Breaking News

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - ကျွန်တော့်အား ပညာပေးခဲ့သော ဆရာများ (ဒေါက်တာချစ်ဆွေ)

U Hla Min's Facebook


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - ကျွန်တော့်အား ပညာပေးခဲ့သော ဆရာများ (ဒေါက်တာချစ်ဆွေ)
(မိုးမခပြန်လည်ဆန်းသစ်) နိုဝင်ဘာ ၂၇၊ ၂၀၁၉

၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သင်္ချာပါရဂူဘွဲ့ ရရှိသူ နှစ်ဦးသာ ရှိသေးသည်။ ၎င်းတို့မှာ ဒေါက်တာ ချစ်ဆွေနှင့် ဒေါက်တာဘကြည်တို့ ဖြစ်ကြသည်။ ဒေါက်တာဘကြည်သည် မန္တလေးတက္ကသိုလ်၊ သင်္ချာပါမောက္ခ ဖြစ်သဖြင့် ကျွန်တော်နှင့် အနီးကပ် မတွေ့ဖူးပါ။ အခြားပုဂ္ဂိုလ်များတဆင့်သာ ကြားဖူးသဖြင့် သူ့အကြောင်းကို ရေးရန် ခက်ပါသည်။

ဒေါက်တာချစ်ဆွေကို ကျွန်တော်၏ အထက်အရာရှိအဖြစ် စတင်၍ တွေ့ဖူးသော်လည်း ကျွန်တော်၏ ဆရာတဦးကဲ့သို့ လေးစားရသူ ဖြစ်ပါသည်။ ၁၉၆၅ ခုနှစ်က ဒေါက်တာချစ်ဆွေသည် စီးပွားရေးတက္ကသိုလ်၊ သင်္ချာဌာနမှူး ဖြစ်ပြီး ကျွန်တော်က ထိုဌာနတွင် လက်ထောက်ကထိက ဖြစ်ပါသည်။

ကျွန်တော် ထိုဌာနကို ရောက်ခဲ့စဉ်အခါက ကျွန်တော်သည် မဟာသိပ္ပံ တခါကျထား၍ ဒုတိယအကြိမ် ပြန်ဖြေရန် ပြင်ဆင်နေသည့်အချိန် ဖြစ်ပါသည်။ ဒေါက်တာချစ်ဆွေက ကျွန်တော် အဘယ်ကြောင့် စာမေးပွဲ ကျရသည်ကို မေးသောအခါ ကျွန်တော်က ဤသို့ ပြန်ဖြေသည်။

“စာမေးပွဲမှာ မေးတဲ့ မေးခွန်းတွေက အတန်းထဲမှာ သင်ထားတဲ့ သီအိုရမ် သက်သေပြချက်တွေ ဆိုတော့ ကျွန်တော်က အဲဒါတွေကို အလွတ်ကျက်ထားပြီး အဲဒီအတိုင်း ပြန်ရေးရမှာ။ ကျွန်တော်က မသိသေးတဲ့ ပုစ္ဆာအသစ်တွေကို ဉာဏ်မီသလောက် စဉ်းစားပြီး ဖြေချင်တာ။ ဒါမျိုးကျတော့ လုံးဝ မပါဘူး”

ထိုအခါ ဒေါက်တာချစ်ဆွေက ဤသို့ ပညာပေးလိုက်သည်။ ဤသည်ကား ကျွန်တော် သူ့ထံမှ ရရှိသော ပထမဦးဆုံး ပညာ ဖြစ်သည်။

“ဒါက ဒီလို ရှိတယ်။ အဲဒီလို မေးတဲ့ စာမေးပွဲစနစ်ကို အခုလောလောဆယ် မင်းမှာ ဝေဖန်ခွင့် မရှိဘူး။ မင်းက မဟာသိပ္ပံဘွဲ့ မရသေးတဲ့အတွက် အဲဒီစာမေးပွဲကို အောင်အောင်ဖြေဖို့ တာဝန်ရှိတယ်။ အဲဒီစာမေးပွဲ စစ်ဆေးတဲ့ဆရာတွေက ဘာကို လိုချင်သလဲ။ သူတို့ လိုချင်တာကိုသာ မင်းက ပေးရမယ်။ မင်းမှာ ရှိတာကို ပေးရမှာ မဟုတ်ဘူး။ သူတို့ လိုချင်တာ မင်းမှာရှိအောင် လုပ်ရမှာ။ ဒီစနစ်ကို မင်း မကြိုက်လို့ ပြောင်းချင်ရင် အရင်ဆုံး မင်းကိုယ်တိုင် မဟာသိပ္ပံဘွဲ့ ရအောင် လုပ်ရမယ်။ ပြီးရင် အခွင့်အရေးရရင် ပါရဂူဘွဲ့ရအောင် လုပ်ရမယ်။ ပါရဂူဘွဲ့ရဖို့ အခွင့်အရေးကိုတော့ ငါ ဖန်တီးပေးနိုင်ပါတယ်။ သို့ပေမဲ့ မင်းဘက်က မဟာသိပ္ပံဘွဲ့ရအောင် လုပ်ရ မယ်”

ထိုစကားကို ကြားနာပြီး နောက်ပိုင်းတွင် ကျွန်တော်သည် အတန်းထဲ သင်သမျှ သီအိုရမ် သက်သေပြချက်များကိုသာ အလွတ်ရေးနိုင်အောင် လေ့ကျင့်ပါတော့သည်။ ထိုလေ့ကျင့်မှုကြောင့် မဟာသိပ္ပံဘွဲ့ စာမေးပွဲကို ဒုတိယအကြိမ် ဖြေဆိုသောအခါ အောင်မြင်သွားခဲ့ပါသည်။

၁၉၆၈ ခုနှစ်တွင် ဒေါက်တာချစ်ဆွေသည် ရန်ကုန်တက္ကသိုလ်တွင် သင်္ချာပါမောက္ခ ဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် သူသည် မြန်မာနိုင်ငံ၌ အသုံးချသင်္ချာ (Applied Mathematics) နှင့် ပတ်သက်၍ ပြောင်းလဲမှုအသစ်တရပ်ကို ပြုလုပ်ခဲ့ပါသည်။ ကျွန်တော်တို့ ကျောင်းသားဘဝမှ စတင်၍ ထိုအချိန် အထိ ကျွန်တော် နားလည်ခဲ့သည်မှာ အသုံးချသင်္ချာ ဟူသည် ရူပဗေဒတွင် သုံးသော မက္ကင်းနစ် ဘာသာ (Mechanics) ဟူ၍ နားလည်ပါသည်။ သို့သော် ဒေါက်တာချစ်ဆွေ သင်္ချာပါမောက္ခ ဖြစ်သည့်အချိန်တွင် အသုံးချသင်္ချာ ဟူသည်မှာ မက္ကင်းနစ် တမျိုးတည်းကို ခေါ်ခြင်း မဟုတ်။ လူမှုရေးသိပ္ပံတွင် သုံးသော သင်္ချာ (Maths for Social Science)၊ ဇီဝသိပ္ပံတွင် သုံးသော သင်္ချာ (Maths for Biological Science)၊ ကွန်ပျူတာသုံး သင်္ချာ (Maths for Computational Science) တို့ကို လည်း ခေါ်သည်ဟု ပြောသည်။ အထူးသဖြင့် လူမှုရေးသိပ္ပံတွင် သုံးသော စာရင်းအင်းသင်္ချာ (Mathematical Statistics) နှင့် စီးပွားရေးသင်္ချာ (Maths for Economics) တို့သည် အလွန်နက်နဲ ကြောင်းကိုလည်း ပြောပြသည်။

တနေ့တွင် ကျွန်တော်၏ အယူအဆနှင့် ဒေါက်တာချစ်ဆွေ အယူအဆ တူ၊ မတူကို သိလို၍ ဤသို့ ပြောခဲ့သည်။

“ဆရာ၊ ဒီမှာ Analysis ဆိုရင် Rudin I, II စာအုပ်တွေကို အမြဲပြဋ္ဌာန်းတာ တွေ့တယ်။ ဒီစာအုပ်တွေ ဟာ နာမည်ကြီး စာအုပ်တွေတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကို သင်ဖို့ ပြဋ္ဌာန်းတော့ မလုပ်သင့်ဘူး ထင်တယ်။ ဆရာ ဘယ်လိုထင်သလဲ”

ဒေါက်တာချစ်ဆွေသည် အနည်းငယ် စဉ်းစားပြီး ဤသို့ ပြန်‌ဖြေသည်။

“ဒါက ဒီလိုရှိတယ်၊ ဒီလို စကားမျိုးကို ခင်ဗျားအနေနဲ့ ကျွန်တော့် တယောက်တည်းကို ပြောတာ အကြောင်းမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားဟာ တာဝန်ရှိတဲ့နေရာမျိုးကို ရောက်လာရင် အပြောအဆို ဆင်ခြင်ပါ။ ဒီလိုစကားမျိုးကို အခြားလူတွေရှေ့မှာ မပြောမိဖို့ သတိထားပါ။ အထူးသဖြင့် ကိုယ့် ထက် ငယ်တဲ့လူတွေရှေ့ကို ဒီစကားမျိုး ဘယ်တော့မှ မပြောပါနဲ့။ ဘာကြောင့်လဲဆိုရင် ဒီလိုစကား မျိုးကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တဦးက ပြောတာကို အခြားလူတွေက ကြားသွားရင် အဟုတ်မှတ်သွား မယ်။ ဒါကို တကယ် အမှန်တရားကြီးလို ထင်မှတ်သွားမယ်။ ဘယ်သူက ပြောသလဲဆိုတော့ ဒီပုဂ္ဂိုလ်က ပြောတာလို့ လူအများက သိသွားရင် ကိုယ့်မှာ တာဝန်ပိုရှိတယ်”

ဤသို့သာ ဖြေဆိုပြီး သူ့ဆုံးမဩဝါဒအတိုင်း သူ၏ ယူဆချက်ကို ထုတ်ဖော်မပြောခဲ့ပါ။ ကျွန်တော် ကိုယ်တိုင်သည် ဆရာ ဒေါက်တာချစ်ဆွေ၏ ဩဝါဒအတိုင်း အမြဲတမ်း လိုက်နာကျင့်သုံးခြင်း မရှိနိုင် သော်လည်း ကျွန်တော်၏ အယူအဆသက်သက် ဖြစ်ပြီး မှန်၊ မမှန်ကို မသေချာသော ကိစ္စများကို အများရှေ့ ပြောမည်ကြံတိုင်း ထိုဩဝါဒကို သတိရမိပါသည်။