Breaking News

မြင့်ကျော် - စာဖတ်များသူများနဲ့ လက်တွေ့ရလဒ်ကို ဦးစားပေးသူများ



မြင့်ကျော် - စာဖတ်များသူများနဲ့ လက်တွေ့ရလဒ်ကို ဦးစားပေးသူများ
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၉

အင်ဒိုနီးရှား press council က ကောင်စီဝင်များနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ဘန်ကောက်မှာ ဆုံစဉ်က သူတို့နိုင်ငံရဲ့ လူကြိုက်များတဲ့ သမ္မတ ဂျိုကိုဝီ အကြောင်းပြောပြလို့ အတော် အံ့အားသင့်ခဲ့ရပါတယ်။ လူကြိုက်များမှုနဲ့ ရွေးကောက်တင်မြှောက်ခံရသူ ဂျိုကိုဝီဟာ သမ္မတတာဝန်ယူပြီးနောက်ပိုင်းမှာ ယခင်၎င်းတို့မျှော်လင့်ထားသလို ဒီမိုကရေစီအခွင့်အရေးတွေပိုရလာအောင် ကြံဆောင်ပေးမယ့်သူမဟုတ်တော့ပဲ အရပ်ဖက် အဖွဲ့အစည်းတွေ သတင်းမီဒီယာတွေကို တစုံတရာ ထိန်းချုပ်ဖို့ လုပ်ဆောင်လာကြောင်း၊ ပြီးခဲ့တဲ့ စက်တင်ဘာလကတင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ကန့်သတ်မယ့် ဥပဒေကြမ်းတခုကို အတည်ပြုခဲ့ကြောင်းလည်း ပြောပြပါတယ်။
သူရဲ့ အသုံးအနှုန်းက “မနေ့ကတော့ လူကောင်း ဒီနေ့ကျတော့ လူကောင်းမဟုတ်တော့ တကယ့်နိုင်ငံရေးသမား သရုပ်ကို ပေါ်လွင်လာတယ်” လို့ဆိုပါတယ်။
နှစ် ၂၀ အနည်းငယ်စွန်းလာပြီဖြစ်တဲ့ အင်ဒိုနီးရှား ဒီမိုကရေစီကူးပြောင်းမှု လမ်းကြောင်းအစပိုင်းမှာ နိုင်ငံရေး သမားအားလုံး နီးပါးက ပြုပြင်ပြောင်းလဲရေးကို လိုလားသူ၊ သူ့နဲ့ငါ ဒီမိုကရေစီသို့ ပြောင်းလဲလိုသူတွေ ဖြစ်နေခဲ့ကြတယ်ဆိုပါတယ်။ အရပ်သားတွေတင်မက တပ်မတော်ကနေ နိုင်င့ရေးနယ်ပယ် ဝင်ရောက်လာသူတွေကလည်း သူ့နဲ့ငါ ဒီမိုကရေစီ ဘက်တော်သားဖြစ်ချင်ကြတဲ့ ခေတ်လို့ ဆိုပါတယ်။
အခုကာလမှာတော့ ရေစီးက ပြောင်းပြန်လိုဖြစ်နေပြီး ယခင်က ပြဌါန်းခဲ့တဲ့ ဥပဒေ တွေကို ပိုလွတ်လပ်ခွင့်ရအောင် လွှတ်တော်တင်ပြပြီး မပြုပြင်ရဲဘဲ သတိထားနေရ ကြောင်းပြောပါတယ်။
ခုနေ ဥပဒေကို ပိုလွတ်လပ်တဲ့ ဥပဒေဖြစ်အောင် လွှတ်တော်ကိုတင်မယ်ဆို အလွန်စွန့်စားရမယ့် အခြေအနေလို့ ဆိုပါတယ်။
သူတို့ရဲ့ အခြေအနေကို ကြားရတဲ့အခါ ကိုယ့်နိုင်ငံအခြေအနေနဲ့ “ဆင်းမလား” လိုဖြစ်နေတာ သတိထားမိပါတယ်။
မနှစ်က သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ မဏ္ဍိုင် ၄ ရပ်ဆွေးနွေးပွဲ တခုမှာ ကျနော်တို့က သတင်းရယူခွင့် ပိုရဖို့ စံနှုန်းတွေ ဖြစ်စေချင်တဲ့ အနေအထားတွေကို ဆွေးနွေးပြီးနောက် တပ်မတော်ဘက်က ဆွေးနွေးသူက ဘယ်လို တုံ့ပြန်သလဲဆိုတော့ “ခင်ဗျားတို့ စာအုပ်တွေဖတ်တာများနေတယ်” လို့ ဆိုပါတယ်။ သူ့စကားကို ကြားတော့ ကျနော်စိတ်ထဲ ဘယ်လိုနားလည်သလိုက်သလဲဆိုရင် ကျနော်တို့ စာအုပ်တွေဖတ်ပြီး စိတ်ကူးယဉ်နေတယ်ဆိုတာမျိုး ပြောတာလို့ နားလည်လိုက်မိပါတယ်။
အထက်က အင်ဒိုနီးရှားနိုင်ငံအခြေအနေကလည်း နိုင်ငံရေးသမားတွေက အရပ်ဘက် အဖွဲ့အစည်းတွေ သတင်းမီဒီယာအဖွဲ့အစည်းတွေလို စာအုပ်များများမဖတ်ပဲ လက်တွေ့ကို ပိုဦးစားပေးကြပုံရတယ်လို့ နားလည်မိပါတယ်။
ကျနော့်အနေနဲ့ကတော့ စံနှုန်းတွေ တန်ဖိုးတွေကို မကိုင်စွဲ မယုံကြည်ပဲ လက်တွေ့ ရလဒ်ကို ဦးစားပေးတဲ့ နိုင်ငံရေးမျိုး မဖြစ်အောင် ဆန္ဒပြုချင်တာပါ။