Breaking News

သားကြီးမောင်ဇေယျ - ခြောက်ထဲကျရန် လက်နှစ်လုံး လို တပ်မတော်ကြီးကို ကယ်တင်ရန် ဟိတ်မြို့ရှိ ICJ တရားရုံးသို့ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ

ကာတွန်းဂျော်ဒီး၏ သရုပ်ဖော်


သားကြီးမောင်ဇေယျ - ခြောက်ထဲကျရန် လက်နှစ်လုံး လို တပ်မတော်ကြီးကို ကယ်တင်ရန် ဟိတ်မြို့ရှိ ICJ တရားရုံးသို့ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ

(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၉

ကျွန်တော့်ဆောင်းပါးကို အဲဒီလို ခေါင်းစဉ်တတ်မိရင် ဝိုင်းဆဲကြမှာလား၊ စာဖတ်ပရိသတ်ကြီးခင်ဗျား။ ဒါမှမဟုတ် ၆၆(ဃ) နဲ့ အရေးယူအပြစ်ခံရမှာလားဗျာ။

ဒီဆောင်းပါးရေးနေတဲ့ အချိန်ဟာ ကျွန်တော်မျိုး ကြီး အသက် ၆၆နှစ် တင်းတင်းပြည့်တဲ့ နေ့နဲ့ လည်း တိုက်ဆိုင်နေတာမို့ စိုးရိမ်စိတ်တွေ တဖွားဖွားနဲ့ ဒီဆောင်းပါးကို ရေးလိုက်မိပါတယ်။

ဒီဆောင်းပါးကိုရေးဖို့ နတ်ဆိုးတွေက ကျွန်တော်ကို တိုက်တွန်းလိုက်တဲ့ အချိန်က တော့ ကျွန်တော် ပြည်ထောင်စု လွှတ်တော်ထဲ ရောက်နေတဲ့ အချိန်မှာပါ။ လွှတ်တော်ထဲ ကျွန်တော် ရောက်နေတယ်ဆို လို့ခေါင်းပေါင်း တကားကားနဲ့ ကျွန်တော် ပြည်သူ့ကိုယ်စားတော်များ ဖြစ်သွားပြီးလားလို့ မထင်လိုက်ပါနဲ့ လိုက်ပါနဲ့ ခင်ဗျာ။ ဒီကောင့်ကို အဆဲကလေးတွေနဲ့ ဆွမ်းကြီးလောင်းဖို့ ဂွင်တွေ့ပြီဆိုပြီး ဝမ်းသာ အားရ ဖြစ်မသွားကြပါနဲ့ လို့လည်း ဆိုးဖေါ်ဆိုးဖက် အပေါင်း သူတော်ကောင်းတို့ကို မေတ္တာရပ်ခံပါရစေခင်ဗျား။

အာဏာရှင်ကို အာခံပြီး ဘဝ အပျက်ခံ ထောင်ကျခံ ခဲ့ရတာကို အားမရသေးပဲ လက်ရှိ ပြည်သူတွေ အဆဲခံပြီး လွှတ်တော်ထဲဝင်ထိုင် ရလောက်အောင် ကျွန်တော်မျိုး မမိုက်မဲသေးပါခင်ဗျား။

ကျွန်တော်လွှတ်တော်ထဲ ရောက်ရတဲ့ အကြောင်းကတော့ ထိုင်းမီဒီယာကောင်စီကို ကြိုဆိုဧည့်ခံ ရေးအဖွဲမှာ ပါဝင်ပြီး လွတ်တော်လေ့လာရေး ခရီးစဉ် မှတ်တမ်းရိုက်ကူးသူ အဖြစ် တာဝန်ယူခဲ့ရလို့ ပါခင်ဗျား။

လွတ်တော်အခန်းဝင်ပေါက်ဝမှာ ကင်မရာတွေ ဖုန်းတွေ အိတ်တွေ အားလုံးထားခဲ့ရပါတယ်။ လွှတ်တော်ထဲမှာ အိပ်ငိုက်တဲ့ အမတ်တွေ ၊ မဲခလုတ် ခိုးနှိပ်တဲ့ သူတွေကို သတင်ထောက်တွေက မှတ်တမ်းတင် ဖေါက်သည်ချ တတ်တယ် ဆိုတဲ့ အတွေ့ အကြုံကို လွှတ်တော်ကြီးက ကောင်းကောင်း ပညာ ရ ထားတယ်မဟုတ်လား။

ဒီလောက်တောင် အရှိကို အရှိအတိုင်း လူထုဆီ အစီရင်ခံချင်တဲ့ သတင်းထောက် ခုလို လုပ်လိုက်တော့ ဘာတတ်နိုင်သေးလဲ ဟင်း ဟင်း။

ကျွန်တော်တို့ လွှတ်တော်ကို အပေါ်စီးက ကြည့်ခွင့်ရပါတယ်။ တရားဥပဒေ အပေါ်မှာ ဘယ်သူတွေ ရှိတယ် ဆိုတာ မသိရပေမယ့် လတ်တလောတော့ လွှတ်တော်အပေါ်မှာ ကျွန်တော်တို့ရှိနေတာ သေချာပါတယ်။

ကျွန်တော်တို့ရဲ့ အောက်ထပ် ဘယ်ဘက် မှာတပ်တော်သားတွေ နေရာယူပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အသေအလဲ ကာကွယ်နေသလို ကျွန်တော်တို့ အောက်ထပ် ညာဖက်က ပင်နီဝတ် ကိုယ်စားလှယ်တွေကလည်း ဖွဲ့စည်းပုံပြင်ဖို့ စကားလုံးတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။

အထူးသဖြင့် သမ္မတ နေရာ ကိုဒေါ်အောင်ဆန်းကြည် မရရေး အတွက် တပ်မတော်သားတွေ ကပြင်းပြင်းထန်ထန် လုံးပမ်းနေတယ်လို့ သာမန် ပြည်သူတွေက မြင်နိုင်တဲ့ မြင်ကွင်းမျိုးပါ။

အခုလို ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အပြင်းအထန် စကားစစ် တရားစစ် ထိုးနေကြတာကို မျက်စိနဲ့ တတ်အပ်မြင်ခွင့်ရတဲ့ ထိုင်းကိုယ်စားလှယ် အဖွဲ့ အတွက် ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါအပြင် လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာနှုံး ဟာ လူထုကိုယ်စားလှယ်မဟုတ်ပဲ တက်ရောက်ခွင့်ရတာ ကို
အရှင်လတ်လတ်မြင်ခွင့်ရသွားပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူမရွေးချယ်ပဲ လွှတ်တော်ထဲ ထိုင်ခွင့်ရတာ ကမ္ဘာမှာ ငါတို့လွှတ်တော်တခုပဲရှိတယ်၊ အဲဒီလို ပို့စ် မော်ဒန် လွှတ်တော်ကို ငါတို့မြန်မာတွေ စတင် တွေ့ရှိထားတာလို့ ထိုင်းတွေကို ခပ်ကြွားကြွား ပြောခွင့် ရလိုက်တာပေါ့။

ညဖက်တည်းခိုခန်ပြန်ရောက်တော့ နေ့လည်က အကြောင်းတွေ ကို အခန်းဖေါ် ကိုဒီမင်းနဲ့ စမြုံ့ပြန် ကြပါတယ်။

အိပ်ခါနီးတော့ သတင်းထူးတခုဝင်လာတယ်။ ဒေါ်အောင်ဆန်းစု ကြည် ICJ တရားရုံးကို အမှုရင်ဆိုင်ရန် ကိုယ်တိုင်ဦးဆောင်သွားရောက်မယ်ဆိုတဲ့ သတင်းပါ။

ကျွန်တော်ရော ကိုဒီမင်းပါ ဟာ... ကနဲ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ထင်ထားတာက တိုင်းပြည်မှာ အခုလို ပြသနာ ဖြစ်ပြီဆိုရင် မြန်မာနည်းမြန်မာ့ဟန်အတိုင်း ဟိုလူ့အပြစ်ပုံချ၊ ဒီလူ့ အပြစ်ပုံချ။ ဟိုလူ ချကြွေး ဒီလူ့ချကြွေး ရိုးရာမပျက် ဆောင်ရွက် ကြမှာပဲလို့ ထင်နေတာ။ ခုတော့ဘယ်သူ့ကိုမှ အပြစ်မပြော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံးကို ကိုယ်တိုင်ဦးဆောင် ရင်ဆိုင်ဖို့ သွားမယ် ဆိုတော့ သတင်းထူးကြီးမှ
သတင်းထူးပါ။

ကိုဒီမင်းတစ်ယောက် ပြာယာခတ်ပြီး သူ့ဂျပန်သတင်းဌာနကိုသတင်းပို့။ တပ်မတော် ပြောရေးဆိုခွင့် ရှိသူ၊ NLD ပါတီ အကြီးအကဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမြင်မကြည်လင်သူ၊ စသဖြင့် တစ်ယောက်ပြီးတစယောက် ကို ဖုန်းနဲ့ အင်တာဗျူး ပြီး သူ့သတင်းဌာနကို ချက်ချင်းသတင်းပို့ပါတယ်။

သူက ကျွန်တော့်ကို ခင်ဗျား ဘယ်လိုမြင်လဲ လို့ အိပ်ယာပေါ်က လှမ်းမေးပါတယ်။
အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေ ပိုများလာလိမ့်မယ်။ တပ်မတော်သားတွေ တိုင်းရင်းသားတွေ အပါအဝင် သူ့ကို ဆန့်ကျင်သူတွေပါ ထောက်ခံလာလိမ့်မယ် လို့ပြောမိပါတယ်။ ဒါ့အပြင်  နိုင်ငံတကာခေါင်းဆောင်တွေကလည်း သူ့ကိုပိုမိုလေးစားလာလိမ့်မယ်။ တပ်မတော်ဟာ သူ့ကို ပိုမိုအားထား ယုံကြည်လာလိမ့်မယ်။ တပ်တော်ပြောရေးဆိုခွင့်ရှိသူကလည်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက် မယ်၊ အကူအညီတွေပေးမယ်လို့ ဆိုတော့ တပ်မတော်ဟာ ပြည်သူယုံကြည်မှုကို ပြန်လည်ရယူဖို့ အခွင့်အလမ်း ပွင့်သွားမယ်လို့ ကျွန်တော်ထင်တဲ့အကြောင်းသူ့ကိုပြောမိပါတယ်။

ခက်တာက ကျွန်တော့်ကို မိတ်ဆွေဆရာဝန်က ကျွန်တော့်ကို အကောင်းမြင်လွန်းသူလို့ သတ်မှတ်ပြီး ဆေးစားဖို့ မကြာခဏတိုက်တွန်းလေ့ရှိတာမို့ သတိထား ပြောရပါတယ်။

အခုဒီဆောင်းပါးကို ခေါင်းစဉ်တတ်ဖို့စဉ်းစားတဲ့အခါ အထက်မှ ပေးထားတဲ့ ခေါင်းစဉ်က အရင်ပေါ်လာပါတယ်။

နောက်ပေါ်လာတဲ့ ခေါင်းစဉ်က ... "ဒေါ်အောင်ဆန်းစုကြည် ICJ စွတ်စွဲချက်များ ခုခံခြေပရန် ဟိတ်မြို့သို့ ဦးဆောင်ထွက်ခွာ ..."

နောက်ပေါ်လာတဲ့ခေါင်းစဉ်က "မြန်မာ့ဂုဏ်သိက္ခာကို ကာကွယ်ရန် ICJ မှာ တရားရင်ဆိုင်မယ်"

နောက် ... နောက် ... နောက် ... စာဖတ်သူတွေကိုယ်တိုင်ကပဲ ဆောင်းပါးခေါင်းစဉ်အမျိုးမျိုးကို ကိုယ်တိုင်ပေးပြီး ဒီဆောင်းပါးကို လက်စသတ်ပေးကြပါခင်ဗျာ။

ကျွန်တော် အသက် ၆၆ နှစ်ပြည့်တဲ့ နေ့မှာ ဒီဆောင်းပါးကို ရေးမိတာကြောင့် အဆဲလည်း လွတ်အောင် ၆၆ (ဃ) လည်း လွတ်အောင် ခေါင်စဉ်ကလေး တပ်ပေးကြပါခင်ဗျာ။

ကျွန်တော်အပါအဝင် အပြစ်ရှိသူ မရှိသူ အားလုံး ဘေးရန်ကင်းကြပါစေ။

သားကြီးမောင်ဇေယျ ( ၂၆- ၁၁-၂၀၁၉)