Breaking News

ညီပုလေး၊ မောင်စိန်ဝင်း၊ ချစ်ဦးညိုတို့နဲ့ အကြိမ်(၂၀)မြောက် ဆန်ဖရန်စစ္စကိုဗေးဧရိယာရဲ့ စာပေဟောပြောပွဲ

ညီပုလေး၊ မောင်စိန်ဝင်း၊ ချစ်ဦးညိုတို့နဲ့ အကြိမ်(၂၀)မြောက် ဆန်ဖရန်စစ္စကိုဗေးဧရိယာရဲ့ စာပေဟောပြောပွဲ
မောင်လူပေ၊ (မိုးမခ)၊ နိုဝင်ဘာ ၇၊ ၂၀၁၉

စာပေချစ်သူတွေ နေတဲ့မြို့၊ ၂၀၀၀ပြည့်နှစ်ထဲက စာပေဟောပြောပွဲတွေကို နှစ်စဉ်ကျင်းပခဲ့တဲ့မြို့၊ ရေမြေခြားပေမဲ့ အမိမြေကိုလွမ်းသူများတဲ့မြို့၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရဲ့ ဆန်ဖရန်စစ္စကိုမြို့။ ဒီနေ့ ၂၀၁၉ နိုဝင်ဘာ(၂)ရက်နေ့မှာလည်း အကြိမ်(၂၀)မြောက် စာပေဟောပြောပွဲကျင်းပပါတယ်။

မြန်မာပြည်က ရောက်လာကြတဲ့ စာရေးဆရာသုံးဦး။ ချစ်ဦးညို၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ညီပုလေးတို့ဟောကြတယ်။ လာရောက်နားထောင်အားပေးကြသူ(၁၅၀)ကျော်(၂၀၀)နီးပါး ရှိပါတယ်။

မြန်မာနိုင်ငံတော်သီချင်းဖွင့်ပြီး အခမ်းအနားစတယ်။ ကလေးငယ်လေးငါးယောက်က မြန်မာကဗျာတွေဆိုကြတယ်။ ပြီးမှ ဟောပြောပွဲစတယ်။

ပထမဆုံးဟောပြာသူက ဆရာညီပုလေး။ မန်းလေးရဲ့ရတနာတစ်ပါးဖြစ်တဲ့ လူထုတိုက်ရဲ့ ရင်သွေးငယ်။ ဝတ္ထုတိုတွေရေးခဲ့သူ၊ ရေးနေဆဲ။ ဟောပြောတဲ့ခေါင်းစဉ်က "လူထုထဲက ဝတ္တုတိုများ" တဲ့။ ရသစာပေသမား၊ နိုင်ငံရေးသမား ဆရာညီပုလေးက သူ့အတွေ့အကြုံတွေထဲ လူထုထဲက ဝတ္ထုတွေအနေနဲ့ ပြောပြသွားတယ်။ ကဗျာတွေ ရွတ်သွားတယ်။ လက်ခုတ်သံတွေ တဖြောင်းဖြောင်းနဲ့ နားထောင်လို့ကောင်းလိုက်တာ။ ဆရာ့ကို စင်ပေါ်ကမဆင်းစေချင်တော့ဘူး။

ဒုတိယဟောပြောသူက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ပါ။ ဆရာဟောပြောတဲ့ခေါင်းစဉ်က "စာပေစကား၊ စာပေမြား" တဲ့။ ဆရာကတော့ စာပေစကားတွေအများကြီးပြောတယ်။ ရသနဲ့သုတစာပေကွာခြားချက် ၊ ဦးနှောက်ရဲ့ မှတ်သားချက်တွေပြောတယ်။ ဝတ္ထုတွေကို ဦးနှောက်နဲ့ဖတ်ပြီး နှလုံးသားနဲ့ခံစားဖို့၊ ရသစာပေရေးဖို့ ခေတ်နဲ့ပတ်ဝန်းကျင်လိုကြောင်း၊ ခေတ်ကိုထင်ဟတ်ပြီး ဖန်တီးထားတဲ့ အကြောင်းအရာတွေကသာ ရသစာပေတွေဖြစ်လာကြောင်းတွေ ဟောပြောခဲ့။ ဝတ္ထုတိုလေးသုံးပုဒ်အကြောင်း၊ အကြောက်တရားကြောင့်ဖြစ်တဲ့အမုန်းတရား၊ အမုန်းတရားကြောင့်ဖြစ်တဲ့ စစ်ပွဲတွေ အကြောင်းအရာမျိုးစုံ။ ကောင်းလိုက်တဲ့ ဟောပြောမှုတွေပါ။ လက်ခုတ်သံတွေ အများအပြား။

နောက်ဆုံးဟောပြောသူက ဆရာချစ်ဦးညို။ ဆရာဟောပြောတဲ့ခေါင်းစဉ်က "လက်ဆောင်" ပါတဲ့။ စာရေးကောင်းတဲ့ဆရာက ဘဝအတွေ့အကြုံတွေကိုလက်ဆောင်ပေးခဲ့။ လင်္ကာဒီပချစ်သူရဲ့ ဖန်တည်းရှင်ရဲ့ ဟောပြောချက်တွေက မှတ်သားစရာအပြည့်။ အကြောက်တရားအောက်မှာနေရတဲ့ ပြည်သူတွေ ကိုယ်ပိုင်ဉာဏ်မသုံးရဲတဲ့အကြောင်းတွေ။ မှတ်သားစရာလက်ဆောင်တွေအများကြီးပေး။ ဟာသနှောတော့ တဝါးဝါး တဟားဟားရယ်မောကြရတယ်။

စာပေချစ်တဲ့ဆန်ဖရန်စစ္စကိုက ပရိတ်သတ်ကို သုတ ရသအစုံဟောပြောပေးသွားတဲ့ ဆရာတွေနဲ့ စာပေချစ်သူတွေ တသားတဲ့ဖြစ်ခဲ့တဲ့ ညတစ်ညအဖြစ် မှတ်တမ်းတင်ပါရစေ။

စာပေချစ်သူ မိတ်ဆွေသူငယ်ချင်းတွေ ကျန်းမာချမ်းသာကြပါစေ။

ချစ်တဲ့
မောင်လူပေ