့စာတွေနဲ့ ပတ်သက်လို့ပါ။ ကျွန်မ ရေးတဲ့စာတွေကို ကျွန်မကတော့ ပီယဆေး မလိုဘဲ အလွန် ကြိုက်နှစ်သက်လျက်ရှိိပါသည်။ သို့သော် အခြားလူတွေက ကြိုက်ဖို့တော့…


ခင်မျိုးချစ်