မောင်သာနိုး - စာတည်း၊ စာပြင်တို့ဖို့ မြန်မာစာ

(မိုးမခပြန်လည်ဆန်းသစ်) နိုဝင်ဘာ ၆၊ ၂၀၁၉
အင်္ဂလိပ်စကား ‘number’ ကို မြန်မာတို့က ဟိုရှေးကတည်းက ‘နံပါတ်’ ရယ်လို့ ရေးခဲ့ကြတယ်။ အဲဒီတွင် ‘ပတ်’ ဟူသမျှ အကုန် ပစောက်ရေးချ တသတ်နဲ့ ‘ပါတ်’ ကုန်ကြတော့တာပဲ။
အပါတ်စဉ်၊ ခုနစ်ရက် တစ်ပါတ်၊ နှစ်ပါတ်၊ ခါးပါတ်၊ ပါတ်သတ် စသဖြင့် အမှန်က မြန်မာစကား စစ်စစ်မှာ ရေးချပါစရာ မလိုပါဘူး။
အပတ်စဉ်၊ ခုနစ်ရက် တစ်ပတ်၊ နှစ်ပတ်၊ ခါးပတ်၊ ပတ်သက် စသဖြင့် ရေးရတယ်။
ပါဠိစကား မူရင်းမှာ ရေးချ ပါရင်ဖြင့် ပစောက်ရေးချ တသတ်နဲ့ ရေးရပါရဲ့။
ဥပမာ – ‘ပါဏာတိပါတာ’ က လာတဲ့ ‘ပါနာတိပါတ်’၊ ‘နိပါတ’ က လာတဲ့ ‘နိပါတ်’။ ‘အပါယ်ငရဲ’ ကို ရေးရာမှာ ပစောက်ရေးချ ယသတ် ရပါတယ်။ ပါဠိ ‘အပါယ’ က လာတာကိုး။
ဒါပေမဲ့ ဒါကို ကြည့်ပြီး တွေ့ကရာ ‘ပါယ်’ နေလို့ မဖြစ်ဘူး။
စပါယ်ပန်း၊ အပါယ်ခံ၊ အပါယ်ရတနာ၊ စပါယ်ရှယ်၊ စပယ်ယာ စသည်ဖြင့်သာ ရေးရမှာ ဖြစ်တယ်။ ‘သပ္ပါယ်’ ကိုတော့ ရေးချနဲ့ ရေးရပါတယ်။ မူရင်းက ပါဠိက ‘သပ္ပါယ’ ကိုး။
နောက်တစ်ခုကတော့ ပုဒ်ထီး၊ ပုဒ်မ အသုံးအနှုန်း။
မြန်မာစာမှာ ဝါကျတစ်ကြောင်း ဆုံးရင် ပုဒ်မ (။) သုံးရပါတယ်။
ဝါကျအတွင်းမှာ ပိုင်းခြားလိုရင် ပုဒ်ထီးခေါ် တစ်ချောင်းပုဒ် (၊) ကို သုံးတယ်။
ဒါပေမဲ့ တစ်ချောင်းပုဒ်ကို အောက်ပါအတိုင်း ပိုင်းခြားရင်တော့ မှားရော။
ဥပမာ -
‘မိုးရွာမယ်၊ မထင်မိပါလို့’ ဆိုတာမျိုး။
‘သူ့မှာ မယားကြီးရှိတယ်၊ ပြောတာပဲ’ ဆိုတာမျိုး။
ဒါ ကျွန်တော် အကြုံရဆုံး၊ ကိုယ့်စာကိုယ် ပြန်ဖတ်ပြီး၊ စိတ်အပျက်ရဆုံး အမှားမျိုး ဖြစ်တယ်။
‘မိုးရွာမယ်’ ဆိုတဲ့ နေရာမှာ ဝါကျက မဆုံးသေး၊ ပိုင်းခြားစရာလည်း မလိုသေး။ တစ်ချောင်းပုဒ်ကို သုံးစရာ အကြောင်းမရှိဘူး။
အလားတူပဲ ‘မယားကြီးရှိတယ်’ မှာ ဝါကျဟာ မဆုံးသေးဘူး။ ဒါတွေကို တောက်လျှောက် တစ်ဆက်တည်း ရေးရမှာ ဖြစ်တယ်။
‘မိုးရွာမယ် မထင်မိပါလို့’
‘သူ့မှာ မယားကြီးရှိတယ် ပြောတာပဲ’
အောက်ပါ နမူနာတို့မှာတော့ တစ်ချောင်းပုဒ် သုံးတာ မှန်တယ်။
မိုးရွာမယ်၊ လေတိုက်မယ်၊ ရေကြီးမယ် ဆိုလျှင် ခရီးသွားရတာ မကောင်းဘူး။ (အချက်တွေကို ပိုင်းခြားနေတာ)
သူ့မှာ မယားကြီးရှိတယ်။ ပေါင်းတော့ မပေါင်းဘူး။ ကလေးနှစ်ယောက်လည်း ရှိတယ် ပြောကြတာပဲ။
အလားတူ အမှားတခုကတော့ -
‘မိုးကလည်း ရွာနိုင်ရန်ကောတော်’
မပု ရေရွတ်လိုက်တယ်။
သဒ္ဒါအရ ကြည့်ရင် ဒါ ဝါကျ တစ်ခုတည်း ဖြစ်တယ်။
ခွဲခြမ်းကြည့်ရရင် ကတ္တား – မပု၊ ကြိယာ – ရေရွတ်လိုက်တယ်၊ ကံ – မိုးကလည်း ရွာနိုင်ရန်ကောတော် တို့ ဖြစ်တယ်။ ဒီတော့ တစ်ဆက်တည်း တစ်ကြောင်းတည်း ရေးရမှာ ဖြစ်တယ်။
‘မိုးကလည်း ရွာနိုင်ရန်ကောတော်’ မပု ရေရွတ်လိုက်တယ်။
မြန်မာအဘိဓာန်ကို လေ့လာကြည့်ရင် မျက်တောင်ကော်မာထဲမှာ ပုဒ်မ သုံးထားတာများ တွေ့ရမယ်။ ဝါကျဆုံးရင် ပုဒ်မ ပိတ်ရမှာပေါ့။ မျက်တောင်က ဝါကျဆုံးတာကို မပြဘူး။
မှား – ‘ဘယ်သွားမလို့လဲ’
‘လက်ဖက်ရည်ဆိုင်ကိုလေ’
မှန် – ‘ဘယ်သွားမလို့လဲ။’
‘လက်ဖက်ရည်ဆိုင်ကိုလေ။’
အတတ်ဆန်းပြီး ဝါကျထဲမှာ ရိုးရိုးကော်မာတွေ (,)၊ မေးခွန်းအမှတ်တွေ (?) ထည့်သုံးတာလည်း မျက်စိနောက်စရာ ကောင်းပါတယ်။
မြန်မာစာမှာ ပုဒ်မ၊ ပုဒ်ထီး (တစ်ချောင်းပုဒ်) အပြင် ရံဖန် တုံးတို (-)၊ ကွင်းစကွင်းပိတ်၊ မျက်တောင်ကော်မာတို့လောက် သုံးရင် လုံလောက်ပါပြီ။
အောက်ပါ နမူနာဟာ မလိုလားအပ်တဲ့ ဘိုဆန်လွန်းခြင်းကို ပြနေတယ်။
ရိုးရိုးကော်မာ ခြားပြီး ရေးပုံ -
မန္တလေး, အမရပူရ, စစ်ကိုင်း, ပုဂံ တို့အပြင် ဘယ်များ သွားလည်စရာ ရှိပါသေးသလဲ?
ပုဒ်ထီး၊ ပုဒ်မ တို့ကို သုံးပြီး ရေးပုံ -
မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ ပုဂံ တို့အပြင် ဘယ်များ သွားလည်စရာ ရှိပါသေးသလဲ။
ဒီလိုရေးလိုက်ရင်လဲ မြန်မာဆန်ဆန် ကိစ္စပြီးနေတာပဲ ဥစ္စာ။ မြန်မာစာမှာ မေးခွန်းကို ညွှန်ပြစရာ ‘လဲ’၊ ‘လား’၊ ‘လော့’၊ ‘နည်း’ တို့ ရှိနေပြီ ဖြစ်တယ်။ ဒါကြောင့် မေးခွန်းအမှတ်မလိုတာ ဖြစ်တယ်။ တစ်ခါတလေ ‘လဲ’ ‘လား’ မပါဘဲ မေးတာတွေ ရှိပါတယ်။ ဒါလဲ စကားစပ်အရ သိသာပါလိမ့်မယ်။
‘ဦးပု၊ ဆုံးပြီ။ ဖြစ်မှ ဖြစ်ရပလေဟယ်။’
‘ဦးပု? ဆုံးပြီ? လို့ အမှတ်အသား ထည့်ရေးတာ မဟုတ်ပေမဲ့ ဒါတွေကို အံ့ဩဟန်၊ မယုံဟန်နဲ့ မေးမှန်း သိနိုင်တယ်။
မြန်မာစာမှာ အမှတ်အသား အဓိက နှစ်ခုပဲ ရှိပါတယ်။ ပုဒ်မ နဲ့ ပုဒ်ထီး။ ဒီနှစ်ခုကို မှန်မှန်ကန်ကန် သုံးတတ်စေချင်ပါတယ်။
ဝါကျမဆုံးသေးဘဲ ပုဒ်ထီး ထည့်တာမျိုးကို အထူးရှောင်စေချင်တယ်။
ဝါကျ မဆုံးသေးဘူး သိရမယ်။
ဒါကို ‘ဝါကျမဆုံးသေးဘူး၊ သိရမယ်’ မလုပ်ပါနဲ့။
(၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလထုတ်၊ အတွေးအမြင် စာစောင်ပါ ဆရာ မောင်သာနိုး၏ ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်သည်။)